စီးပွားရေး

မာန်အောင်ကျွန်း ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း လွှတ်တော်တွင် ဆွေးနွေး

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မာန်အောင်ကျွန်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး စီးမံကိန်းနှင့် ပတ်သက်ပြီး နိုဝင်ဘာလ ၂၄ ရက်နေ့ က ကျင်းပသော ပြည်နယ် လွှတ်တော်တွင် ဆွေးနွေးကြောင်း သိရသည်။
ယင်း စီမံကိန်းအတွက် သက်ဆိုင်ရာ ကုမ္ပဏီများက လွှတ်တော်သို့ လာရောက် ရှင်းလင်းတင်ပြပြီးမှသာ လိုအပ်သလို စဉ်းစား ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော်က ဆုံးဖြတ်သည်။

အဆိုပါ မာန်အောင်ကျွန်း စီမံကိန်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရ၏ လွှတ်တော်သို့ တင်သွင်းလာမှု အပေါ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက ဆွေးနွေးခဲ့ပြီး ယင်းသို့ လွှတ်တော်၏ သဘောထား ရယူကာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

သံတွဲ မဲဆန္ဒနယ် အမှတ် (၂) မှ NLD အမတ် ဦးနိုင်ကြွေအေးက “ဒီစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ခိုင်မာတဲ့ ဂတိဝန်ခံချက် များ မပါတာကိုတွေ့ရပါတယ်။ စီမံကိန်း တရပ် အကောင်ထည် ဖော်ဖို့ လွှတ်တော်က သဘောထားရယူတဲ့ အခါမှာ ဒေသခံ တွေရဲ့ အကျိုး၊ ဟိုတယ်လုပ်ငန်းရှင်များရဲ့ အကျိုး၊ ဘယ်လို ဆောင်ရွက်မယ်။ နှစ်ဦးနှစ်ဘက် နှစ်နာမှု မရှိအောင် ဘယ်လို လုပ်သွားမယ်။ ဟိုတယ်ဆောက်မယ့် ဧရိယာက ဘယ်လောက်၊ အများပြည်သူ အပန်းဖြေမယ့်နေရာက ဘယ်လောက်၊ အမှိုက် ပစ်မယ့်နေရာက ဘယ်လောက်၊ ရေဆိုးထုတ်မယ့်နေရာ စတဲ့ လုပ်ငန်းတွေကို ထည့်သွင်း ဖော်ပြပြီးမှသာ သဘော ထား မှတ်ချက်ပေးပြီးတော့ ကျနော်တို့ လက်ခံ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု လွှတ်တော်တွင် ဆွေးနွေးသည်။

ထိုမာန်အောင်ကျွန်း စီမံကိန်းနှင့် ပတ်သက်ပြီး ဘူးသီးတောင် မဲဆန္ဒယ်နယ် အမှတ် (၁)မှ ပြည်နယ် လွှတ်တော် ကိုယ်စား လှယ် ဦးဇော်ဇော်မြင့်ကလည်း နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုး အပါအဝင် မြေယာတန်ဖိုး ဆိုင်ရာများကို ခိုင်မာသည့် ဥပဒေ၊ နည်းဥပဒေဖြင့် ထိန်းကျောင်းရန်လိုအပ်ပြီး လွှတ်တော်တွင် အသေးစိတ် ရှင်းလင်းတင်ပြပြီးမှသာ လုပ်ကိုင် ဆောင် ရွက် သင့်ကြောင်း တင်ပြဆွေးနွေးသည်။

ဦးဇော်ဇော်မြင့်က“ဖွံ့ဖြိုးတိုးတက်မှု တခုကို ဘယ်နိုင်ငံသားမှ မလိုလားတာ မရှိပါဘူး။ ကျနော်တို့လည်း လိုလားပါတယ်။ ဖြစ်စေချင်ပါတယ်။ ဒါပေမယ့်လို့ သတိထားရမယ့်ဟာတွေ၊ စိုးရိမ်စရာတွေ၊ ကြောက်မက်ဖွယ်ရာ ဆိုးကျိုးတွေက၊ လွဲချော် သွားရင် ပြန်ပြင်လို့ မရပါဘူး” ဟု ပြောသည်။

စီမံကိန်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ကုမ္ပဏီက Master Plan နှင့် Business Model များကို အသေးစိတ် တင်ပြသင့် ကြောင်းလည်း ၎င်းက ပြောဆိုသည်။
ယင်းသို့ လွှတ်တော် ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးကြရာတွင် မာန်အောင်ကျွန်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက် ရေး စီးမံကိန်းသည် ငပလီ ခရီးသွားလုပ်ငန်း စီမံကိန်းကဲ့သို့ မဖြစ်စေရန် သင်ခန်းစာ ယူရမည် ဖြစ်ကြောင်း၊ ငပလီ ခရီးသွား လုပ်ငန်း စီမံကိန်းတွင် ဖြစ်သလိုသဘောတူ လုပ်ခဲ့ကြသည့်အတွက် မြေယာ အရှုပ်အထွေးများစွာ ပေါ်ပေါက်ခဲ့ပြီး ဒေသခံ တံငါ လုပ်သားများအတွက် များစွာ အခက်ကြုံတွေ့ရကြောင်း၊ ဒေသခံ မြေပိုင်ရှင်များလည်း လက်ရှိ အချိန်တွင် မြေပိုင် ဘဝ ကနေ ဟိုတယ် လုပ်သားများအဖြစ် ရောက်ရှိနေရကြောင်းလည်း တင်ပြဆွေးနွေးခဲ့ကြသည်။

အဆိုပါ မာန်အောင်ကျွန်း စီမံကိန်း အတွက် ရခိုင်ပြည်နယ် လွှတ်တော်၏ သဘောထား မှတ်ချက်ယူရန် ပြည်နယ် အစိုးရ အဖွဲ့ဝင် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံက နိုဝင်ဘာလ ၂၁ ရက်နေ့က ကျင်းပ သော ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တင်သွင်းရာတွင် ဝန်ကြီး ဦးအောင်ကျော်ဇံက မာန်အောင်ကျွန်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး စီးမံကိန်း လုပ်ကိုင် ရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြပြီး သဘောထားမှတ်ချက်များ တောင်းခံပြီး ဖြစ်ကြောင်း၊ သဘောထား မှတ်ချက် တောင်းခံရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေး ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှစ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန အပါအဝင် ဝန်ကြီးဌာန ၁၀ ခုတို့ကလည်း စီမံကိန်းနှင့် ပတ်သက်ပြီး အကြံပြုချက် များနှင့်အတူ ပံ့ပိုး ကူညီဆောင်ရွက်ရန် သဘောထား မှတ်ချက်များကို ရယူထားပြီး ဖြစ်ကြောင်း လွှတ်တော်တွင် ရှင်းလင်း တင်ပြခဲ့သည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့သည် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က စစ်တွေ ဟိုတယ်တွင် မာန်အောင်ကျွန်း ခရီးသွား လုပ်ငန်း ဖွံဖြိုးတိုးတက်ရေး စီမံကိန်း ဆောင်ရွက်ရန် မာန်အောင်အများပိုင် ကုမ္ပဏီနှင့် MOU လက်မှတ် ရေးထိုးမှု အပါအဝင် မောင်တော စီးပွားရေးဇုန် စီမံကိန်း၊ သံတွဲ ဂေါက်ကွင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းများကိုလည်း သက်ဆိုင်ရာ ကုမ္ပဏီများနှင့် MOU လက်မှတ် ရေးထိုးခဲ့ကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading