သမ္မတ ဦးသိန်းစိန်လက်ထက်က နိုင်ငံ၏ သားငါးကဏ္ဍ တိုးတက်ရန်နှင့် စားနပ်ရိက္ခာ ဖူလုံရန်ဆိုသော ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသည့် မြန်မာ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (MICA) ၏ လုပ်ငန်းများကို ဆက်လက် ဖော်ထုတ်ရန် မန္တလေးတိုင်း အတွင်းရှိ မွေးမြူရေးခြံများထံသို့ ကွင်းဆင်း စစ်ဆေးရန် ရှိကြောင်း သတင်းရရှိသည်။
အမျိုးသား လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီက MICA ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်နှင့် ဧရာဝတီတိုင်းသို့ ကွင်းဆင်းလေ့လာခဲ့သည့် ကြားဖြတ် အစီရင်ခံစာကို နိုဝင်ဘာလ ၂၂ ရက်နေ့က လွှတ်တော်သို့ တင်ပြခဲ့ပြီး ဖြစ်သည်။
ယင်း ကော်မတီ ဥက္ကဋ္ဌ ဦးသိမ်းဆွေက “အရေးကြီးတဲ့ နေရာတခုကိုတော့ သွားစိစစ်ဖို့ ရှိတယ်။ MICA ကိစ္စက ပြည်သူလူထုကလည်း စိတ်ဝင်စားတယ်။ ကိုယ်တို့ကိုယ်တိုင်ကလည်း သတိထားပြီးတော့ ကိုင်တွယ်နေရတယ်။ ခရီးစဉ်ကတော့ မန္တလေးတိုင်းထဲကို သွားမှာ။ အဲဒီမှာ မွေးမြူရေးခြံတွေ ရှိနေသေးတယ်။ ဆင်းပြီး စစ်ရင် ကော်မတီက တာဝန်ပေးထားတဲ့သူပါမယ်”ဟု ဧရာဝတီသို့ ပြောသည်။
အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အာကာမိုးက နိုင်ငံနှင့် ပြည်သူအတွက် အမှန်တကယ် အကျိုးပြုနိုင်ခြင်းမရှိဘဲ လူတစုကသာ လက်ဝါးကြီးအုပ် ချယ်လှယ်နေသည့် MICA ကို ဖျက်သိမ်းရန် တိုက်တွန်းရာ လွှတ်တော်တွင် ၂၀၁၇ ခုနှစ်၊ ဖေဖော် ဝါရီလက အတည်ပြုနိုင်ခဲ့ပြီး အစိုးရအဖွဲ့ကလည်း MICA ဖျက်သိမ်းရန် ညွှန်ကြားခဲ့ပြီး ဖြစ်သည်။
MICA ကိစ္စသည် လွှတ်တော်တင်စဉ်ကပင် တနိုင်ငံလုံးကလည်း သိပြီး စိတ်ဝင်စားနေသဖြင့် သက်ဆိုင်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စတင်ကိုင်တွယ်နေပြီဟု သိရကြောင်း၊ ပွင့်လင်းမြင်သာမှုရှိရန်နှင့် ပြည်သူများ စိတ်ကျေနပ်မှုရှိစေရန် ဆောင်ရွက်ပေးရမည်မှာ ဝန်ကြီးဌာန၏ အလုပ်ဖြစ်ကြောင်း၊ မန္တလေးတိုင်းအတွင်း စိစစ်မည့် လုပ်ငန်းများကို အသေးစိတ် မပြောနိုင်သေးကြောင်း အထက်ပါ ကော်မတီက ပြောသည်။
MICA အဖွဲ့ဖျက်သိမ်းနိုင်ရေးအတွက် စာရင်းစစ်ချုပ်ရုံး၊ ရှေ့နေချုပ်ရုံး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့ဖြင့် လုပ်ငန်းများကို စိစစ်မှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း၊ နောက်ဆုံး လုပ်ဆောင်ချက်များကို ပြည်ထောင်စု အစိုးရအဖွဲ့အထိ တင်ပြ ခွင့်ပြုချက်ရယူမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ဒုတိယ အမြဲတမ်း အတွင်းဝန် ဒေါက်တာ ထွန်းလွင်က ပြောသည်။
“MICA ကို ဖျက်သိမ်းဖို့ လုပ်နေပါတယ်။ သူ့ Process အတိုင်း ဆက်လုပ်နေရတာပေါ့။ ဖျက်သိမ်းဖို့လည်း အဖွဲ့ဖွဲ့ထားပါတယ်။ ဘယ်နေ့ အပြီးဖျက်ဆိုတဲ့ အချိန်သတ်မှတ်ချက်တော့ မရှိပါဘူး။ သူ့လုပ်ငန်းစဉ် ပြီးပြတ်အောင် လုပ်နေတာ။ စာချုပ်စာတမ်းတွေလည်း ပါတယ်။ Review လုပ်။ စာချုပ် အသစ်ပြန်ချုပ် ဒါတွေလည်း လုပ်ရတယ်”ဟု ၎င်းက ပြောသည်။
MICA ကို သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က ဝန်ကြီးဟောင်း ဦးအုန်းမြင့်၊ ဦးစိုးသိမ်းတို့က ဦးဆောင်ဖွဲ့စည်းခဲ့ပြီး အစိုးရအရာရှိများ ပါဝင်ခဲ့ရာ အနည်းဆုံး နိုင်ငံပိုင်လုပ်ငန်း ၅၀ ခန့်ကို ပုဂ္ဂလိကသို့ လွှဲပြောင်းခြင်း၊ မြေများငှားရမ်းခြင်း၊ အကျိုးတူဆောင်ရွက်ခြင်းများကို အများပြည်သူ သိရှိမှု မရှိဘဲ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း လွှတ်တော်အမတ်များက ပြောသည်။
“ဒီအဖွဲ့ကြီး ဖျက်သိမ်းမယ့် ဖြစ်စဉ်ကြီးတခုလုံးမှာ မှန်မှန်ကန်ကန်နဲ့ နိုင်ငံနဲ့ အများပြည်သူနဲ့ ပတ်သက်တဲ့ပစ္စည်းတွေကို မူလပြည်သူတွေဆီ ပြန်ရောက်စေချင်လို့ MICA အဖွဲ့ဖျက်သိမ်းဖို့ ကြိုးစားခဲ့ကြတာ ဖြစ်တယ်။ နောက်တခုက ဒီဟာကို စံနမူနာပြုပြီး အခြားအလားတူ အဖွဲ့အစည်းများ ရှိခဲ့ရင်လည်း ဒီလိုမျိုး အဖွဲ့အစည်း အမည်ခံပြီးတော့ နိုင်ငံတော် ဘဏ္ဍာကို လက်ပြောင်း လက်လွဲှရယူတဲ့ အလေ့အထတွေ ပပျောက်ဖို့ ရည်ရွယ်ခြင်း ဖြစ်ပါတယ်”ဟု မွန်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောသည်။
ထို့ပြင် MICA စတင်ဖွဲ့စည်းခဲ့စဉ်က အတွင်းရေးမှူး တာဝန်ယူခဲ့သူကို ယခုအခါ MICA ဖျက်သိမ်းရေး ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးထားသည်မှာ မဖြစ်သင့်ကြောင်း၊ ထိုကိစ္စကို သိရှိသည့် ပြည်သူများမှာလည်း အမြင်မကြည်၍ လက်ရှိ အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းရန် လိုကြောင်း ၎င်းက ပြောသည်။
၎င်းကဆက်၍ “တကယ်လို့ သူ့ကို မဖြစ်မနေ ခေါ်ရမယ်ဆိုရင်လည်း သာမာန် အဖွဲ့ဝင် အဖြစ်သော်လည်းကောင်း၊ လူတွေ ဒီထက်အမြင်ရှင်းစေချင် တယ်ဆိုရင်တော့ လိုအပ်တဲ့အချိန်မှာ သူ့ကို ခေါ်ယူမေးမြန်းတဲ့အဆင့်လောက်ပဲ ထားမှ တခြား Third Party အဖွဲ့ အစည်းတွေ ထည့်ရမယ်။ MICA က ရှင်းလင်းချက်တွေကို ပြည်သူလူထု သိနိုင်အောင် သက်ဆိုင်ရာဌာနတွေက ထုတ်ပြန်ပေးသင့်တယ်လို့ ထင်ပါတယ်”ဟု ပြောသည်။
လူအများသိရကြသည့် JICA ဟု ခေါ်သော ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှာ အများ အကျိုး ဆောင်ရွက်ချက်များကြောင့် နာမည် ကျော်ကြားသော်လည်း ယခု MICA မှာ နာမည်ကို အသုံးချရုံသက်သက် ရယူထားခြင်းအပေါ် ပြည်သူလူထုကြားတွင် ဝေဖန်မှုများ ရှိခဲ့သည်။
“MICA က လွဲှဲပြောင်းထားတာတွေ ရှိတယ်။ အစိုးရ ဌာနကနေ MICA ကို လွှဲထားတယ်။ ဒါပေမယ့် MICA က မလုပ်ဖြစ်ဘူး။ နာမည်ပဲ လွှဲထားတာ။ ဝန်ကြီးဌာန လက်ထဲမှာပဲ ရှိသေးတယ်။ အဲဒါတွေပါ လိုက်တွက်မယ်ဆိုရင်တော့ စစ်ဆေးဖို့ အများကြီး ကျန်သေးတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ဌာနကနေ MICA ကို လွှဲပြောင်းလိုက်တယ်။ MICA ကနေ တာဝန်ယူပြီးတော့ လုပ်ခဲ့တဲ့ အလုပ်တွေဆိုရင်တော့ ခရီးတဝက်လောက်တော့ ရောက်ပြီ”ဟု စစ်ဆေးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဦးသိမ်းဆွေက ရှင်းပြသည်။
MICA အဖွဲ့သည် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနပိုင် ခြံစက်ရုံပေါင်း ၄၈ ခု၊ အုတ်စက်ရုံနှင့် တညင်းကုန်း မြေဧရိယာ ၆၄ ဒသမ ၅၄ ဧက၊ ငါးလုပ်ငန်း ဦးစီးဌာနပိုင် လုပ်ငန်း ၁၇ ခု အပြင် အင်းစိန်မြို့နယ်ရှိ မွေးမြူရေးနှင့် ကုသရေး ဦးစီး ဌာန ပိုင်မြေ ၁၃၄ ဒသမ ၇၃၈ ဧကထဲမှ အနုပညာ ဗဟိုဌာနသို့ ၈ ဒသမ ၄၁ ဧက အပ်နှံခဲ့ကြောင်း၊ မွေးမြူရေးနှင့် ဆေးကုသ ရေး တက္ကသိုလ်သို့ ၃၁ ဒသမ ၃၂၁ ဧကအပ်နှံပြီး ကျန်မြေအားလုံးကို အဖွဲ့က လွှဲပြောင်းရယူခဲ့ကာ ယနေ့အထိ ပြန်လည် အပ်နှံခြင်း မရှိသေးကြောင်း သိရသည်။