စီးပွားရေး

အသေးစားနှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင် ၃၅၀၀ ဦးကို ချေးငွေထုတ်ပေးမည်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးရှိ အသေးစားလုပ်ငန်းများ၊ စွန့်ဦးတီထွင်လုပ်ငန်းများနှင့် တနိုင်တပိုင် စီးပွားရေး လုပ်ငန်းများအတွက် လုပ်ငန်းရှင်ပေါင်း ၃၅၀၀ ခန့်ကို Hayman Capital အသေးစားချေးငွေလုပ်ငန်း မှ စတင်ထုတ်ချေးပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းရှင်များကို ချေးငွေပေးနိုင်ရန် Hayman Capital အသေးစားချေးငွေလုပ်ငန်းအနေဖြင့် မလေးရှားအခြေစိုက် Maybank (ရန်ကုန်ဘဏ်ခွဲ) ထံမှ အမေရိကန်ဒေါ်လာ ၉ သိန်းကို ချေးယူူခဲ့ပြီး လုပ်ငန်းရှင်များထံသို့ ပြန်လည်ထုတ်ချေးပေးခြင်းဖြစ်သည်။

Hayman Capital အသေးစားချေးငွေလုပ်ငန်းမှ မီဒီယာ တာဝန်ခံ မထွယ်ဆန်က “အမတို့က အမေရိကန်ဒေါ်လာ ၉ သိန်းကို လက်ရှိ ဒေါ်လာပေါက်ဈေးနဲ့ တွက်ပြီး ချေးငွေထုတ်ယူတဲ့ လုပ်ငန်းရှင်ကို မြန်မာကျပ်ငွေနဲ့ ထုတ်ပေးမှာ ဖြစ်တယ်။ အခုတပတ်အတွင်း စချေးပေးနေပြီ။ တဦးချင်းစီလည်း ချေးလို့ရသလို၊ အုပ်စုလိုက်လည်း ချေးလို့ရတယ်”ဟု ဧရာဝတီသို့ ပြောသည်။

စိုက်ပျိုးရေးလုပ်ငန်းများ၊ ကုန်သွယ်ရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ (ဥပမာ-ရေချောင်းထုတ်ခြင်း၊ ဆပ်ပြာထုတ်ခြင်း) စသည့် အသေးစား ထုတ်လုပ်သည့် လုပ်ငန်း များ၊ အားကစားဝတ်စုံထုတ်သည့် လုပ်ငန်းများ၊ ခြေသုတ်ခုံလုပ်ငန်းများကို အဓိကထား ချေးပေးမည် ဖြစ်ပြီး တဦးချင်းချေးငွေ ချေးယူလျှင် အနည်းဆုံး ၁၂ သိန်းမှ သိန်း ၅၀ အထိရယူနိုင်ကာ အုပ်စုလိုက် ချေးယူရာတွင် ကျပ် ၁ သိန်းမှ ကျပ် ၁၀ သိန်းအထိ ချေးယူနိုင်ကြောင်း သိရသည်။

ဆက်လက်၍ မထွယ်ဆန်က “ပုံစံ ၂ မျိုးနဲ့ ချေးပေးတဲ့နေရာမှာ အုပ်စုဖွဲ့ကျတော့ အလုပ်လုပ်နေတဲ့ သူတွေက အနည်းဆုံး လူ ၅ ယောက်ကနေ အများဆုံး လူ ၈ ယောက်ပေါ့နော်။ အုပ်စုဖွဲ့ပြီး တဦးနဲ့ တဦး အပြန်အလှန် အာမခံထား ချေးတာဖြစ်တယ်။ တဦးချင်းကျတော့ စီးပွားရေးလုပ်ငန်း လုပ်တဲ့သူပဲ ချေးပေးတာဖြစ်လို့ အခုမှ လုပ်ငန်းစရင်တောင် ၃ လလောက် လုပ်ငန်းလုပ်ထားတာ ပြရမယ်။ တချို့လိုင်စင်မရှိလည်း လုပ်ငန်းကြည့်ပြီး ပေးတာရှိပါတယ်။ သူကို အာမခံပေးမယ့် လူတယောက်တော့လိုတယ်”ဟု ရှင်းပြသည်။

လုပ်ငန်းရှင်များအနေနှင့် ချေးငွေရယူနိုင်ရန်အတွက် Hayman Capital အသေးစားချေးငွေလုပ်ငန်းသို့ အနည်း ဆုံး ၃ လ သက်တမ်းရှိသော လုပ်ငန်းလိုင်စင်၊ သန်းခေါင်စာရင်းရှိရမည် ဖြစ်ပြီး အသက် ၁၈ နှှစ်မှ ၆၅ နှစ် အတွင်း ရှိသူဖြစ်ရမည်ဟု Hayman Capital အသေးစားချေးငွေလုပ်ငန်းမှ သိရသည်။

ချေးငွေအတိုးနူန်းမှာ စုစုပေါင်းချေးငွေတန်ဖိုးပေါ်မှ ၂ ကျပ်ခွဲနှုန်းဖြစ်ပြီး ချေးငွေပြန်ဆပ်ချိန်တွင် အတိုးနှင့် အရင်းကို လစဉ် ပေးဆပ်ရမည်ဖြစ်သည်။ တဦးချင်း အနေဖြင့် ချေးယူသူမှာ ၆ လမှ ၁ နှစ်ခွဲ အတွင်း ပြန်ဆပ်ရမည်ဖြစ်ကြောင်း၊ အုပ်စုလိုက်ချေးယူသူများမှာ ၆ လမှ ၁ နှစ်အတွင်း ပြန်ဆပ်ရမည် ဖြစ်ကြောင်း သိရသည်။

ယင်းချေးငွေကို ရန်ကုန်တိုင်းဒေသကြီးတွင် လှည်းကူး၊ အင်းစိန်၊ သင်္ဃန်းကျွန်းနှင့် ပဲခူးတိုင်းဒေသကြီးတွင် ပဲခူးမြို့နှင့် ညောင်လေးပင်မြို့နယ်ရှိ Hayman Capital အသေးစားချေးငွေလုပ်ငန်း ရုံးခွဲများတွင် လျှောက်ထား ချေးယူနိုင်သည်။

Hayman Capital အနေဖြင့် Maybank ထံမှ ပထမအကြိမ်ဘဏ်ချေးငွေအဖြစ် အမေရိကန်ဒေါ်လာ တစ်သန်းနှင့်ညီမျှသော မြန်မာကျပ်ငွေကို မေလအတွင်းကရယူခဲ့ပြီး အဆိုဘဏ်ချေးငွေဖြင့် ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးရှိ ငွေချေးဖောက်သည်ပေါင်း ၅ ထောင်ကျော်ကို ထုတ်ချေးပေးနိုင်ခဲ့ကြောင်း Hayman Capital မှ CEO Mr. Sultan Marenov က ပြောထားသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှ စတင်ပြီး Hayman Capital မှ လက်ရှိအချိန်ထိ မြန်မာကျပ် ၂၃ ဒသမ ၄၅ ဘီလီယံကို အသေးစားစီးပွားရေးနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်ပေါင်း ၆၇၀၀၀ ကျော်ကို အတိုးနှုန်း နည်းပါးသည့် ချေးငွေ များ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading