၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလကုန်အထိ ၈ လတာ အတွင်း ပြည်ပ (နိုင်ငံခြားသား) ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၁၃ ဘီလီယံကျော် ရရှိထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) အတွင်းရေးမှူး ဦးအောင်နိုင်ဦးက “ဒီနှစ်ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ နိုင်ငံခြား သားက သီလဝါ စက်မှုဇုန်ရော၊ ရှိပြီးသားလုပ်ငန်းမှာ တိုးမြင့်တာရော အခု နိုဝင်ဘာလကုန်အထိကို အမေရိကန်ဒေါ်လာ ၄,၇၁၃ ဒသမ ၆၆၆ သန်း (ကန်ဒေါ်လာ ၄ ဒသမ ၇၁၃ ဘီလီလျှံ) ရရှိထားတယ်။
“မြန်မာနိုင်ငံသား ကတော့ အမေရိကန် ဒေါ်လာ ၈၀၃ ဒသမ ၀၁၃ သန်း အပါအဝင် ကျပ်သန်း ၂၈၉၃၂၀၇ ဒသမ ၆၃၀ သန်း ရရှိထားတယ်။ ဒီလုပ်ငန်းတွေကနေ အလုပ်အကိုင် အခွင့်အလမ်းပေါင်း များစွာဖန်တီးပေးခဲ့တာဖြစ်တယ်။ ဒါက ဒီနှစ်အတွက် ဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏဖြစ်တယ်”ဟု ယမန်နေ့ကပြုလုပ်သည့် ရှင်းလင်းပွဲတွင် ပြောသည်။
ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံပေါင်း ၂၆ နိုင်ငံမှ ရင်းနှီးမြှုပ်နှံထားပြီး စင်ကာပူနိုင်ငံမှ လုပ်ငန်း ၃၀ ခုမှ အမေရိကန်ဒေါ်လာ ၁၇၁၂ ဒသမ ၉၇၇ သန်း၊ တရုတ်နိုင်ငံမှ လုပ်ငန်း ၄၃ ခုမှ အမေရိကန်ဒေါ်လာ ၁၀၁၈ ဒသမ ၀၆၉ သန်း၊ နယ်သာလန်နိုင်ငံရှိ လုပ်ငန်း ၆ ခုမှ အမေရိကန်ဒေါ်လာ ၅၃၃ ဒသမ ၉၂၃ သန်း၊ တောင်ကိုရီးယားနိုင်ငံမှ လုပ်ငန်း ၁၁ ခုမှ ၂၂၈ ဒသမ ၀၄၁ သန်းနှင့် UK နိုင်ငံ လုပ်ငန်း ၃ ခုမှ ၀၉ ဒသမ ၁၇၉ သန်း ဖြင့် အစဉ်လိုက်ရင်းနှီး မြှုပ်နှံ ထားသည်။
ခွင့်ပြုခဲ့သည့် လုပ်ငန်းများမှာ အခြားဝန်ဆောင်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ အစာစပ်လုပ်ငန်း၊ လျှပ်စစ်ကဏ္ဍ၊ ရေနံနင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အိမ်ရာအဆောက်အအုံ့ လုပ်ငန်း၊ စက်မှုကဏ္ဍ၊ ဟိုတယ်လုပ်ငန်းနှင့် ခရီးသွားကဏ္ဍ အစရှိသည့် လုပ်ငန်းများတွင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုခဲ့ကြောင်း သိရသည်။
ယင်းလုပ်ငန်းများမှ လက်ရှိအချိန်ထိ ပြည်တွင်းလုပ်သားများနှင့် နိုင်ငံခြားသားလုပ်သားများအတွက် အလုပ်အကိုင် စု စုပေါင်း ၈၁၁၄၀ ဦးခန့် ဖန်တီး ပေးနိုင်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ စာရင်းဇယား/ ကိန်းဂဏန်း အချက်အလက်များ အရ သိရသည်။
“လုပ်ငန်းကြီးအနေနဲ့လည်း လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းတွေမှာ နီးစပ်ရာ ဝန်ကြီးဌာနတွေနဲ့ ဆွေးနွေးနေတာတွေ ရှိပါတယ်။ ဒါတွေက လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းကြီးတွေမှာ ဝင်လာဖို့ရှိပါတယ်။ နောက်ပြီးတော့ အားလုံးသိပြီးဖြစ်တဲ့ ဟံသာဝတီလေဆိပ် စီမံကိန်းလိုဟာမျိုးတွေ လာဖို့ရှိတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ညိုနိူင်း ဆွေးနွေးနေတဲ့အဆင့် ဆိုတော့ MIC တင်နိုင်တဲ့အဆင့် မရောက်သေးဘူး။ မကြာခင် ရောက်မယ်လို့တော့ ပြောလို့ရပါတယ်”ဟု ထပ်မံ ဝင်ရောက်လာနိုင်သည့် ကဏ္ဍများနှင့် ပတ်သက်ပြီး အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။
ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် နိုင်ငံပေါင်း ၄၉ နိုင်ငံအနက် တရုတ်၊ စင်ကာပူ၊ ထိုင်းနှင့် ဟောင်ကောင် နိုင်ငံတို့မှ အများဆုံးရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားပြီး အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းများမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ စွမ်းအင်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ၁ နှစ်လုံးတွင် ပြည်တွင်းသို့ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ရာ၌ နိုင်ငံခြားသားမှာ လုပ်ငန်း ၁၃၈ ခုမှ အမေရိကန်ဒေါ်လာ ၆၆၄၉ ဒသမ ၈၁၂ သန်းနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု မှာ လုပ်ငန်း ၅၁ ခုနှင့် ကျပ်သန်းပေါင်း ၁၅၇၂၈၈၂ ဒသမ ၁၀၃ ရရှိခဲ့ပြီး ပြည်တွင်း၊ ပြည်ပ လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်း စုစုပေါင်း ၉ သောင်း ၈ ထောင်ကျော် ဖန်တီးပေးနိုင်ခဲ့သည်။
ဝန်ကြီးဌာနက လုပ်ငန်းများ ခွင့်ပြုရာတွင် ယခုနှစ် ၈ လအတွင်း နိုင်ငံခြားသား (ပြည်ပလုပ်ငန်းရှင်) ရင်းနှီးမြှုပ်နှံမှုမှာ လုပ်ငန်း ၁၆၃ ခုနှင့် မြန်မာနိုင်ငံသား (ပြည်တွင်းလုပ်ငန်းရှင်) ရင်းနှီးမြှုပ်နှံမှုမှာ လုပ်ငန်းပေါင်း ၇၂ ခုခွင့်ပြုခဲ့သည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ခွင့်ပြုပေးရာတွင် ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့် ဟူ၍ ၂ မျိုးရှိပြီး ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၆၃ ခုတွင် ခွင့်ပြုမိန့်နှင့် ထုတ်ပေးသည့် လုပ်ငန်း ၈၂ ၊ အတည်ပြုမိန်နှင့် ထုတ်ပေးသည့် လုပ်ငန်း ၈၁ ခုတို့ဖြစ်ပြီး နိုင်ငံသား ရင်းမြှုပ်နှံမှု လုပ်ငန်း ၇၂ ခုတွင် ခွင့်ပြုမိန့်နှင့် ထုတ်ပေးသည့်လုပ်ငန်း ၄၁ ခု၊ အတည်ပြုမိန့်နှင့် ထုတ်ပေးသည့် လုပ်ငန်း ၃၁ ခုတို့ဖြစ်သည်။