ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စုတွင် တည်ဆောက်နေဆဲ စက်မှုဇုန် တည်ဆောက်ခွင့်ကို တရုတ်နိုင်ငံသားပိုင်ကုမ္ပဏီကို မြန်မာကုမ္ပဏီ ၂ ခုနှင့် ဖက်စပ် လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ သိရသည်။
ဖက်စပ်လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီမှာ ရှန်ဟိုင်းရန်တုံ ကုမ္ပဏီ ဖြစ်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် အရ NLD အစိုးရ လက်ထက်အတွင်း ပထမဆုံး လုပ်ကိုင်ခွင့် ပေးခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံငွေမှာ ဒေါ်လာ ၂၈ သန်း ဖြစ်ပြီး အကျိုးတူ ခံစားခွင့်မှာ ၅၅ ရာခိုင်နှုန်း ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြစန္ဒာက “စက်မှုဇုန်က စလုပ်နေပြီ။ အဲဒီကုမ္ပဏီက အရင်ထဲက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို တင်ထားတာ ၁ နှစ်ကျော်နေပြီ။ မြေနဲ့ ပတ်သက်ပြီး အထောက်အထား မပြနိုင် လို့သာ ဖြစ်တယ်။ အခုဒါတွေကို ပြင်လာပြီးမှသာ MIC က ပေးလိုက်တာဖြစ်တယ်။ သူရဲ့ ရင်းနှီးမြှုပ်နှံမှုက စက်မှုဇုန်ထဲမှာ ဝင်နေပြီ”ဟု ပြောသည်။
၎င်းကုမ္ပဏီနှင့် အကျိုးတူ အဖြစ် မအူပင် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ က ၃၀ ရာခိုင်နှုန်းနှင့် Southern metal industry ကုမ္ပဏီက ၁၅ ရာခိုင်နှုန်းဖြစ်ပြီး စက်မှုဇုန်တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ကိုင်သွားမည် ဖြစ်သည်။
မအူပင်မြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စုတွင် တည်ဆောက်နေသည့် စက်မှုဇုန်မှာ လယ်ယာထွက်ကုန်၊ ရေလုပ်ငန်းများနှင့် ပတ်သက်ပြီး အဓိကလုပ်ဆောင်မည့် ဇုန်တခုဖြစ်ပြီး အကျယ်အဝန်းမှာ မြေ ၂၄၉ ဒသမ ၄၈ ဧက ရှိသည် ဟု သိရသည်။
စက်မှုဇုန်တခု ပေါ်ပေါက်လာပါက ဒေသတွင်းရှိ လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာနိုငပြီး အစိုးရပိုင်းက ထောက်ပံ့ပေးမည့် ဇုန်အင်္ဂါရပ်နှင့် ညီညွတ်သည့် လျှပ်စစ်မီး၊ ငွေကြေးအထောက်အပံ့များလည်း လိုအပ်မည်ဖြစ်ကြောင်း ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။
ပြီးခဲ့သည့် အစိုးရလက်ထက်တွင် မင်္ဂလာဒုံစက်မှုဇုန်ကို အမေရိကန်ဒေါ်လာ ၁၂ သန်း၊ သီလဝါအထူးစီးပွားရေးဇုန်နားရှိ သန်လျင်ကျောက်တန်း စက်မှုဇုန်ကို အမေရိကန်ဒေါ်လာ ၁၆၂ သန်း၊ ပဲခူးတိုင်းဒေသကြီးရှိ စက်မှုဇုန်ကို အိုင်လန်ပက်ခ် ကုမ္ပဏီမှ အမေရိကန်ဒေါ်လာ ၈ သန်း ဖြင့် ခွင့်ပြုခဲ့ရာ ယနေ့အထိ MIC က နိုင်ငံခြားသား လုပ်ငန်းရှင်ကို စက်မှုဇုန် တည်ဆောက်ရေး လုပ်ငန်းများ ဖက်စပ် လုပ်ကိုင်ခွင့်ပေးထားမှု ၄ ခုရှိပြီ ဖြစ်သည်။
ထို့ပြင် ယခုနှစ်အတွင်း မြန်မာနိုင်ငံသားပိုင် Hantharwady Development Public Co., Ltd ကို ပဲခူးတိုင်းဒေသကြီး သာယာကုန်းကျေးရွာအုပ်စု အင်းတကော်တွင် စက်မှုဇုန် ရင်းနှီးမြှုပ်နှံမှုုကို ခွင့်ပြုခဲ့ပြီး လက်ရှိအချိန်အထိ မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များကို စက်မှုဇုန် လုပ်ကိုင်ခွင့်ပြုခဲ့သည်မှာ ၉ ခုရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှု ကော်မရှင်စာရင်းများ အရသိရသည်။