စီးပွားရေး

လျှပ်စစ်မီးရရှိရေး နိုင်ငံဘဏ္ဍာငွေများစွာ စိုက်ထုတ်ဆောင်ရွက်နေရဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော

Want create site? Find Free WordPress Themes and plugins.

ပြည်သူများ လျှပ်စစ်မီးလုံလောက်စွာရရှိနိုင်ရန် အစိုးရက တယူနစ်လျှင် ၃၅ ကျပ်နှုန်းဖြင့် ဖြန့်ဖြူးနေရသည့်အတွက် နိုင်ငံတော် အစိုးရ၏ ဘီလီယံငွေပေါင်းများစွာမှာ လျှပ်စစ်ကဏ္ဍသို့ နှစ်စဉ် စိုက်ထုတ် သုံးစွဲ ဆောင်ရွက်နေရသည့် အခြေအနေဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒုသမ္မတ ၁ နှင့် မြန်မာ့လုပ်ငန်းရှင်များ ၁၂ ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။။

ရန်ကုန်တိုင်းအစိုးရအနေဖြင့် လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနထံမှ တယူနစ်လျှင် ၅၇ ကျပ်နှုန်းဖြင့် ဝယ်ယူကာ ပြည်သူများသို့ ဖြန့်ဖြူးပေးနေခြင်းဖြစ်ပြီး လာမည့် ၂၀၁၈ ခုနှစ်တွင် တယူနစ် ၆၀ ကျပ်နှုန်းဖြင့် ပြောင်းလဲဝယ်ယူရမည်ဟုလည်း သိရသည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “နိုင်ငံတော်ကနေ ပြန်ရောင်းနေရတဲ့နှုန်းတွေနဲ့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ယခင်က ၁ ယူနစ်ကို ၅၇ ကျပ်ပေါ့။ အခု နောက်ဆုံးသိရတာတော့ ၆၀ ကျပ်နဲ့ လာမယ့်နှစ်မှာ ရောင်းမယ်လို့ သိရတယ်။ အခုလက်ရှိ အစိုးရက ၁ ယူနစ် ၃၅ ကျပ်ကနေ စပြီးတော့ ဖြန့်ဖြူးရောင်းချပေးရတာမျိုး ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ နှစ်စဉ် ဘီလီယံပေါင်းများစွာ ဒီလျှပ်စစ်ထဲကို စိုက်ထုတ်ပြီးတော့ ဆောင်ရွက်နေရတဲ့ အခြေအနေဖြစ်တယ်”ဟု ပြောသည်။

၎င်းက “လျှပ်စစ်ကဏ္ဍနယ်ပယ်က စီးပွားရေးအရ တွက်ချေကိုက်တဲ့ နယ်ပယ်ဖြစ်ပါတယ်။ လျှပ်စစ်နယ်ပယ်ကို နည်းလမ်းတွေ၊ ဗျူဟာတွေ ကျနော်တို့ကို တင်ပြဆွေးနွေးထားတာတွေ ရှိပါတယ်။ အဓိကတော့ ကျနော်တို့ နိုင်ငံရဲ့ လျှပ်စစ်ရောင်းသူနဲ့ ဝယ်သူကြားမှာ သင့်တင့်မျှတတဲ့ဈေးနူန်း ဖြစ်ရေးပဲ ဖြစ်ပါတယ်”ဟု ရှင်းပြသည်။

လက်ရှိတွင် လျှပ်စစ်ဓာတ်အား မလုံလောက်မှု ပြဿနာများကို ကြုံတွေ့နေရပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် လုပ်ငန်း များကို ပြုပြင်မည့်နှုန်းထား၊ ဓာတ်အားသွယ်တန်းရေးကို ဆောင်ရွက်ရမည်ဖြစ်၍ ကုန်ကျစရိတ်များ ရှိကြောင်း သိရသည်။

ကုန်သည်စက်မှုအသင်းချုပ်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ (လျှပ်စစ်ကဏ္ဍ) အဖွဲ့မှ ဦးဇေယျသူရမွန်က “ဝန်ကြီးချုပ်ပြောတဲ့ ဈေးက အပြင်ကို ရောင်းတဲ့ဈေးမဟုတ်ဘူး။ သူတို့အချင်းချင်း ဝယ်တဲ့ဈေးပါ။ အဲဒါက လျှပ်စစ်ထုတ်လုပ်ရေးကနေ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံက ဝယ်မယ့်ဈေးဖြစ်ပါတယ်။ ၁ ယူနစ် ၆၀ ကျပ်နဲ့ ဝယ်ပြီးတော့ ဘယ်လောက်ထပ်ပေါင်း ကောက်ရမယ်ဆိုတာ မသိသေးဘူး။ ဘယ်လောက်နဲ့ရောင်းရမလဲဆိုတော့ နောက်ထပ် ၂၅ ရာခိုင်နူန်းလောက် ပေါင်းသင့်တယ် ထင်တယ်”ဟု ပြောသည်။

အကယ်၍ နိုင်ငံတော်အစိုးရမှ စိုက်ထုတ်ပေးခြင်းမရှိဘဲ မူရင်းဈေးနှုန်းအတိုင်း ရောင်းရမည်ဆိုပါက လျှပ်စစ် ၁ ယူနစ်လျှင် ၁၅၀ ကျပ်ပေးရမည် ဖြစ်ကြောင်း၊ အစိုးရက ဝယ်ယူကာ ပြန်လည်ဖြန့်ချိမည့်နှုန်းထားမှာ ပြည်သူများသို့ လက်ရှိကောက်ခံ နေသည့် နှုန်းထားပေါ် တိုးကောက်ခြင်း သို့မဟုတ် လျှော့ချကောက်ခံခြင်း ပြု၊ မပြုကို အတိအကျ မသိရှိရသေးပါ။

လက်ရှိတွင် System Breakdown ဖြစ်နေရသည့် အခြေအနေမှစ၍ သဘာဝဘေး အန္တရာယ်များကြောင့် မဟာဓာတ်အားလိုင်းများ ထိခိုက်မှုဖြစ်ခြင်း၊ ပြတ်တောက်ခြင်းများကို ပြုပြင်နိုင်ရန်လည်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်ထုတ်လုပ်ရောင်းချရေးအတွက် တိုင်းအစိုးရအဖွဲ့သို့ စွမ်းအင်၊ ရေအား၊ လေအား၊ ဆိုလာ အစရှိသည့် နည်းများမှ လျှပ်စစ်ထုတ်လုပ်ခြင်း ကိစ္စများအတွက် လုပ်ငန်းရှင်များက လာရောက် ဆွေးနွေးမှုများ ရှိနေကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ထို့ကြောင့် သင့်တင့်မျှတသော ရောင်းလိုအားနှင့် ဝယ်လိုအား ဖြစ်ရန် လုပ်ဆောင်မည်ဆိုလျှင် တိုင်းပြည်အတွက် လိုအပ်နေသော လျှပ်စစ်ဓာတ်အားကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ပြည်ပမှ ဝင်ရောက်နေသော လျှပ်စစ်ထုတ်လုပ်ရေး ကုမ္ပဏီ များစွာနှင့် ပြည်တွင်းကုမ္ပဏီတို့ ပူးပေါင်းပြီး အစိုးရသို့ လျှပ်စစ်ဓာတ်အားထုတ်လုပ် ရောင်းချရန်လည်း ရှိနေကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ယခုအချိန်တွင် အိမ်သုံး လျှပ်စစ်မီတာများအတွက် ယူနစ် ၁၀၀ အောက် ၁ ယူနစ် ၃၅ ကျပ်၊ ၁၀၁ ယူနစ်နှင့် ၂၀၀ ယူနစ်ကြား အတွက် ၄၀ ကျပ်နှင့် ၂၀၁ ယူနစ်နှင့် အထက်လျှင် ၅၀ ကျပ် ကောက်ယူပြီး စက်မှုလုပ်ငန်းသုံး မီတာများအတွက် ယူနစ် ၅၀၀ အထိ ၁ ယူနစ်လျှင် ၇၅ ကျပ်၊ ၅၀၁ ယူနစ်မှ ၁၀,၀၀၀ ယူနစ်အထိ ကျပ် ၁၀၀၊ ယူနစ် ၁၀,၀၀၀ မှ ၅၀,၀၀၀ ယူနစ်အထိ ၁၂၅ ကျပ်၊ ယူနစ် ၅၀,၀၀၀ မှ ၂၀၀,၀၀၀ ယူနစ်အထိ ၁၅၀ ကျပ်တို့ဖြင့် ကောက်ခံလျက်ရှိသည်။

ဆက်စပ်ဖတ်ရှုရန်- လျှပ်စစ်မီတာခ နှုန်းထားသစ် မကြာမီထုတ်ပြန်မည် 

Did you find apk for android? You can find new Free Android Games and apps.
Loading