စီးပွားရေး

ရခိုင်အကျပ်အတည်းရှိသော်လည်း မြန်မာတွင် ဘီလီယံချီ ရင်းနှီးမြှုပ်နှံနေဆဲ

Want create site? Find Free WordPress Themes and plugins.

ရခိုင်မြောက်ပိုင်း ပဋိပက္ခကြောင့် မြန်မာနိုင်ငံအပေါ် အမေရိကန်နှင့် ဥရောပတို့က ပို၍ သဘောထားတင်းမာလာနေသည့် အချိန်တွင် အာရှမှ စီးပွားရေးလုပ်ငန်းများက ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဆက်လက် ဆောင်ရွက်နေကြသည်။

ဘန်ကောက် အခြေစိုက် ဆောက်လုပ်ရေး ကုမ္ပဏီတခုဖြစ်သော TTCL Pcl က အနီးဆုံး ဥပမာများထဲမှ တခုဖြစ်သည်။ ထိုင်းနိုင်ငံနှင့် ထိစပ်နေသော ကရင်ပြည်နယ်အတွင်းတွင် အမေရိကန်ဒေါ်လာ ၃ ဘီလီယံတန် ကျောက်မီးသွေး လောင် စာသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း အတွက် လာမည့်နှစ် ပထမနှစ်ဝက်အတွင်းတွင် ဘဏ္ဍာငွေရှာဖွေရေး နှင့် အစုရှယ် ယာ ဝင်အဖွဲ့ တည်ဆောက်ရေးကို အပြီးသတ်ရန် TTCL Pcl က ဦးတည်နေသည်။

“မြန်မာနိုင်ငံက ပြည်တွင်းရေး ပြဿနာတွေကို ကျနော်တို့ သတိပြုမိပါတယ်။ ထိုင်းနိုင်ငံမှာ ရှိတဲ့ အဖွဲ့အစည်း တချို့နဲ့ export credit agencies –ECAs (နိုင်ငံခြားတွင် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများသို့ ချေးငွေ နှင့် အာမခံများ ပံ့ပိုးပေး သည့် အေဂျင်စီ) တွေကတော့ ဘဏ္ဍာရေး အထောက်အပံ့ပေးဖို့ စိတ်အားထက်သန်နေကြတုန်းပါပဲ” ဟု TTCL ၏ ဘဏ္ဍာရေး အရာရှိချုပ် Gobchai Tanasugarn က ဘန်ကောက်မြို့တွင် နိုဝင်ဘာလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့သော အင်တာဗျူး တခုတွင် ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရိုဟင်ဂျာ ၆၀၀၀၀၀ ကျော် ထွက်ပြေးခဲ့သည်ကို တွေ့ခဲ့ရသည့် ပြဿနာနှင့် ပတ်သက်၍ နိုင်ငံတကာ၏ တုန့်ပြန်မှုတွင် အာရှနှင့် အနောက်နိုင်ငံများ မြန်မာနိုင်ငံအပေါ် အယူအဆ ကွဲပြားမှု ရှိနေကြောင်း ဖော်ပြနေသည်။

ဗိုလ်ချုပ်ကြီးများက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည့် ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် အမေရိကန်နှင့် အနောက်တိုင်း ကုမ္ပဏီများက မြန်မာနိုင်ငံတွင် လုပ်ငန်းများ ပိုမို တည်ထောင်နိုင်ရန် ကြိုးစားခဲ့ကြသော်လည်း အာရှ စီးပွားရေးလုပ်ငန်းများက လွှမ်းမိုးနေဆဲ ဖြစ်သည်။

အထူးသဖြင့် ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ အမေရိကန်ဒေါ်လာ ၁၈.၁ သန်းကျော် ရင်းနှီးမြှုပ်နှံခဲ့သော တရုတ် နိုင်ငံက ဦးဆောင်နေသည်။ နှိုင်းယှဉ်ကြည့်မည် ဆိုလျှင် ဥရောပသမဂ္ဂ၏ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃.၉ ဘီလီယံ (ထိုအထဲမှ ၆၃ ရာခိုင်နှုန်းမှာ ဗြိတိန်မှလာခြင်း ဖြစ်သည်) နှင့် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ ၁၃၃ သန်း ဖြစ်ပြီး ထိုရင်းနှီးမြှုပ်နှံမှု အားလုံးနီးပါးမှာ အရေးယူ ပိတ်ဆို့မှုများ အပြည့်အဝ ရုပ်သိမ်းခဲ့သည့် ယခုနှစ်အတွင်းမှ ရောက်ရှိလာ ခြင်း ဖြစ်သည်။ အစိုးရမှ ထုတ်ပြန်သည့် အချက်အလက်များအရ တရုတ်နိုင်ငံက ယခုနှစ် ဧပြီလမှ အောက်တိုဘာလအတွင်း တွင် အမေရိကန်ဒေါ်လာ ၈၄၁.၅သန်း ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရသည်။

ဒုက္ခသည် ပြဿနာအတွက် အဖြေတခု ရှာဖွေရာတွင် တရုတ်နိုင်ငံက အမေရိကန် သို့မဟုတ် ဥရောပထက် ပို၍ မျှော်လင့် ချက်ထားခဲ့သည်။ အဖြေတခု ရရှိရေးအတွက် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ယခုလအတွင်းတွင် မြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ လွန်းပျံသွားရောက်ခဲ့သည်။ ဒုက္ခသည်များ ပြန်လည်လက်ခံရေးကို ၂ လအတွင်း စတင်ရန် ၂ နိုင်ငံလုံးက ပြီးခဲ့သည့် အပတ်အတွင်းတွင် သဘောတူညီခဲ့ကြသည်။

တရုတ်ကွန်မြူနစ်ပါတီက နိုဝင်ဘာ ၃၀ မှ ဒီဇင်ဘာ ၃ ရက်နေ့အထိ ကျင်းပပြုလုပ်နေသည့် နိုင်ငံရေးခေါင်းဆောင်များ အစည်း အဝေးတခုသို့ တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည် ဘေဂျင်းမြို့သို့ ရောက်ရှိနေပြီး အနာဂတ်တွင် မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမှု အကြီးအကျယ် လုပ်မည့် အလားအလာကို ပြသသည့်အနေဖြင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်ကို တည်ဆောက်ရန် တရုတ်ခေါင်းဆောင်များနှင့် သဘောတူထားသည်။

ဒုက္ခသည်များ ပြန်လည်လက်ခံရေး သဘောတူညီချက်က လက်တွေ့တွင် အလုပ်ဖြစ် မဖြစ် မရေရာသေးသော်လည်း တရုတ်နိုင်ငံက နိုင်ငံရပ်ခြားမှ အငြင်းပွားမှုများ ဖြေရှင်းရာတွင် ပိုမို တက်ကြွလာနေကြောင်းသည်ဟု စင်ကာပူ အမျိုးသားတက္ကသိုလ် ရှိ Lee Kuan Yew School of Public Policy မှ တွဲဖက် ဧည့်ပါမောက္ခ Francesco Mancini က ဆိုသည်။

“ပုံစံတခု ရှိပါတယ်။ သူတို့ ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့နေရာတိုင်းမှာ သူတို့က သံတမန်ရေးအရ ဖြန်ဖြေရေးနဲ့ ပါဝင်ပတ်သက် တတ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလိုပါပဲ။ အနောက်နိုင်ငံတွေက ကမ္ဘာရဲ့ ဒီဘက်ပိုင်းနဲ့ ဘယ်လို ထိတွေ့ဆောင်ရွက် ရမယ်ဆိုတာ နားမလည်ကြဘူး။ သွားပြီး အပြစ်တင်တာက အထောက်အကူ မဖြစ်ဘူး။ အထူးသဖြင့် အဲဒါမျိုးတွေကို ဆယ်စုနှစ်နဲ့ ချီပြီး ကြားနေခဲ့ရတဲ့ မြန်မာနိုင်ငံ အတွက်ပါ” ဟု သူက ပြောသည်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နှင့် နိုင်ငံရေး အကျဉ်းသားဟောင်း ဒေါ်အောင်ဆန်းစုကြည်မှာ အမေရိကန်နှင့် ဥရောပမှ လူ့အခွင့်အရေးသမားများ၏ တိုက်ခိုက်မှုကို ခံနေရသည်။ သူက ရိုဟင်ဂျာများကို ပိုမိုကာကွယ်ပေးနိုင်ရန် ပျက်ကွက်ခဲ့သည်ဟု သူတို့က စွပ်စွဲခဲ့ကြသည်။

သို့သော် နိုဝင်ဘာလက တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနှင့်အတူ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတခုတွင် ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် တန်ဖိုးတူညီမှုရှိသော မိတ်ဆွေများ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ရိုဟင်ဂျာ ပြဿနာက ဘဏ္ဍာရေးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံသူတို့၏ စိတ်သဘောထားအပေါ် သက်ရောက်မှု ရှိနိုင် သော်လည်း ယခုအချိန်အထိ တိုက်ရိုက် စီးပွားရေး သက်ရောက်မှုကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းထားသည့် အသွင်ရှိသည် ဟု နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ (IMF) က နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။ ၂၀၁၇-၂၀၁၈ တွင် စီးပွားရေးတိုးတက်မှုက ၆.၇ ရာခိုင်နှုန်းသို့ ပြန်တက်လာနိုင်သည်ဟုလည်း IMF က ကြိုတင် ခန့်မှန်းထားသည်။

“မြန်မာနိုင်ငံမှာ ကျင့်ဝတ်ဆိုင်ရာနဲ့ စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုက တခုတည်းဖြစ်ပြီးတော့ တကယ်လို့ ခင်ဗျားက ကာကွယ်ရမယ့် ဂုဏ်သိက္ခာတခုရှိတဲ့ ကုမ္ပဏီတခု ဖြစ်တယ်ဆိုရင် အာရှ တိုက်သားဖြစ်ဖြစ် တခြားကပဲ ဖြစ်ဖြစ် တူတူ ပါပဲ” ဟု စွန့်စားမှုရှိသည့် စီးပွားရေးလုပ်ငန်းများဆိုင်ရာ အတိုင်ပင်ခံ လုပ်ငန်းတခု ဖြစ်သည့် Control Risks မှ အာရှ နှင့် ပစိဖိတ်ရေးရာ အကြီးတန်း ကျွမ်းကျင်သူ တဦး ဖြစ်သော Steve Wilford ကပြောသည်။ “မြန်မာနိုင်ငံမှာ ဂုဏ်သိက္ခာပိုင်း အရ စွန့်စားရမှုဆိုင်ရာ အဓိက အကဲဖြတ်မှု ကျနော်တို့ နောက်ဆုံးလုပ်ပေးခဲ့ရတာ ၂ ခုက ဆော်ဒီအာရေးဗီးယား ကုမ္ပဏီ တခုနဲ့ မလေးရှား ကုမ္ပဏီ တခု အတွက်ပါ။” သို့သော် ယင်းကုမ္ပဏီများသည် ပထဝီအရ အာရှအခြေစိုက် ဖြစ်ကြသော်လည်း ဘာသာရေးကဏ္ဍကို ထည့်သွင်းစဉ်းစားရမည့် အခြေအနေဖြစ်လာသည်။

မည်သို့ဆိုစေ မြန်မာနိုင်ငံ၏ တိုးတက်မှု အခွင့်အရေးများက နိုင်ငံခြားကုမ္ပဏီများကို ဆက်လက်ဆွဲဆောင်နေသည်။ အာရှတိုက်မှ လတ်တလော ဥပမာများထဲတွင် အောက်ပါတို့ အပါအဝင် ဖြစ်သည်။
• Thai Beverage Pcl ၏ လုပ်ငန်းခွဲတခုက မြန်မာနိုင်ငံ၏ ထိပ်တန်း ဝီစကီ ထုတ်လုပ်ရေး အမှတ်တံဆိပ်တခု၏ အစုရှယ်ယာ ၇၅ ရာခိုင်နှုန်းကို အမေရိကန် ဒေါ်လာ ၇၄၂ သန်းခန့်ဖြင့် ရယူခဲ့သည်။
• ဖိလစ်ပိုင်နိုင်ငံမှ Basic Energy Corp က မြန်မာနိုင်ငံတွင် အလားအလာရှိသည့် နေရာင်ခြည်စွမ်းအင် လုပ်ငန်း တခုအတွက် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်းပြောသည်။
• ဂျပန်နိုင်ငံမှ Kajima Corp က ရန်ကုန်တွင် ဒေါ်လာ ၄၀၅ သန်းတန် စီမံကိန်းတခု အတွက် ကြိုးစားနေသည်ဟု Nikkei သတင်းတခုအရသိရသည်။

မြန်မာနိုင်ငံ၏ ထိပ်တန်း ကုန်သွယ်ရေး မိတ်ဖက် ၉ နိုင်ငံမှာ အားလုံး အာရှမှ ဖြစ်ပြီး အမေရိကန်က အဆင့် ၁၀ ဖြင့် ဗီ ယက်နမ်နိုင်ငံ၏ နောက်မှ ရပ်တည်နေသည်။ ထိုင်းနိုင်ငံက မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ် သည်။ ထိုင်း-မြန်မာ ကုန်သွယ်ရေး၏ အများဆုံး အစိတ်အပိုင်းမှာ မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များ တက်သွင်းခြင်း ဖြစ်သည်။

လျှပ်စစ်ဓာတ်အား ၁၂၈၀ မီဂါဝပ် ထုတ်လုပ်နိုင်မည့် ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေးစက်ရုံတခု တည် ဆောက်ရန် အတွက် ကရင်ပြည်နယ် အစိုးရနှင့် ဖက်စပ်လုပ်ကိုင်မည် ဖြစ်ကြောင်း ကျေညာခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ထိုင်းနိုင်ငံမှ TTCL ၏ အစုရှယ်ယာများ ၂၆ ရာခိုင်နှုန်း နီးပါး တန်ဖိုးတက်သွားခဲ့သည်။

အပြည့်အဝ လည်ပတ်နိုင်မည့် ၂၀၂၄ ခုနှစ်တွင် ဓာတ်အားပေးစက်ရုံက TTCL ၏ ဝင်ငွေကို ထိုနှစ်တွင် ဘတ်ငွေ ၃၀ ဘီလီယံ(အမေရိကန်ဒေါ်လာ ၉၁၉ သန်း) အထိ တိုးတက်သွားအောင် အထောက်အကူပြုလိမ့်မည်ဟု TTCL ၏ ဘဏ္ဍာရေး အရာရှိချုပ် Gobchai Tanasugarn က ပြောသည်။ ပြီးခဲ့သည့် နှစ် အတွင်းက TTCL ၏ ဝင်ငွေမှာ ဘတ်ငွေ ၂၀ ဘီလီယံ ဖြစ်ပြီး ၂၀၁၅ ခုနှစ်က ထက်စာလျှင် ၇ ရာခိုင်နှုန်း ကျဆင်းသွားခြင်း ဖြစ်သည်။

ကျောက်မီးသွေး စီမံကိန်းက မြန်မာနိုင်ငံမှ စွမ်းအင်နှင့် လျှပ်စစ် ဝန်ကြီးဌာန၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရဆဲ ဖြစ်သော်လည်း လုပ်ကိုင်ခွင့်ရလိမ့်မည်ဟု TTCL က မျှော်လင့်ထားပြီး ဖြစ်သည်။ လာမည့် ၃ နှစ်အတွင်းတွင် TTCL က မြန်မာ နိုင်ငံ၌ စုစုပေါင်း ဓာတ်အား ၅၀၀ မီဂါဝပ် ထုတ်လုပ်နိုင်မည့် ဓာတ်ငွေ့လောင်စာသုံး ဓာတ်အားပေး စက်ရုံ ၂ ခု တည်ဆောက်ရန် စဉ်းစားနေသည်ဟု Gobchai Tanasugarnက ပြောသည်။လက်ရှိ အချိန်တွင် သူတို့က ရန်ကုန်မြို့သို့ ဓာတ် အားပေးသည့် စက်ရုံတခုကို လည်ပတ်လုပ်ကိုင်နေခဲ့ပြီး ဖြစ်သည်။

လျှပ်စစ်ဓာတ်အား လုံလောက်မှု မရှိခြင်းကြောင့် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ကြီးမားစွာ ရှိနေသည်ဟု Gobchai Tanasugarnက ပြောသည်။

ပေါ်ထွန်းစ ဈေးကွက်တခုကို ဝင်ရောက်ရန် ကြိုးစားနေသော မည်သည့် ကုမ္ပဏီ အတွက်မဆို ရေရှည်အတွက် အရေးပါသည့်သော့ချက်မှာ တစိုက်မတ်မတ် လုပ်ရန် ဖြစ်သည်ဟု Myanmar Strategic Holdings Ltd မှ အမှုဆောင် အရာရှိချုပ် Enrico Cesenni က ပြောသည်။ Myanmar Strategic Holdings Ltd သည် ရန်ကုန်နှင့် စင်ကာပူတို့တွင် ရုံး ခန်းများ ဖွင့်လှစ်ထားသော နိုင်ငံခြားသားပိုင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတခု ဖြစ်သည်။

“ပေါ်ထွန်းစ ဘယ်လိုစီးပွားရေးတွေနဲ့ ဖြစ်ဖြစ် တူတူပါပဲ။ မြန်မာနိုင်ငံက တုန်လှုပ်စရာတွေနဲ့ ရင်ဆိုင်ရတော့မယ်ထား၊ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ အောင်မြင်မှုရဖို့ ရေရှည်အမြင်တခု ရှိဖို့ လိုပါတယ်” ဟု Enrico Cesenni က အီးမေးလ်မှ တဆင့် ပြောကြားခဲ့သည်။

(Bloomberg သတင်းပါ Supunnabul Suwannakij နှင့် Jason Koutsoukis တို့၏ Businesses Are Still Investing Billions in Refugee Crisis-Hit Myanmar ကို ဘာသာပြန်ဆိုပြီး ဖြည့်စွက်ရေးသား ဖော်ပြသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading