စီးပွားရေး

သယံဇာတ တူးဖော်ငွေ အားလုံး နိုင်ငံဘတ်ဂျက်သို့ ပြန်လည် ထည့်သွင်းမည်

Want create site? Find Free WordPress Themes and plugins.

ယခင်က သဘာဝ သယံဇာတ တူးဖော်ခြင်းလုပ်ငန်းမှ ရရှိသည့် ဝင်ငွေ အားလုံးကို တိုင်းပြည်ဘဏ္ဍာထဲသို့ တိုက်ရိုက်မထည့်သွင်းဘဲ Other Account များ ဖွင့်လှစ်၍ ထားရှိခဲ့သော ငွေပမာဏ ကျပ် ၁၀ ထရီလီယံကျော်မှာ ပြည်သူ့လွှတ်တော်၏ တိုက်တွန်းမှုဖြင့် နိုင်ငံတော် ဘတ်ဂျက်ထဲသို့ ပြန်လည် ထည့်သွင်းရတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့က ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက် ခိုင် တင်သွင်းထားသည့် သဘာဝ သယံဇာတတူးဖော်ခြင်းဆိုင်ရာ လုပ်ငန်းများ ပွင့်လင်း မြင်သာမှုရှိရေး၊ ယင်းကဏ္ဍမှ ရရှိသည့် ဝင်ငွေအားလုံး နိုင်ငံတော် ဘတ်ဂျက်ထဲသို့ ထည့်သွင်းရေး အတွက် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို အတည်ပြုနိုင်ခဲ့သည်။

လွှတ်တော် ကိုယ်စားလှယ် ၇ ဦးက ဆွေးနွေးပြီး ယင်းအဆိုကို အတည်ပြုနိုင်ရေး ထောက်ခံခဲ့သော်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာန ၂ ခု ဖြစ်သည့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့က မှတ်တမ်းအ ဖြစ်သာ ထားရှိရန် အဆိုပြုခဲ့သေးသည်။

“Other Account ထဲကို ရောက်ရှိသွားရင် ဘယ်လိုပဲ ဘတ်ဂျက်ဝင်ငွေ တိုးလာတယ်ပဲ ပြောပြော ပြည်ထောင်စု ဘဏ္ဍာငွေ ရံပုံငွေ စာ ရင်းထဲမှာ အလုံးစုံ ပါဝင်ပြီးသားပဲ ဆိုဆို ပွင့်လင်းမြင်သာမှု အတော်နည်းတာ တွေ့ရသလို Other Account တွေဟာ လွှတ်တော် ရဲ့ စောင့်ကြည့်ထိန်းကျောင်းနိုင်မှုရဲ့ အဝေးကိုလည်း ရောက်ရှိနေပါတယ်”ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ထူးအောင်က ဆွေးနွေးသည်။

နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း(MOGE)မှ ရရှိသည် ဝင်ငွေများသည် နိုင်ငံတော်ပိုင် ဘဏ္ဍာ ရံပုံငွေထဲသို့ ပြန်လည် ဝင်ရောက်လာသည်ဟု ထင်ရသော်လည်း MOGE ၏ အမြတ်ငွေ ၄၅ ရာခိုင်နှုန်းသာ နိုင်ငံတော် ဘဏ္ဍာငွေ ရံပုံငွေထဲကို ရောက်ရှိပြီး ကျန် ၅၅ ရာခိုင်နှုန်းမှာ MOGE ၏ Other Account ထဲကို ရောက်ရှိသွားကြောင်း၊ Other Account ထဲသို့ ရောက်ရှိသွားသည့် ငွေပ မာဏမှာ လွန်စွာ များပြားကြောင်း ၎င်းက ပြောသည်။

EITI Report အရ ၂၀၁၃-၁၄ ဘတ်ဂျက်တွင် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ အထိ ရှိပြီး မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး အသုံးစရိတ် များထက် ပိုနေကြောင်း၊ MOGE ၏ Other Account ထဲတွင် ကျပ် ၄ ဒသမ ၆ ထရီလီယံ အထိ ရှိနိုင်ပြီး ယင်းပမာဏမှာ ၂၀၁၇-၁၈ ထပ်တိုး ဘတ်ဂျက် (RE) ထက် ပိုများနေသည့်အပြင် ကျန်းမာရေးနဲ့ ပညာရေး အသုံးစရိတ် ၂ ခုပေါင်း၊ နိုင်ငံတကာက ချေးငွေရယူမှု အကူအညီ စုစုပေါင်းထက်လည်း ပိုမိုများနေကြောင်း သိရသည်။

ဦးနိုင်ထူးအောင်က “ဒီပမာဏကို ကျေးလက်လမ်းတွေ ဖောက်ဖို့အတွက် သုံးမယ်ဆိုရင် မိုင် ၃၀၀၀၀ ကျော် ဖောက်နိုင်မှာဖြစ်ပြီး ကျောင်းဆောင်တွေ ဆောက်မယ်ဆိုရင် ကျောင်း တသိန်းကျော် ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ကျေးလက်မီးလင်းရေးအတွက် သုံးမယ်ဆိုရင်တော့ ကျေးရွာပေါင်း ၇သောင်းခွဲကျော် မီးပေးနိုင်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ လွှတ်တော်တွင် ဖြေကြားချက်အရ MOGE ၏ Other Account ထဲတွင် ကျပ်သန်းပေါင်း ၄၈၅၁၅၁၃ ဒသမ ၀၇၆ ရှိကြောင်း၊ ရေနံဓာတုဗေဒ လုပ်ငန်းတွင် ကျပ်သန်းပေါင်း ၆၆၅၁၉ ဒသမ ၃၆၃၊ မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းတွင်လည်း ကျပ်သန်းပေါင်း ၃၁၆၆၀၅ ဒသမ ၈၅၃ အထိ ရှိနေကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် Other Account များ ရှိနေသည့် နိုင်ငံပိုင် အဖွဲ့အစည်းအားလုံး၏ အတိုးပေးရငွေ၊ တရားဝင် လစာငွေ၊ ငွေလုံးငွေရင်းနှင့် ကြွေးမြီစရိတ်အားလုံးကို ပြည်ထောင်စုဘဏ္ဍာ ရံပုံငွေမှ ကျခံ ပေးရသည့်အပြင် အရှုံးပေါ်နေသည့် နိုင်ငံပိုင် လုပ်ငန်းများကိုလည် နိုင်ငံတော် ဘတ်ဂျက်မှ စိုက်ထုတ်ပေးနေရချိန်တွင် ယင်းအဖွဲ့များ၏ Other Account စာရင်းမှာမူ တိုးလာနေကြောင်း သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ပြောသည်။

၂၀၁၄ ခုနှစ် ဇန်နဝါရီလက မက္ကဆီကိုနိုင်ငံတွင် ပြုလုပ်သည့် အစည်းအဝေးကို မြန်မာနိုင်ငံကို EITI ယာယီအဖွဲ့ ဝင်နိုင်ငံအဖြစ် အသိအ မှတ်ပြုခံရချိန်တွင် ထွက်ရှိလာသည့် Report အရ စွမ်းအင်ဝန်ကြီးဌာနမှ ပြုလုပ်သည့် သဘာဝလုပ်ကွက် ၁၆ ကွက်ကို ၂၀၁၃ အောက် တိုဘာတွင် တိတ်တဆိတ်ချထားပေးခဲ့ပြီး ၂၀၁၄ မတ်လတွင် ကမ်းလွန် လုပ်ကွက် ၁၄ ကွက်ကို မည်သူမျှ မသိအောင် ချထားပေးခဲ့သည်ဟု ပါရှိကြောင်း ၎င်းက ပြောသည်။

“ကျနော်တို့ မဖြစ်မနေ ပြောရမှာက ပွင့်လင်းမြင်သာမှုပဲ ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုရင် ဒီဘက်မှာ ဘယ်လို အပြောင်း အလဲပဲ လုပ်လုပ် ပြည်သူကတော့ အရင်အတိုင်းပဲလို့ ထင်နေတာမျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်အမြဲ High Light လုပ်ပြီး ပြောချင်တာက ပွင့်လင်းမြင်သာမှု ရှိရေးပဲ ဖြစ်ပါတယ်”ဟု ဦးလွင်ကိုလတ်က ပြောသည်။

သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ခြင်းကို ပွင့်လင်းမြင်သာမှုရှိရှိဖြင့် မည်သည့်ကမ္ပဏီများကို မည်ကဲ့သို့ ချထားပေးလိုက်သည်ကို ဖော်ပြရန် လိုပြီး ထိုဝင်ငွေများ မည်သို့ရရှိကြောင်းနှင့် နိုင်ငံတော်၊ နိုင်ငံသူ နိုင်ငံသားများအကျိုးကို မည်ကဲ့သို့ ဖော်ဆောင်ပေး နေသည်ကို ပွင့်လင်းမြင်သာမှုရှိရှိဖြင့် နိုင်ငံတော်ကို အစီရင်ခံရန်လိုကြောင်း ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်က ဧရာဝတီသို့ ပြောသည်။

“ဝန်ကြီးဌာနကလည်း မှတ်တမ်းတင်ခိုင်းတာသည် ဒါဆောင်ရွက်လက်စ ဖြစ်နေပြီ ဆောင်ရွက်နေပါတယ် ဆိုပြီး ပြောတာပေါ့။ ဒါပေမယ့် ဒါကို အတည်ပြုလိုက်တဲ့အတွက်ကြောင့် ပိုပြီး လေးလေးနက်နက် အကောင်အထည်ဖော်ရမယ်။ လွှတ်တော်က အတည်ပြုထားတဲ့ အတွက် အစိုးရကနေပြီး တကယ့်တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရှိနဲ့ ပြောထားတဲ့အတိုင်း၊ မဖြစ်ဖြစ်အောင် လုပ်ရတော့မယ့် အခြေအနေ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ကတော့ စိန်ခေါ်မှုတွေ အများကြီး ရှိနိုင်တယ်”ဟု ဒေါ်သက်သက်ခိုင်က ပြောသည်။

၂၀၁၇ ခုနှစ် Resource Governance Index ဟု ခေါ်သည့် သယံဇာတ အုပ်ချုပ်မှုဆိုင်ရာ ညွှန်းကိန်းအရ မြန်မာနိုင်ငံသားများသည် သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ခြင်း ကရရှိလာသည့် အကျိုးကျေးဇူးများကို ခံစားခွင့် အနည်းဆုံး ၁၃ နိုင်ငံထဲတွင် ပါဝင်နေ ကြောင်း၊ ထို့ကြောင့် သယံဇာတထွက်ရှိသည့် ပြည်နယ်များကို ဝင်ငွေများ အချိုးကျ ခွဲဝေပေးသင့်ကြောင်း လွိုင်ကော်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက လွှတ်တော်တွင် ပြောသည်။

ဝင်ငွေခွဲဝေရခြင်း ရည်ရွယ်ချက်မှာ တူးဖော်မှုကြောင့် ဖြစ်ပေါ်လာသည့် အဆိုးသက်ရောက်ခြင်း ခံစားရသည့် ဒေသခံများကို နစ်နာ ကြေးအဖြစ် ပေးအပ်ရန်၊ အကြမ်းဖက်မှုပဋိပက္ခလျော့ချရန် သို့မဟုတ် ကာကွယ်ရန်၊ ဒေသထွက် အကျိုးအမြတ်ကို ဒေသခံများ ပိုင်ဆိုင်ခံစားသင့်ဆိုသည့် ယူဆချက်အပေါ် အခြေပြုဖြစ်ပေါ်လာသော ဒေသခံများ၏ တောင်းဆိုမှု ဖြည့်ဆည်းပေးရန်အတွက် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

