စွမ်းရည်တည်ဆောက်ရေး အစီအစဉ်များမှ တဆင့် မြန်မာနိုင်ငံစာရင်းကိုင် ကဏ္ဍတိုးတက်ရေး ပူးပေါင်းဖော်ဆောင်ရန် စင်ကာပူ အသိအမှတ်ပြု လက်မှတ်ရ စာရင်းကိုင်များ အဖွဲ့ (ISCA) နှင့် မြန်မာနိုင်ငံ လက်မှတ်ရ စာရင်းကိုင်များ အသင်း (MICPA) တို့သည် နားလည်မှုစာချွန်လွှာ တရပ် လက်မှတ်ရေးထိုးလိုက်သည်။
ထို စွမ်းရည်တည်ဆောက်ရေး အစီအစဉ်များတွင် စာရင်းအင်း သဘောတရားများ၊ နိုင်ငံတကာ ဘဏ္ဍာရေး အစီရင်ခံမှု စံနှုန်းများ (IFRS) ၊ အသေးစားအလတ်စား လုပ်ငန်းများ အတွက် (IFRS) များ၊ အကြောင်းအရာနှင့် ဖြစ်ပေါ်တိုးတက်မှု အလိုက် ပညာပေး သင်တန်းများ ပြုလုပ်သွားမည် ဖြစ်သည်။ ISCA သည် ISCA ၏ စာရင်းစစ်လက်စွဲနှင့် မိုက်ခရို စာရင်း မော်ဒယ် (MAM) များ အတွက်လည်း သင်တန်းများပို့ချမည် ဖြစ်သည်။
အထက်ပါ နားလည်မှုစာချွန်လွှာကို ISCA အမှုဆောင်အရာရှိချုပ် လီဖွတ်ခ်ချူ နှင့် MICPA ဥက္ကဋ္ဌ ဦးဝမ်းတင်တို့ နိုဝင်ဘာ ၂၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
“စင်ကာပူနိုင်ငံရဲ့ အမျိုးသား စာရင်းကိုင်ပညာ အဖွဲ့ အနေနဲ့ မြန်မာနိုင်ငံရဲ့ စာရင်းကိုင်ပညာကဏ္ဍ တိုးတက်ရေးကို ကူညီခွင့်ရလို့ ကျနော်တို့ ဂုဏ်ယူပါတယ်။ မိုက်ခရို စာရင်း မော်ဒယ် (MAM) ဟာ စီးပွားရေး လုပ်ငန်းတွေ အတွက် အထောက်အကူပြုပြီး အထူးသဖြင့် အသေးစားစီးပွားရေး လုပ်ငန်းတွေ အတွက် အကျိုးပြုပါတယ်။ ဒီလုပ်ငန်းတွေဟာ ငွေကြေးကနေ ဝင်ငွေ၊ ထွက်ငွေ မှတ်တဲ့ အဆင့်၊ အဲဒီကနေမှ နောက်ဆုံးမှာ နိုင်ငံတကာ စာရင်းကိုင်စံနှုန်းကို ကျင့်သုံးပြီး ဘဏ္ဍာရေး အစီရင်ခံမှု အရည်အသွေး တက်လာအောင်၊ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံသူတွေ ယုံကြည်မှုတက်လာအောင် လုပ်နိုင်ပါလိမ့်မယ်” ဟု လီဖွတ်ချူက ပြောသည်။
ISCA ၏ အဆိုအရ မြန်မာနိုင်ငံတွင် ကုမ္ပဏီပေါင်း ၃ သိန်းကျော် ရှိပြီး ၎င်းတို့၏ ၉၀ ရာခိုင်နှုန်းခန့်မှာ အသေးစား အလတ်စား လုပ်ငန်းများ ဖြစ်ကြောင်း သိရသည်။
ကိုးကား ။ ။ www.businesstimes.com.sg