စီးပွားရေး

ရခိုင်အကျပ်အတည်း ရှိသော်လည်း မြန်မာ့စီးပွားရေးအပေါ် အကောင်းမြင်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ပိုင်းအရေး အကျပ်အတည်း ဖြစ်ပွားနေသော်လည်း မြန်မာ့စီးပွားရေးမှာ ပြန်လည်ဦးမော့နေပြီး လာမည့် မတ်လ လက်ရှိဘဏ္ဍာနှစ်တွင် ၆ ဒသမ ၇ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု မျှော်မှန်းထားကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က နိုဝင်ဘာ ၁၈ ရက်က ပြောကြားလိုက်သည်။

IMF မှ ရှန်နကာပီးရစ် ခေါင်းဆောင်သည့် စုံစမ်းလေ့လာရေး Article IV မစ်ရှင်အဖွဲ့က မြန်မာနိုင်ငံနှင့်ပတ်သက်၍ ၂၀၁၇ အကုန်ပိုင်းတွင် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ရာ စိုက်ပျိုးရေးကဏ္ဍ ပြန်လည်နာလန်ထူလာခြင်းနှင့် မက်ခရိုစီးပွားရေး မညီမျှမှုများ ပြန်လည်တည်ငြိမ်ခြင်းတို့က အဓိက ပံ့ပိုးပေးသဖြင့် စီးပွားရေး ပြန်လည်ဦးမော့လာမည်ဖြစ်ကြောင်း ဆိုသည်။

Article IV သည် IMF ၏ သဘောတူညီချက် အပိုဒ် ၄ အရ နိုင်ငံအသီးသီး၏ စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်များကို သုံးသပ်စိစစ်ရန် စေလွှတ်သည့် ကိုယ်စားလှယ်အဖွဲ့ဖြစ်သည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရသစ်အနေဖြင့် ပထမနှစ်တွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း အစိုးရ ဘဏ္ဍာငွေ ရသုံးစနစ်၊ နိုင်ငံခြားကုန်သွယ်မှုနှင့် ငွေကြေးဖောင်းပွမှုတို့တွင် အပေါင်းလက္ခဏာ ဆောင်သော မှတ်တမ်းများကို တွေ့ရသောကြောင့် စီးပွားရေးအခြေအနေမှာ တိုးတက်နှင့်ပြီးဖြစ်ကြောင်း ရှန်နကာက ကြေညာချက်တွင် ရေးသားထားသည်။ (ယင်းကြေညာချက် အသေးစိတ်ကို မကြာမီ ဖော်ပြပါမည်။)

သို့သော်လည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခနှင့် လူသားချင်းစာနာမှု အကျပ်အတည်းက ဘဏ္ဍာရေး ဖွံ့ဖြိုးမှုနှင့် ရင်းနှီးမြှုပ်နှံသူများ၏ သဘောထားအပေါ် သက်ရောက်မှုရှိကြောင်း ရှန်နကာက သတိပေးသည်။

ရခိုင်ကိစ္စနှင့်ဆက်စပ်ပြီး ရင်းနှီးမြှုပ်နှံမှု စိုးရိမ်ချက်များ၊ အထူးသဖြင့် ခရီးသွားလုပ်ငန်းများ ကျဆင်းစေမှုရှိသဖြင့် ဖွံ့ဖြိုးမှု အရှိန်အဟုန်လမ်းကြောင်းသည် ရေတိုတွင် ယခင်မျှော်မှန်းထားသည်ထက် အားပျော့ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အလယ်အလတ်သက်တမ်းအတွက် မျှော်မှန်းချက်မှာ အပေါင်းလက္ခဏာဆောင်သည့် ထင်ဟပ်မှုအနေဖြင့် ကြီးမားသည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးရင်းနှီးမြှုပ်နှံမှု (FDI) စီးဝင်ခြင်း၊ အများပြည်သူ ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများတွင်ရင်းနှီးမြှုပ်နှံမှု အသုံးစရိတ်နှင့် ထိရောက်မှု တိုးတက်လာခြင်းတို့ ဆက်လက် ဖြစ်ပေါ်နိုင်ကြောင်း အဆိုပါကြေညာချက်က ဖော်ပြသည်။

IMF အဖွဲ့သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၆ ရက်မှ ၁၆ ရက်ထိ ၁၀ ရက်ကြာ လာရောက်ခဲ့ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အစိုးရအဆင့်မြင့်အရာရှိများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ၊ ဘဏ္ဍာရေး အသိုင်းအဝိုင်းတို့နှင့် တွေ့ဆုံခဲ့ပြီး ၂၀၁၇ ခုနှစ်အတွက် IMF ၏ စုံစမ်းလေ့လာရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

တချိန်တည်းမှာပင် စီးပွားရေး အနာဂတ်အလားအလာကို ကြီးမားများပြားသော အခြေခံအဆောက်အအုံ လိုအပ်ချက်များက စိန်ခေါ်နေပြီး ထိုလိုအပ်ချက်ကို အစိုးရတဦးတည်းက ဖြည့်ဆည်းပေးနိုင်သည့် အရင်းအမြစ်များလည်း မရှိသေးကြောင်း The Economist Corporate Network နှင့် Baker McKenzie တို့မှထုတ်ပြန်လိုက်သော Building Myanmar: Bridging the Infrastructure Gap အစီရင်ခံစာသစ်အရ သိရှိရပါသည်။ (အစီရင်ခံစာကို အင်္ဂလိပ်ဘာသာဖြင့် ဤနေရာတွင် ဖတ်နိုင်သည်)

The Economist Corporate Network သည် ဩဇာကြီးသော The Economist စီးပွားရေးမဂ္ဂဇင်း၏ လက်ခွဲဖြစ်ပြီး Baker McKenzie သည်လည်း နာမည်ကျော် စီးပွားရေးဆိုင်ရာ ဥပဒေ အကျိုးဆောင်အဖွဲ့ ဖြစ်သည်။

၎င်းတို့၏ အစီရင်ခံစာသစ်တွင် မြန်မာ့စီးပွားရေးတိုးတက်မှုသည် လာမည့်နှစ်များစွာတွင် ပျမ်းမျှ ၇ ရာခိုင်နှုန်းအထက်တွင် ဆက်လက်ရပ်တည်နေမည်ဟု ခန့်မှန်းထားကြသော်လည်း ယင်းတိုးတက်မှုကို ထိန်းထားနိုင်ရန်မှာ အစိုးရထံ အလုံးအရင်းနှင့် ရင်းနှီးမြှုပ်နှံခြင်း၊ ဘဏ္ဍာငွေကြေးအဖွဲ့အစည်း (DFIs) များ တိုးတက်အောင် ဖော်ဆောင်ခြင်းနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပေါ် မှီတည်နေကြောင်း သို့မဟုတ်လျှင် အခြေခံအဆောက်အအုံ လိုအပ်ချက်သည် မြန်မာ့စီးပွားရေးကို ရပ်တန့်သွားစေနိုင်ကြောင်း ရေးထားသည်။

တိုင်းပြည်၏ အခြေခံအဆောက်အအုံ ဖြည့်စည်းရာတွင် တယ်လီဖုန်းဆက်သွယ်ရေးကဏ္ဍမှာ အောင်မြင်ခဲ့ကြောင်း၊ အခြား လိုအပ်ချက်များဖြစ်သည့် အထူးသဖြင့် စွမ်းအင်၊ ရေနှင့် သယ်ယူပို့ ဆောင်ရေးကဏ္ဍ များတွင် အစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ရှာဖွေနေကြောင်း ဆိုသည်။

အရှေ့တောင်အာရှ The Economist Corporate Network ၏ Director နှင့် ယင်းအစီရင်ခံစာကို တွဲဖက်ရေးသားသူ Andrew Staples က “ မြန်မာနိုင်ငံရဲ့ အနာဂတ် စီးပွားရေးအလားအလာက ဆက်လက်ပြီး အပြုသဘောဆောင်နေဖို့အတွက် တိုးတက်ကောင်းမွန်တဲ့ အခြေခံအဆောက်အအုံက အရေးအကြီးဆုံး လိုအပ်ချက်တခု ဖြစ်လာနိုင်ပါတယ်။ အာရှတခွင်မှာ ကျနော်တို့ တွေ့မြင်ခဲ့ပြီး ဖြစ်တဲ့အတိုင်း စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုက လူမှုရေးတိုးတက်ဖွံ့ဖြိုးမှုဆီ ဦးတည်နေသလို လူသန်းပေါင်းများစွာရဲ့ ဘဝအရည်အသွေးကို အမှန်တကယ် တိုးတက်မြင့်မားလာစေမှာ ဖြစ်ပါတယ်” ဟု ထုတ်ပြန်ကြေညာချက်တွင် မှတ်ချက်ပြုထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော ပဋိပက္ခက မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ဗဟိုအချက်အခြာနေရာများဆီ ပျံ့နှံ့လာမည် မယူဆဟုလည်း ယင်းအစီရင်ခံစာတွင် ဖော်ပြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading