ပြည်ပသို့ ဆန်တင်ပို့မှုမှာ နှစ်ပေါင်း ၅၅ အတွင်း ယခု ဘဏ္ဍာနှစ်၌ အမြင့်ဆုံး စံချိန်တင်၍ တင်ပို့နိုင်ခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ သတင်းရရှိသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် က “ ယခုနှစ် ဆန်တင်ပို့မှု က ၅၅ နှစ် အတွင်းမှာ အမြင့်ဆုံးရောက်လာတာ။ ၇ လအတွင်းမှာကို ၅၅ နှစ်ရဲ့ စံချိန်ကို ချိုးသွားတာ ဖြစ်ပါတယ်။ ဒါဟာ နိုဝင်ဘာ ၁၀ ရက်နေ့ထိ တင်ပို့ထားတဲ့ စာရင်းပဲ ရှိပါသေးတယ်။ ” ဟု ပြောသည်။
မြန်မာနိုင်ငံ အနေဖြင့် ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးမှ ဆန်များကို ပြည်ပသို့ အများဆုံး တင်ပို့နေရာ လက်ရှိအထိ ပြည်ပ နိုင်ငံပေါင်း ၅၀ ကျော်ကို ဆန်တင်ပို့နေပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၁ ဒသမ ၇၅ သန်း တင်ပို့ထားပြီးဖြစ်ကြောင်း လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။
မြန်မာနိုင်ငံမှ ဆန်တင်ပို့မှု မှာ တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့နေရာ လက်ရှိဘဏ္ဍာနှစ်တွင် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ဆန်တင်ပို့မှု တန်ချိန် ၉ သိန်းကျော်ဖြစ်ပြီး၊ ပင်လယ်ရေကြောင်းမှ တန်ချိန် ၁ သန်းကျော်အထိ တင်ပို့ပြီး ဖြစ်သည်။ ယခုနှစ်မှ စပြီး မြန်မာနိုင်ငံအနေဖြင့် ပထမဆုံး ပင်လယ်ရေကြောင်းမှ ဆန်တင်ပို့မှုသည်လည်း နယ်စပ်က တင်ပို့မှုထက် များလာကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆန်စပါး အသင်းချူပ်မှ အထွေထွေ အတွင်းရေးမှူး ဦးနေလင်းဇင်က “ တလကို တန်ချိန် ၂ သိန်းနှုန်းနဲ့ ဆက် တင်ပို့နိုင်မှာ ဖြစ်တာကြောင့် ဘတ်ဂျက် နှစ်ကုန်ဆိုရင် တန်ချိန် ၂ ဒသမ ၈ သန်းထိ တင်ပို့နိုင်မှာ ဖြစ်ပါတယ်။” ဟု ဧရာဝတီ သို့ ပြောသည်။
ပြည်ပသို့ ဆန်တင်ပို့ရာတွင် အခြားနိုင်ငံများဖြင့် ယှဉ်လျှင် မြန်မာနိုင်ငံမှ ဆန်များမှာ အရည်အသွေးပိုင်းတွင် အားနည်း ချက်များ ရှိနေခြင်းကြောင့် နိုင်ငံခြားသို့ တင်ပို့မည့် စပါးကို စိုက်သည့်အခါမှာ ခရိုင်တခုလုံး မြေအမျိုးစားနှင့် ကိုက်ညီသည့် စပါးတမျိုးတည်းကို စိုက်ပျိုးနိုင်ရန် အတွက် စီစဉ်နေကြောင်း၊ စိုက်ပျိုးသည့် စပါး အမျိုးအစား မတူသည့် အတွက် ပြည်ပသို့ တင်ပို့ရာတွင် မြန်မာနိုင်ငံဘက်၌ အားနည်းချက်များ ရှိနေခြင်း ဖြစ်သည်။
ထို့ပြင် ယခုနှစ်တွင် ပြည်ပသို့ ဆန်တင်ပို့မှု များပြားသဖြင့် ပြည်တွင်း စပါး အဟောင်း၊ အသစ် နှစ်မျိုးလုံးမှာ ဈေးနှုန်းများမှာ ယခင်နှစ်ထက်ပို၍ စံချိန်တင် မြင့်တက်လျက်ရှိကြောင်း ပြည်တွင်းဆန်စပါးကုန်သည်များထံမှ သိရသည်။
နေပြည်တော်မှ စပါးစိုက်တောင်သူ ဦးဌေးမြင့်က “မနှစ်က စပါးဈေး တင်းတရာကို လေးသိန်းရှစ်သောင်းတောင် မပြည့်ချင်ဘူး၊ ဒီနှစ်ခြောက်သိန်းဈေး ရောင်းရတယ်။ ဒီလို ဈေးကောင်းတော့ တောင်သူလည်း ပင်ပန်းရ ကျိုးနပ်တာပေါ့” ဟု ဧရာဝတီ သို့ ပြောသည်။
မြန်မာနိုင်ငံက ပြည်ပနိုင်ငံများသို့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၃၈ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁ ဒသမ ၃ သန်းကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ သန်း ၃၈၀ တန်ဖိုးရှိ ဆန်တန်ချိန် ၁ ဒသမ ၃ သန်းကျော်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၆၄၄ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁ ဒသမ ၅ သန်း တင်ပို့ နိုင်ခဲ့ပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၄၈၀ တန်ဖိုးရှိ ဆန်တန်ချိန် တသန်းကျော် တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။