ဧရာဝတီ တိုင်းဒေသကြီး အတွင်း လက်ကျန်စပါး နည်းပါးခြင်းနှင့် ပြည်ပတင်ပို့မှု များပြားနေသည့်အတွက် မိုးစပါးများ စတင်ရိတ်သိမ်းသည့် လက်ရှိကာလတွင် ဈေးနှုန်း အမြင့်ပိုင်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သတင်းရရှိသည်။
ယမန်နှစ် မိုးစပါးပေါ်ချိန်က ဧည့်မထအုပ်စု အကြမ်းစပါး တင်း ၁၀၀ လျှင် ၅ သိန်းဈေး ဝန်းကျင်ရှိခဲ့သော်လည်း ယခုနှစ်တွင် ၆ သိန်း ၂ သောင်း အထိ မြင့်တက်ခဲ့ကြောင်း၊ ယမန်နှစ်က ပေါ်ဆန်းရင် အချော စပါး တင်း ၁၀၀ လျှင် ၈ သိန်း ဝန်းကျင်မှ ယခုနှစ်တွင် ၉ သိန်း ၂ သောင်း ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သတင်းရရှိသည်။
“ဒီနှစ်ရာသီဥတုကြောင့် စပါးထွက်တာ နောက်ကျတယ်။ ဒီနှစ် မိုးရွာတာများတော့ စက်ပိုင်တွေက သိုလှောင်ထားတဲ့ စပါးတွေကို စောစောထုတ်ရောင်းကြတယ်။ အဲဒီတော့ လက်ကျန် စပါးဟောင်း ပြတ်သွားလို့ အသစ်ပေါ်တဲ့စပါးက အဟောင်းဈေးနှုန်း ဖြစ်သွားတာပါ” ဟု ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း – ARCCI ဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်က ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံမှ ဆန်ဈေးနှုန်းမှာ ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့နိုင်ငံဖြစ်သည့် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများထက် ဈေးသက်သာ နေသည့်အတွက် တရုတ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာစသည့်နိုင်ငံများက ဝယ်ယူမှု များပြားနေခြင်းကြောင့်လည်း မိုးစပါး ဈေးနှုန်း မြင့်တက်ရခြင်း ဖြစ်ကြောင်း ARCCI အဖွဲ့က ပြောသည်။
“ဒီနှစ်နွေစပါးပေါ်တုန်းက ၄ သိန်း ဝန်းကျင်အထိ ဈေးထိုးကျသွားတော့ လယ်သမားအများစု အရှုံးပေါ်ကြတယ်။ အခု မိုးစပါးဈေးကောင်းတဲ့အချါကျတော့ နွေစပါးတုန်းက ရှုံးထားတာလေး ပြန်ကာမိတာပေါ့။ အမှန်တော့ လက်ရှိပေါက်ဈေး အကြမ်းစပါး ၆ သိန်း အချောစပါး ၉ သိန်းမှသာ လယ်သမားတွေ တွက်ချေကိုက် ကြတာပါ။ ဒီဈေးနှုန်းအတိုင်း နှစ်စဉ် ပေါ်ပေါက်အောင် အစိုးရအနေနဲ့ ကြိုပမ်းပေးစေလိုပါတယ်”ဟု ကန်ကြီးထောင့်မြို့နယ်မှ လယ်သမား ဦးစိုးဝင်းက ပြောသည်။
လက်ရှိ စပါးဈေးကွက် အခြေအနေအရ ပေါ်ဆန်းရင် အချောစပါးမှာ စပါးလှိုင်လှိုင်ပေါ်ချိန်တွင် ဈေးပြန်ကျနိုင်ချေရှိပြီး ဧည့်မထအုပ်စု အကြမ်းစပါးမှာ ဈေးုပြန်ကျနိုင်ဖွယ် မရှိကြောင်း ဆန်ကုန်သည်များနှင့် ဆန်စက်လုပ်ငန်းရှင်များက ခန့်မှန်းပြောဆိုသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၇ – ၂၀၁၈ ခုနှစ် မိုးစပါးရာသီတွင် ဧက ၃၇ သိန်းကျော် (၃၇၁၂၃၆၇)
စိုက်ပျိုးရန်လျာထားခဲ့ရာ လက်ရှိအချိန်တွင် ဧက ၃၆ သိန်းကျော် (၃၆၇၄၂၂၃) ဧက စိုက်ပိျိုးပြီးဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။