စီးပွားရေး

လျှပ်စစ်မီး မလုံလောက်၍ လှိုင်သာယာ စက်မှုဇုန်တွင် ရပ်ဆိုင်းထားရသော စက်ရုံများရှိနေ

Want create site? Find Free WordPress Themes and plugins.

လျှပ်စစ်မီး မလုံလောက်သောကြောင့် ရန်ကုန်တိုင်း ဒေသကြီး လိူင်သာယာ စက်မှုဇုန်မှ စက်ရုံတချို့ ပြီးခဲ့သည့် နိုဝင်ဘာလ မှစ၍ ရပ်ဆိုင်းထားရမှုများ ရှိနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှု နှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က”လျှပ်စစ်မီး ဆိုရင် ပြီးခဲ့တဲ့ လပိုင်းလောက်အထိ လိူင်သာယာမှာ လျှပ်စစ်မီး မရလို့ ရပ်ထားရတဲ့ စက်ရုံတွေ ရှိပါတယ်။ ဒါတွေကို လည်း ကျမတို့ လျှပ်စစ်မီး လုံလုံလောက်လောက် ပေးနိုင်ဖို့ ကျမတို့ဘက်က ဆောင်ရွက်ပေးရမယ့် ကိစ္စရပ်တွေ ဖြစ်တဲ့အတွက် ဒီမြေရယ်၊ ရေရယ်၊ မီးရယ်ကို အထူးကို ကြိုးစားပြီး ဆောင်ရွက် ပေးနေပါတယ်”ဟု ပြောဆိုသည်။

ရန်ကုန်မြို့ရှိ International Bessiness Center (IBC) တွင် ယနေ့ ပြုလုပ်သော မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲ အခမ်းအနားတွင် ဝန်ကြီး ဒေါ်နီလာကျော် က ပြောကြားခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့ လာရောက်ဆွေးနွေးသည့် ပြည်ပလုပ်ငန်းရှင်များအတွက် ရင်းနှီးမြှုုပ်နှံမှု ၏ အဓိက လိုအပ်ချက်သည် ငွေကြေး အရင်းအနှီး၊ ရေစနစ်၊ လျှပ်စစ်မီးနှင့် စက်ရုံအလုပ်ရုံများ တည်ဆောက်ရန်အတွက် မြေနေရာ လိုအပ်ချက်တို့ ဖြစ်ကြောင်းလည်း ဝန်ကြီးက ပြောသည်။

လိူင်သာယာ စက်မှုဇုန် နာယက ဦးမြတ်သင်းအောင်က”ရှုံးတယ်ဆိုပေမယ့် စက်ရုံက တည်ပြီးပြီဆိုတော့ ချက်ချင်းပိတ်လို့မရဘူး။ ၂ နှစ်လောက်လုပ်ကြည့်၊ ၃ နှစ်လောက်ကြာတော့ ဖျက်လိုက်တယ် အရှုံး မခံတော့ဘူးပေါ့လေ။ လျှပ်စစ်မီး က လုံလောက်အောင် ပေးစေချင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက “စက်မှု လုပ်ငန်းသုံး တယူနစ် ၁၅၀ ကျပ် ဒီမှာ ပေးရတယ်။ တခြားနိုင်ငံတွေထက် များပါတယ်။ တခြားနိုင်ငံတွေမှာ ၁၀၀ စွန်းစွန်းလေးပဲ ရှိတယ်”ဟု ၎င်းက ပြောသည်။

ယခင် အစိုးရလက်ထက်နှင့် ယခုအစိုးရ လက်ထက် နှိုင်းယှဉ်လျှင် စက်ရုံများ လျှပ်စစ်မီးမရ၍ ပိတ်ခြင်းသည် အများကြီး သက်သာလာကြောင်းလည်း ဦးမြတ်သင်းအောင် က ပြောဆိုသည်။

“အရင်တုန်းက နွေရာသီဆို မီး ပေးမှ မပေးတာ နေ့ခင်းပဲ ပေးတာဖြစ်တယ်၊ ညနေ ၅ နာရီဆို မီးဖြတ်တာ အခုတော့ပေးပါတယ်။ ဒါပေမယ့် သူတို့မီးမနိုင်လို့ ဖြတ်တာတော့ ပြည်သူလူထု အများစုကို ပေးတော့ ဖြတ်တာပေါ့လေ။ အဲဒီ အတွက်ဖြတ်တော့ အန်ကယ်တို့က ဒီဇယ်နဲ့သုံးရတာပေါ့။ ပိတ်လိုက်ရတဲ့ လုပ်ငန်းကတော့ အန်ကယ်လည်း ရောပြီး ပြောလို့မရဘူး”ဟု ၎င်းက ဆိုသည်။

ရပ်ဆိုင်းထားသည့် စက်ရုံအရေအတွက်ကိုမူ အတိအကျပြောဆိုခြင်း မရှိ၍ မသိရှိရသေးပေ။

ယခင် အစိုးရ လက်ထက်တွင် တရက်လျှင် ၈ နာရီသာ လျှပ်စစ်မီး ပေးခဲ့ပြီး လက်ရှိအစိုးရ လက်ထက်တွင် ၂၄ နာရီမီးပေးသော်လည်း လျှပ်စစ် ဓာတ်အား ပြတ်တောက်ခြင်းများ ရှိနေသေးကြောင်း လုပ်ငန်းရှင်များ ထံမှ သိရသည်။

ထို့အပြင် စက်ရုံလုပ်ငန်းများ ရပ်ဆိုင်းခြင်းသည် လျှပ်စစ်မီး မလုံလောက်သည့် အချက်အပြင် ယခုအချိန်တွင် အလုပ်သမားခ လုပ်ခလစာများ တိုးမြှင့်ပေးရခြင်းနှင့် အရောင်းအဝယ် ကျဆင်းခြင်း စသည့် အချက်များ ပါဝင်ကြောင်းလည်း လုပ်ငန်းရှင်များက ပြောဆိုသည်။

မြန်မာတနိုင်ငံလုံးတွင် စက်မှုဇုန်ပေါင်း ၂၉ ဇုန် ရှိကြောင်း သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading