နိုင်ငံတဝှမ်းလုံး၌ နှစ်စဉ် ယာဉ်မတော်ဆမှု သောင်းဂဏန်းအထိ ရှိနေသော်လည်း သူတပါး ထိခိုက်မှု အာမခံကြေး လာရောက် ထုတ်ယူသူအရေအတွက်မှာ နှစ်စဉ် ၆၀၀ ဝန်းကျင်ခန့်သာ ရှိသည်ဟု မန္တလေးတိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။
“သူတပါးထိခိုက်မှု အာမခံကို ယာဉ်လိုင်စင်ပြုလုပ်သူတိုင်း ပေးသွင်းရတာဖြစ်ပါတယ်၊ အဲဒီ အကျိုးသက်ရောက်မှု ကိုတော့ လူတိုင်းမသိကြပါဘူး၊ စက်တပ်ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့ရင် ကျပ် ၁၀ သိန်း အလျော်ရမှာ ဖြစ်ပါတယ်၊ ထိခိုက်ဒဏ်ရာရမှုအတွက် ၈ သိန်းအောက် အလျော် ရမှာဖြစ်ပါတယ်၊ သတ်မှတ် စည်းကမ်းချက်တွေနဲ့ အညီ မိမိယာဉ်အတွက် Premium ကြေး ပေးသွင်းထားတဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် တနှစ်အတွင်း လာရောက်လျှောက်ထား ထုတ်ယူနိုင်ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောသည်။
သူတပါးထိခိုက်မှု အာမခံအတွက် ပေးဆောင်ရသည့် နှုန်းထားများမှာ ဆိုင်ကယ်တစီးလျှင် တနှစ်စာ ၂၀၀၀ ကျပ်၊ မော်တော်ယာဉ်တစီးလျှင် ၅၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိ ပေးသွင်းရပြီး အဆိုပါ အာမခံကြေးပေးသွင်းမှသာ သက်ဆိုင်ရာ လိုင်စင်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
“ယာဉ်မတော်တဆမှုတွေ သောင်းနဲ့ချီတဲ့အထဲက ၆၀၀ လောက်ပဲ ထုတ်သူ ရှိတယ်ဆိုတာကတော့ တော်တော်များ များက တောင်းရ ကောင်းမှန်းကို မသိကြတာလေ၊ သူတပါးထိခိုက်မှုအာမခံ ဘာကြောင့်ဆောင်ရတယ်ဆိုတာကို မသိကြပါဘူး၊ လိုင်စင်သက်တမ်းတိုးဖို့အတွက် ဒါပါမှ ရမှာဆိုလို့သာ ဆောင်လိုက်ကြတာမျိုးက များနေတယ်၊ သက်ဆိုင်ရာကနေ အာမခံလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေသိအောင် လုပ်ဆောင်ပေးဖို့ လိုသေးတယ်လို့ မြင်ပါတယ်” ဟု အာမခံ ဆောင်းပါးများရေးသားနေသူ ကိုမျိုး(အာမခံ)က ပြောသည်။
သူတပါးထိခိုက်မှု အာမခံနှင့် အလုံးစုံမော်တော်ယာဉ်အာမခံအတွက် စက်တပ်ယာဉ်ထိခိုက်မှုကြောင့် နစ်နာကြေး တောင်းခံ လာသည့် ကိစ္စရပ်များအနက် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် ထော်လာဂျီ စသည့် ယာဉ်များကို ကိုယ်တိုင်မောင်းနှင်စဉ် ထိခိုက်ဒဏ်ရာရခြင်းနှင့် သေဆုံးခြင်းတို့အတွက် နစ်နာကြေးတောင်းခံမှုတွင် ယာဉ်မောင်း လိုင်စင်မရှိသူ၊ ယာဉ်မောင်းလိုင်စင် သက်တမ်းကုန်ဆုံးနေသူ၊ မောင်နှင်ခွင့်မရှိသော သတ်မှတ်ယာဉ်မောင်းလိုင်စင်ဖြင့် မောင်နှင်သူဖြစ်ပါက ပေးချေရန် အကျုံးမဝင်ဟု သတ်မှတ်ထားကြောင်း သိရသည်။
“လက်ရှိဖြစ်နေတာက ယာဉ်မတော်တဆမှုဖြစ်လာရင် ကျေအေးလိုက်ကြတာ များတယ်၊ အမှန်တကယ် ကျေအေး လိုက်တယ်ဆိုရင်တောင် အာမခံရဲ့သဘောက ဖြစ်စဉ်က မှန်တယ်၊ ထောက်ခံစာတွေလည်း ပါမယ်၊ အချက်အလက်တွေလည်း ပါမယ်ဆိုရင် တောင်းလို့ရပါတယ်၊ တော်တော်များများ သိကြတာက ကျေအေးလိုက်ရင် အာမခံ တောင်းလို့မရတော့ဘူးလို့ သိထားကြတာ၊ အခုနောက်ပိုင်းမှာ ပုဂ္ဂလိက အာမခံလုပ်ငန်းတွေက ပြည်သူတွေကြားထဲမှာ အာမခံဆိုတာ ဘာလဲလို့ သိအောင် ကြိုးစားခဲ့ကြတဲ့အတွက် တော်တော်များများ သိလာကြပါပြီ” ဟု အာမခံဆောင်းပါများရေးသားနေသူ ကိုမျိုး(အာမခံ)က ရှင်းပြသည်။
မြန်မာနိုင်ငံတွင် အသက်အာမခံနှင့် ကျန်းမာရေး အာမခံထားရှိမှုမှာ နည်းပါးနေပြီး မီးအာမခံ၊ မော်တော်ယာဉ်အာမခံ ရေကြောင်း အာမခံထားရှိမှု၊ ပစ္စည်းပိုင်ဆိုင်မှု အာမခံထားရှိမှုှများကိုသာ အများဆုံး ပြုလုပ်နေပြီး အာမခံထားရှိမှု အရေအတွက်မှာ နိုင်ငံ့လူဦးရေနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ၇ ရာခိုင်နှုန်းသာရှိသေးသည်ဟု သိရသည်။
ယခုအခါ မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် အာမခံအမျိုးအစားပေါင်း ၄၈ ခု လုပ်ကိုင်လျက်ရှိပြီး နိုင်ငံအတွင်း မြန်မာ့အာမခံရုံးချုပ်အပါအဝင် အစိုးရအာမခံရုံး ၄၁ ခု ဖွင့်လှစ်ပေးထားပြီး ပုဂ္ဂလိကအာမခံလုပ်ငန်း ၁၁ ခုလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။