NLD အစိုးရလက်ထက် စွမ်းအင်ကဏ္ဍ မူဝါဒ အပြောင်းအလဲရှိခြင်းနှင့် လူထု၏ ကန့်ကွက်မှုများ ခြင်းတို့ကြောင့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး စီမံကိန်းများအားလုံးကို ယာယီဆိုင်းငံ့ထားကြောင်း ပြည်ထောင်စုလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဟိန်းထက်က ဧရာဝတီကိုပြောသည်။
“အစိုးရအကူးအပြောင်းမှာ စွမ်းအင်ပေါ်လစီ အပြောင်းအလဲလုပ်တာရယ်၊ အားလုံးက ကျောက်မီးသွေး စက်ရုံတွေသည် သဘာဝပတ်ဝန်းကျင်အတွက် မကောင်းဘူးဆိုပြီး ကန့်ကွက် ဆန္ဒပြကြတာများလို့ စီမံကိန်းအားလုံးကို အကုန်ရပ်ထားတယ်” ဟု ဂျာမနီနိုင်ငံတွင် နိုဝင်ဘာ ၆ ရက်မှ ၁၇ ရက်အထိ ကျင်းပနေသည့် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုညီလာခံသို့ မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်နေသည့် အဖွဲ့ဝင်တဦးဖြစ်သော ၎င်းက ပြောသည်။
၂၀၁၅ ခုနှစ်က ရေးဆွဲပြီးစီးသည့် ပြည်ထောင်စုအဆင့် လျှပ်စစ် စွမ်းအင်စီမံချက်မူကြမ်း (National Electricity Master Plan)ပါ လျှပ်စစ်ကဏ္ဍတွင် အခြားအရင်းအမြစ်များထက် ပြန်လည်ပြည့်မြဲ စွမ်းအင်ဖြစ်သော ရေအားလျှပ်စစ်ကို အဓိက ဦးစားပေးရန်ဆိုသည့်အချက်ကို လက်ရှိအစိုးရ လက်ထက်တွင် ပြင်ဆင်ထည့်သွင်းခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
လက်ရှိ နိုင်ငံအတွင်း လည်ပတ်ဆဲ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ “တီကျစ်” စက်ရုံတရုံသာရှိပြီး နားလည်မှုစာချွန်လွှာအဆင့် (MoU) ရေးထိုးထားသည့် စက်ရုံ ၉ ရုံနှင့် သဘောတူညီချက် စာချုပ် (MoA) ရေးထိုးထားသည့် စက်ရုံ ၂ ရုံ တို့အား ယခုနှစ်ပိုင်းအတွင်း ယာယီဆိုင်းငံ့ထားကြောင်း ပြည်ထောင်စုလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ စက်ရုံ ၁၁ ရုံသည် ကရင်ပြည်နယ်၊ ရှမ်း၊ မွန်၊ ရန်ကုန်၊ ဧရာဝတီ၊ မန္တလေးနှင့် တနသာင်္ရီ တိုင်းဒေသကြီး တို့တွင် တည်ဆောက်မည် ဖြစ်ပြီး ထိုင်း၊ အိန္ဒိယ၊ အီတလီနှင့် စင်ကာပူနိုင်ငံတို့နှင့် ဖက်စပ်လုပ်ကိုင်မည့် စီမံကိန်းများလည်း ပါဝင်ရာ အများစုမှာ ဂျပန်နည်းပညာဖြင့် တည်ဆောက်မည်ဟု အကြမ်းဖျင်း သိရသည်။
“နိုင်ငံစီးပွားရေးဖွံ့ဖြိုးလာဖို့ ကျောက်မီးသွေးစက်ရုံတွေ ခွင့်ပြုမယ်ဆိုရင် သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးသက်ရောက်စေမယ့် အရာတွေကိုလည်း ဆန်းစစ်လျော့ချနိုင်ဖို့အတွက် သက်ဆိုင်တဲ့ ဌာနအားလုံး ပူးပေါင်းဆောင်ရွက်ဖို့လိုပါမယ်” ဟု ယင်းညီလာခံသို့ တက်ရောက်နေသည့် မြန်မာနိုင်ငံကိုယ်စားပြုအဖွဲ့ ခေါင်းဆောင် ပြည်ထောင်စု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှုးချုပ် ဦးလှမောင်သိန်းက ပြောသည်။
ရှမ်းပြည်နယ် တီကျစ် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံမှ ထွက်လာသည့် မီးခိုးပြာမှုန်များကြောင့် ဒေသခံများ၏ ကျန်းမာရေး ထိခိုက်စေခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သဘာဝပတ်ဝန်းကျင်သုံးသပ်သူများက သုံးသပ်ခဲ့ကြသည်။
ကရင်ပြည်နယ်တွင် ကျောက်မီးသွေးစက်ရုံတည်ဆောက်ပါက မြေယာဆုံးရှုံးမှုနှင့် သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာများ ရှိနိုင်သည်ဟု ဆိုကာ သဘာဝပတ်ဝန်းကျင် အခြေပြုလှုပ်ရှားနေသည့် အရပ်ဖက် အဖွဲ့အစည်းများက ယခုနှစ်ပိုင်းအတွင်း ကန့်ကွက်ဆန္ဒပြမှုများ ရှိခဲ့သည်။
International Institute for Environment and Development မှ အကြီးတန်းအဖွဲ့ဝင် Dr. Saleemul Huq ကလည်း သဘာဝပတ်ဝန်းကျင်အတွက် အဓိက ဆိုးကျိုးသက်ရောက်စေသည့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှု များပြားခြင်းနှင့် အပူချိန်တိုးလာခြင်းအား လျော့ချနိုင်ရန် နိုင်ငံအသီးသီးက အလေးပေး ဆောင်ရွက်လျက် ရှိရာ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှုများသည့် ကျောက်မီးသွေးမှတဆင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းကို သဘာ၀ ပတ်ဝန်းကျင်ကို ဂရုပြုသည့် နိုင်ငံတိုင်း လက်မခံသင့်တော့ကြောင်း သုံးသပ်သည်။
မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော်ရှိသည့်အနက် ၃၄ ရာခိုင်နှုန်းသာ လျှပ်စစ်မီးရရှိနေဆဲဖြစ်ပြီး အဓိကစွမ်းအင်အရင်းအမြစ်မှာ ရေအားလျှပ်စစ်ဖြစ်သည်။ လာမည့် ၂၀၃၀ ခုနှစ်တွင် ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အား ရရှိနိုင်ရန် မျှော်မှန်းထားသည့်အတွက် နိုင်ငံအတွင်းမှ ရရှိနိုင်သည့် စွမ်းအင်အရင်းအမြစ် အားလုံးကို ထုတ်ယူသုံးစွဲနိုင်ရန် လျာထားကြောင်း ပြည်ထောင်စုလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။