သဘာဝသယံဇာတမှ ရရှိသည့် ဝင်ငွေများ အားလုံးကို နိုင်ငံသား အားလုံးသို့ ပွင့်လင်းမြင်သာစွာ ချပြပြီး ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေသို့ အလုံးစုံဝင်ရောက်နိုင်ရေး အစီအစဉ်များ ချမှတ်ရန် လိုပြီ ဖြစ်ကြောင်း၊ လက်ရှိတွင် အလွန်များပြားလှသည် ငွေပမာဏကို နိုင်ငံတော်နှင့် လွှတ်တော်ကပင်လျှင် ကိန်းကဏ္ဍန်း အချို့မှလွဲ၍ တိကျစွာ မသိရကြောင်း၊ ထို့ကြောင့် လုပ်ငန်းဆောင်ရွက်မှု ကိစ္စများကို လွှတ်တော်သို့ အစီရင်ခံရန် လိုအပ်ကြောင်း နွားထိုးကြီး မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ထူးအောင်က ပြောသည်။

“နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေရဲ့ ဝင်ငွေဟာ ထွက်ငွေထက် များစွာ ပိုများနေပါလျက်နဲ့ အခြားသော ထူးခြားသော စီးပွားရေး တာဝန် တွေ မရှိပါဘဲနဲ့ ဘာကြောင့် ပိုငွေတွေ အများကြီးကို Other Account ထဲကို စီးဆင်းနေသလဲဆိုတာ အတော်နားလည်ရခက်တာ ကြောင့် ဒီကိစ္စကို အမြန်ဆုံးပြန်လည် သုံးသပ်စေလိုပါတယ်။ Other Account ထဲကို ပြင်ပ စာရင်းစစ်များနဲ့ စစ်ဆေးသင့်ပါတယ်”ဟု ၎င်းက ပြောသည်။

အစိုးရကမူ Other Account နှင့် ပတ်သက်၍ စာမျက်နှာ ၁၅ မျက်နှာပါ စာရွက်စာတမ်းများဖြင့် လွှတ်တော်သို့ လာရောက်ရှင်းလင်းခဲ့ပြီး ယင်းငွေများကို နိုင်ငံတော် ဘတ်ဂျက်ထဲသို့ ထည့်သွင်းနိုင်ရေး အဆင့်ဆင့် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ သယံဇာတ တူးဖော်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိရေးအတွက်လည်း နိုင်ငံတော်အဆင့် ကော်မတီတခုကို ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။

Other Account ဖွင့်လှစ်သုံးစွဲခွင့် ရရှိနေသည့် နိုင်ငံပိုင် အဖွဲ့အစည်း ၁၉ ခုရှိရာ ပြန်ကြားရေး ဝန်ကြီးဌာနလက်အောင်ရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ မီးရထား လုပ်ငန်း၊ ကုန်လမ်း ပို့ဆောင်ရေး၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ မြန်မာ့ စာတိုက်လုပ်ငန်း၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်းထိန်းသိမ်းရေး ဝန်ကြီးဌာနမှ မြန်မာ့ သစ်လုပ်ငန်း၊ အမှတ် ၁ သတ္တုတွင်းလုပ်ငန်း၊ အမှတ် ၂ သတ္တုတွင်း လုပ်ငန်း၊ မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း၊ မြန်မာ့ ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်းတို့ ဖြစ်သည်။

ထို့ပြင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန လက်အောက်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း၊ မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မြန်မာ့ ရေနံ ဓာတု လုပ်ငန်း၊ မြန်မာ့ ရေနံထွက် ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းနှင့် စက်မှုဝန်ကြီးဌာနမှ အမှတ် ၁ အကြီးစား စက်မှုလုပ်ငန်း၊ အမှတ် ၂ အကြီးစား စက်မှုလုပ်ငန်း၊ အမှတ် ၃ အကြီးစား စက်မှု လုပ်ငန်းနှင့် မြန်မာ့ ဆေးဝါး လုပ်ငန်းတို့ ဖြစ်ကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading