စီးပွားရေး

ရခိုင် ပဋိပက္ခက ရေနံနှင့် ဓာတ်ငွေ့ တူးဖော်ရေး ရင်းနှီးမြှုပ်နှံမှုကို ထိလာ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်မြောက်ပိုင်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပြဿနာများကြား မြန်မာနိုင်ငံမှ စွမ်းအင်ကုမ္ပဏီများ အပေါ် ဖိအားများ တိုးလာခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူတချို့ စတင် စွန့်ခွာနေသော ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်း ကဏ္ဍအတွက် အချိန်ဆိုးသို့ ရောက်လာသည်။

အောင်မြင်မှု ကြီးမားခဲ့သော လိုင်စင်ချထားမှုများရှိခဲ့ပြီး ထိပ်တန်းရေနံကုမ္ပဏီများက ရှာဖွေရေးလုပ်ကွက်များ ရရှိခဲ့သည်ကို မြင်တွေ့ခဲ့ရသော ၂၀၁၄ ခုနှစ်မှစ၍ မြန်မာနိုင်ငံသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော် ထုတ်လုပ်ရေး လုပ်ငန်းများ အတွက် အလွန်ဆွဲဆောင်မှုရှိသော နေရာတခု ဖြစ်ခဲ့သည်မှာ အနည်းဆုံး ၂၀၁၇ ခုနှစ် အစောပိုင်း အထိဖြစ်သည်။

သို့သော်လည်း လတ်တလောလများ အတွင်းတွင် ကုမ္ပဏီများက အောင်မြင်ရန် အလားအလာနည်းပါးသော အကြောင်း များကြောင့် လုပ်ကွက်များကို စတင် စွန့်လွှတ်ခဲ့ကြသည်။ ပထမအဆင့် ရှာဖွေရေး လုပ်ငန်းများ အတွက် နောက်ဆုံးသတ်မှတ်ထားချိန် ဖြစ်သော ၂၀၁၈ ခုနှစ် မတ်လနှင့် နီးလာသည်နှင့် အမျှ လာမည့်လများအတွင်းတွင် မြန်မာပြည်မှ ပြန်လည်ထွက်ခွာခြင်းများ ပိုများလာမည်ဟု မျှော်လင့်ရပါသည်။

ရေနံကုမ္ပဏီများ အနေဖြင့် အရေးကြီးသော ဆုံးဖြတ်ချက် ပြုလုပ်ရမည့် အခြေအနေရောက်နေချိန်တွင် ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်မှုများအတွက် ပြစ်တင် ဝေဖန်ခံနေရသော မြန်မာ အစိုးရနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသည့် ရင်းနှီးမြှုပ်နှံသူများကို လော်ဘီ အဖွဲ့ အစည်းများက စတင် ပစ်မှတ်ထားလာသဖြင့် ယခုအခါ ကုမ္ပဏီ ဂုဏ်သိက္ခာနှင့် နိုင်ငံရေးဆိုင်ရာ စွန့်စားရမှုများက စိုးရိမ်စရာ ဖြစ်လာခဲ့သည်။

“မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ ရှာဖွေတူးဖော်ရေး လုပ်ငန်းကဏ္ဍရဲ့ အရှိန် ကုန်သွားပြီ။ နာမည်ကြီးခဲ့တဲ့အတိုင်း ဖြစ်နိုင်တုန်းပဲ ဆိုတာကို ပြသစရာ ကျနော်တို့ အတွက် အရိပ်အယောင် တချို့ လိုအပ်ပါတယ်” ဟု အင်္ဂလန် အခြေစိုက် စွမ်းအင် သုတေသနနှင့် အတိုင်ပင်ခံ လုပ်ငန်းတခု ဖြစ်သည့် Wood Mackenzie မှ ရှာဖွေရေး နှင့် တူးဖော်ရေးဆိုင်ရာ လေ့လာဆန်းစစ်သူ တဦးဖြစ်သော Jean-Baptiste Berchoteau က ပြောသည်။

မြန်မာနိုင်ငံ၏ အလားအလာကို လုံးဝ ပယ်ဖျက်ပစ်ရန်လည်း စောလွန်းနေဆဲဟု သူက ပြောသည်။ သို့သော်လည်း ပြီးခဲ့သည့် လ အနည်းငယ် အတွင်းတွင် အရှေ့တောင် အာရှမှ မြန်မာ နိုင်ငံ၏ ရေနံ နှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းက အားလျော့လာခဲ့သည့် အသွင်ရှိပါသည်။

“စွန့်လွှတ်သွားတဲ့ သို့မဟုတ် စွန့်လွှတ်တော့မယ့် လုပ်ကွက် ၄ ကွက် ၅ ကွက်လောက် ရှိပါတယ်။ ခုချိန်မှာ ကျနော့်ကို သေချာမလား မေးရင် ရိုဟင်ဂျာ ကိစ္စက အထောက်အကူ မဖြစ်ပါဘူး ” ဟု Jean-Baptiste Berchoteau က ပြောသည်။

အရောင်မှိန်လာခြင်း

ရေနံ ကုမ္ပဏီများက ရေနံဈေးနှုန်း ကျဆင်းမှုနှင့် ကြီးမားသော (ရေနံ နှင့်သဘာဝ ဓာတ်ငွေ့) တွေ့ရှိမှုများ မရှိသောကြောင့် ရှာဖွေရေးနှင့် တူးဖော်ရေး အသုံးစရိတ်များ လျှော့ချနေသည့် အချိန်တွင် မြန်မာနိုင်ငံက အရှေ့တောင် အာရှတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးအတွက် ရေပန်းစားသော နေရာခု ဖြစ်လာခဲ့သည်။

ကုမ္ပဏီများက ဈေးနှုန်း ကျဆင်းသော်လည်း ရှာဖွေရေးစရိတ် နည်းပါးခြင်းဖြင့် ရေနံကို ဈေးပေါပေါ ထုတ်လုပ်ရေး နောက်ထပ် ရှုထောင့်တခုကိုလည်း အားသာချက် ရယူရန် လုပ်ကိုင်ကြသည်။ ဥပမာအားဖြင့် သြစတြေးလျနိုင်ငံမှ Woodside Energy က ၂၀၁၄ ခုနှစ် မတိုင်မီက လုပ်ပိုင်ခွင့်ရရှိခဲ့သော လုပ်ကွက်များတွင် အပူတပြင်း ရှာဖွေမှုများ ပြုလုပ်ခဲ့သည့် ရလဒ် အဖြစ် ဓာတ်ငွေ့ရရှိနိုင်မည့် နေရာအမြောက်အများ တွေ့ရှိခဲ့သည်။

အာရှ-ပစိဖိတ်တွင် အကြီးဆုံးအဖြစ် ဓာတ်ငွေ့ ၁.၅ ထရီလီယံ ကုဗပေ တွေ့ရှိရခြင်း အပါအဝင် အဆိုပါ တွေ့ရှိမှုများက မြန်မာနိုင်ငံကို ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး မြေပုံပေါ်သို့ တင်ပေးခဲ့သည်ဟု Jean-Baptiste Berchoteau က ဆိုသည်။

လိုင်စင်အသစ် ချထားပေးမှုများ မရှိသည့် အချိန်တွင် ၂၀၁၄ ခုနှစ် အတွင်းက ချထားပေးခဲ့သော လုပ်ကွက်များတွင် လေ့လာသည့် ပထမအဆင့်အတွက် သတ်မှတ်ကာလ ပြီးဆုံးရန် နီးကပ်လာသည်။ သတ်မှတ်ကာလ မကုန်မီ ကုမ္ပဏီ များက တူးဖော်သည့် နောက်တဆင့်ကို ဆက်လက်ဆောင်ရွက်ရန် ဆန္ဒ ရှိ၊ မရှိကို အစိုးရသို့ အသိပေးရမည် ဖြစ်သည်။

အသိပေး အကြောင်းကြားမှုများကို လုပ်ကွက်များ လုပ်ကိုင်ခွင့်ရရှိခဲ့သည့် အချိန်ကာလပေါ် မူတည်၍ ၂၀၁၇ စက်တင်ဘာ လ နှင့် ၂၀၁၈ ခုနှစ် မတ်လ အတွင်း တင်သွင်းရမည် ဖြစ်သည်။

ကုမ္ပဏီ အချို့က သူတို့၏ လုပ်ကွက်များကို စွန့်လွှတ်ခဲ့ပြီး ဖြစ်သည်။ အောက်တိုဘာလလယ်ပိုင်းတွင် အိန္ဒိယနိုင်ငံမှ Reliance Industries က လေ့လာရေးကာလ ပြီးဆုံးသည့် အချိန်တွင် လုပ်ကွက် M17 နှင့် M18 တို့ကို စွန့်လွှတ်တော့ မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Shell ကုမ္ပဏီက သူတို့၏ စီးပွားဖက်များနှင့် အတူ လုပ်ကွက် ၃ ခု(တနင်္သာရီ ကမ်းရိုးတန်း မှ လုပ်ကွက် MD-5 နှင့် ရခိုင်ကမ်းရိုးတန်း ဘင်္ဂလားပင်လယ်အော်မှ လုပ်ကွက် AD-9 နှင့် AD-11 တို့ကို စွန့်လွှတ်ခဲ့သည်ကို ဝန်ကြီးဌာနသို့ အသိပေးပြီး ဖြစ် ကြောင်း နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြောသည်။

“ကျနော်တို့ ဒီလုပ်ကွက်တွေကို မြန်မာ အစိုးရဆီ ပြန်ပေးခဲ့ပြီးပါပြီ။ ဘာကြောင့်လဲဆိုတော့ သုံးဖက်မြင် မြေလွှာစမ်းသပ် တွက်ချက်မှုတွေ အရ ဒီ လုပ်ကွက်တွေက စီးပွားရေးအရ စိန်ခေါ်မှု အလွန်များလို့ ဖြစ်ပါတယ်” ဟု ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Oil India နှင့် သြစတြေးလျ စတော့အိတ်ချိန်းတွင် စာရင်းသွင်းထားသော Tap Oil တို့ လည်း ရရှိထားသော လုပ်ကွက်များကို ပြန်လည်စွန့်လွှတ်ပြီး သို့မဟုတ် စွန့်လွှတ်လု နီးပါးဖြစ်သည်။ ကုမ္ပဏီ အများစုက နောက်ထပ် ဆက်လက်ဆောင်ရွက်တော့မည် မဟုတ်ကြောင်း Jean-Baptiste Berchoteau က ပြောသည်။ မေးမြန်းစုံစမ်းမှုများကို Tap Oil က တုန့်ပြန်ခဲ့ ခြင်း မရှိပါ။ Oil India ထံမှ မှတ်ချက် မရရှိနိုင်ခဲ့ပါ။

Woodside ကလည်း ၎င်းတို့၏ ရှာဖွေတွေ့ရှိမှုကို သိသိသာသာ တိုးတက်အောင် မပြုလုပ်နိုင်ခဲ့ဟု Jean-Baptiste Berchoteau က ပြောသည်။ ၁ ထရီလီယံ ကုဗပေ တွေ့ရှိခြင်းကလည်း ကမ်းလွန်ရေနက်လုပ်ငန်း သို့မဟုတ် ဝေးလံ ခက်ခဲသည့် စီမံကိန်းများအတွက် စီးပွားရေးအရ အကျိုးအမြတ်ရရန် အလွန်ခက်ခဲသည့်အတွက် လုံလောက်လိမ့်မည် မဟုတ်ဟု သူက ဆိုသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ တင်းကျပ်သော ဘဏ္ဍာရေး ဆိုင်ရာ သတ်မှတ်ချက်များကြောင့် ဖြစ်သည်။

“တကယ်လို့ ဓာတ်ငွေ့ ကုဗပေ ၄ ထရီလီယံက နေ ၅ ထရီလီယံ လောက်အထိ တွေ့တာမျိုး မဟုတ်ခဲ့ရင် ငွေရှာဖို့ အရမ်း ကို ခက်ပါတယ်” ဟု သူက ပြောသည်။

နိုင်ငံရေးအရ စွန့်စားရမှု ပိုကြီးလာ

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများနှင့် စစ်အင်အား အလွန်အကျွံသုံးစွဲမှုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လူသိရှင်ကြား အပြစ်တင်ခဲ့သည့် နိုဝင်ဘာလ အစောပိုင်းလောက်မှ စ၍ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ စိတ်တထင့်ထင့် ပိုဖြစ်လာခဲ့ကြသည်။

ယခုအချိန်အထိ မြန်မာနိုင်ငံမှ မည်သည့် စီးပွားရေးလုပ်ငန်းမှ ပြန်လည်ထွက်ခွာသွားခြင်း မရှိသေးသော်လည်း ကုမ္ပဏီ များမှာ အနောက်တိုင်းမှ အရေးယူပိတ်ဆို့မှုများ ပြန်လည်ရောက်ရှိလာမည်ကို ကြီးမားစွာ စိုးရိမ်ခြင်းနှင့်အတူ သူတို့၏ ဂုဏ်သိက္ခာ လျော့ကျသွားမည်ကို ပူပန်နေကြသည်။

လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပြဿနာများ ရပ်တန့်ပြေလည်သွားစေရေး ပျက်ကွက်ခဲ့သည့်အတွက် မလေးရှား အစိုးရပိုင် ရေနံကုမ္ပဏီ ဖြစ်သော Petronas ကို မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာရန် မလေးရှား နိုင်ငံရေး သမား ၄၇ ဦးပါဝင်သော အဖွဲ့က တောင်းဆိုခဲ့သည်။

Petronas သည် ဝေဖန်ခံရသော ပထမဆုံး ကုမ္ပဏီမဟုတ်ပါ။

အောက်တိုဘာလအတွင်းတွင် ၎င်းတို့၏ စီမံခန့်ခွဲမှုအောက်၌ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၅၃ ဘီလီယံကျော်ကို ကိုယ် စားပြုသည့် ရင်း နှီးမြှုပ်နှံသူများက ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ကုမ္ပဏီ ၆ ခု ဖြစ်သည့် China National Offshore Oil Corp၊ Daewoo၊ PetroChina၊ Petronas၊ Total နှင့် Woodside Petroleum တို့ထံသို့စာရေး၍ လူ့အခွင့်အရေးချိုး ဖောက်မှုများရှိနေသည့် အချိန်တွင် မြန်မာနိုင်ငံမှ သူတို့၏ သဘောတူညီမှုများကို ပြန်လည်စဉ်းစား သုံးသပ်ရန် တောင်းဆို ခဲ့သည်။

အဆိုပါ လှုပ်ရှားမှုကို Azzad Asset Management ၏ တစိတ်တပိုင်း ကျောထောက်နောက်ခံမှုဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။ သြဂုတ်လအတွင်း Azzad Asset Management က Chevron ကုမ္ပဏီသို့ ရှယ်ယာပိုင်ရှင်များ၏ ကိုယ်စား စာတစောင် ရေးသားပေးပို့၍ Chevron ၏ မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းများကို ပြန်လည်သုံးသပ်မှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

“Chevron က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခ ကိစ္စနဲ့ ပတ်သက်လို့ ရှယ်ယာရှင်တွေနဲ့ ပြုလုပ်နေတဲ့ ဆွေးနွေးမှု တွေကို တန်ဖိုးထားပါတယ်။ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုက စီးပွားရေးတိုးတက်မှုနဲ့ ဖွံ့ဖြိုးရေးအတွက် အင်အားကောင်းတဲ့ ယန္တယားတခု ဖြစ်တယ်ဆိုတာ ကျနော်တို့ ယုံကြည်ပါတယ်” ဟု ကုမ္ပဏီ၏ ပြောရေးဆို ခွင့်ရှိသူ တဦးကပြောသည်။ Chevron က မြန်မာနိုင်ငံတွင်း အပါအဝင် အားလုံးကို လွှမ်းခြုံနိုင်သည့် လူ့အခွင့်အရေးကို လေးစားသော စီးပွားရေးကို ဆောင်ရွက်နေခြင်း ဖြစ်သည်ဟုလည်း ထပ်ပြောသည်။

ရခိုင်ပြည်နယ်မှ အခြေအနေက ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို တိုက်ရိုက်သက်ရောက်စေခြင်း မရှိသော်လည်း အနာဂတ်တွင် တူးဖော်ရေး လုပ်ငန်းများ မပြုလုပ်မီ ဆောင်ရွက်ရန် လိုအပ်သည့် မြောက်ပိုင်းမှ ငါးဖမ်းကျေးရွာများမှ ပြည်သူ အသိုင်းအဝိုင်း အချို့နှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ရေးကို ပယ်ဖျက်ခဲ့ကြကြောင်း သြစတြေးလျနိုင်ငံမှ Woodside ကုမ္ပဏီက ပြောသည်။

“လုံခြုံရေး အခြေအနေကြောင့် ကျနော်တို့ အနေနဲ့ လူမှုရေး အစီအစဉ်တချို့ကို ရပ်ဆိုင်းထားရပါတယ်” ဟု ကုမ္ပဏီ ပြော ရေးဆိုခွင့် ရှိသူကပြောသည်။ လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေနှင့် ပတ်သက်၍ Woodside က စိုးရိမ်ကြောင်းနှင့် ရေရှည်ခိုင်မြဲ၍ ငြိမ်းချမ်းသော အဖြေတခုကို မျှော်လင့်ကြောင်းလည်း ထပ်ပြောသည်။

အခြား အဓိက လုပ်ငန်းကြီးများ ဖြစ်ကြသည့် Total၊ Petronas နှင့် PTTEP တို့က သူတို့၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော သဘောထားကို မေးမြန်းခြင်းကို ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပါ။

လန်ဒန်အခြေစိုက် စီးပွားရေး အတိုင်ပင်ခံလုပ်ငန်းတခု ဖြစ်သည့် The Economist Intelligence Unit မှ အာဆီယံ လေ့လာဆန်းစစ်ရေး အဖွဲ့ခေါင်းဆောင် Miguel Chanco က“မလေးရှားနိုင်ငံမှာ လွှတ်တော်ကိုယ်စားလှယ်တွေက တောင်းဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ကျနော် သိပ်အများကြီး မတွေးပါဘူး” ဟု Petronas အပေါ် တောင်းဆိုမှုကို ရည်ညွှန်း၍ ပြောသည်။

“ဒီလွှတ်တော်ကိုယ်စားလှယ်တွေက အများစိတ်ဝင်စားမှုကို ရယူချင်တဲ့ သဘောမျိုးရှိတယ်လို့ ကျနော် သံသယ ရှိတယ်။ အထူးသဖြင့် မွတ်ဆလင် လူများစုဖြစ်တဲ့ မလေးရှားနိုင်ငံမှာ ရွေးကောက်ပွဲအတွက် အရှိန်တက်နေတဲ့ အချိန်မှာပါ” ဟု သူက ဆိုသည်။

မလေးရှားနိုင်ငံတွင် နိုင်ငံရေး အခြေအနေက အကဲဆတ်မှု တိုးလာနေသည့်ကြား Petronas က မည်သို့ တုန့်ပြန်မည် ဆိုသည်ကို ဆက်လက် စောင့်ကြည့်ရန်သာ ရှိပါသည်။

(စွမ်းအင်ဆိုင်ရာ သတင်းဌာန S&P Global Platts မှ Eric Yep ၏ Rohingya crisis hits Myanmar’s upstream at critical investment phase ကို ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading