မြန်မာနိုင်ငံတွင် အခွန်ကောက်ခံမှုနှုန်း မြင့်မားနေပြီး ရင်းနှီးမြှုပ်နှံမှုများတွင် အခက်အခဲရှိသည့် အချက်လက်များအပေါ် အမေရိကန် နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြကြောင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)မှ ဥပဒေအကြံပေး ဦးသန်းမောင်က ပြောသည်။
UMFCCI မှ ဥပဒေအကြံပေး ဦးသန်းမောင်က “သူတို့က မြန်မာနိုင်ငံရဲ့ စီးပွားရေးအနေအထားကို ပြောသွားတာမှာ သတိထားမိတာက အခွန် သိပ်ပြီးများလွန်းတယ်။ အထပ်ထပ်တွေ ဖြစ်နေတာကို ပြောသွားတယ်။ အမြတ်အစွန်း နည်းသွားတာကို သူတို့က ဂရုမစိုက်ဘူး။ အဲဒီကုန်ကျစရိတ်ကို ရောင်းစရိတ်ထဲမှာ ထည့်လိုက်တယ်။ အဲဒီတော့ ပုံမှန်အားဖြင့် ကျပ် ၁၀၀ နဲ့ ရောင်းလို့ရမယ့်ဟာကို အခွန် ၂၀ ကျပ် ကောက်လိုက်တယ်ဆိုရင် သူတို့က ဘယ်လောက် ကောက်လဲ ဆိုတော့ ၁၂၀ ကျပ်နဲ့ ပြန်ရောင်းတာမဟုတ်ဘူး။ ၁၂၅ ကျပ်နဲ့ ပြန်ရောင်းတာဖြစ်တယ်။ ဒါကြောင့် မြတ်တယ်။ ဒါက စားသုံးသူ၊ သုုုံးစွဲသူပဲ နာတယ်”ဟု ပြောသည်။
အဆိုပါ ပေးဆောင်ရသည့် အခွန်အခများမှာ ကုန်ပစ္စည်း၏ ဝယ်သူသုံးစွဲမှု တန်ဖိုးပေါ်တွင် ထိရောက်သွားသည်ဟု လုပ်ငန်းရှင်များက ပြောကြောင်း၊ ကုန်ကြမ်းတခု တင်သွင်းရန် အခွန် ဆောင်ပြီး ဖြစ်သော်လည်း ကုန်ချော ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းများ ထပ်မံပြုလုပ်ရာတွင်လည်း အခွန်ကို ထပ်မံ၍ ပေးဆောင်နေရရာ ကုန်ပစ္စည်းတခုအတွက် အခွန်ကို အကြိမ်ကြိမ်ပေးဆောင်ရသည့် သဘောဖြစ်နေသည်ဟု သုံးသပ်သွားကြောင်း ၎င်းက ရှင်းပြသည်။
ဒီဇင်ဘာ ၆ ရက်နေ့က အမေရိကန်နိုင်ငံ US-ASEAN Business Council မှ President & CEO ဖြစ်သူ Mr. Alexendar Feldman ဦးဆောင်သည့် အမေရိကန်ကုမ္ပဏီ ၁၅ ခုမှ ကိုယ်စားလှယ် ၃၅ ဦးနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံခဲ့သည့် ပွဲတွင် မြန်မာ့စီးပွားရေးတွင် အခွန်နှုန်းကောက်ခံခြင်းအပါအဝင် ရင်းနှီးမြှုုပ်နှံရန် ခက်ခဲသည့် အချက်များကို အမေရိကန်စီးပွားရေး လုပ်ငန်းရှင်များက ပြောဆိုဆွေးနွေးခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံ ကိုယ်စားပြု General motor ကားကုမ္ပဏီမှ ကိုယ်စားလှယ် ဦးဇော်မိုးခိုင်က “အခု ပါဝင်တ့ ဲကုမ္ပဏီတွေက တကယ့်ထိပ်တန်းက ကုမ္ပဏီတွေဖြစ်တယ်။ စက်မှုကုန်ထုတ်အပိုင်းကဆိုရင် ကျနော်တို့ ကုမ္ပဏီဖြစ်တဲ့ ဂျန်နရယ်မော်တာ၊ ဖို့(စ်)မော်တာတို့ ပါပါတယ်။ ကိုကာကိုလာ ပါတယ်။ တခြားကဏ္ဍတွေလည်း ပါပါတယ်။ အမေရိကန် ထိပ်တန်းကုမ္ပဏီတွေထဲက ပါပါတယ်”ဟု ပြောသည်။
လာရောက်သည့် ကုမ္ပဏီများတွင် နာမည်ကြီးကုမ္ပဏီများဖြစ်သည့် Microsoft ၊ GM ၊ AIG မှလည်း ပါဝင်သည်။
အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များက အခွန်သာမက မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ လာရောက် လုပ်ကိုင်လျှင် ကုမ္ပဏီများ၏ လိုအပ်သော အခက်အခဲများ ဖြစ်သည့် လျှပ်စစ်မီးရရှိမှု၊ အခြေခံအဆောက်အအုံများနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် နည်းပညာများ ဖလှယ်ပေးနိုင်မှု စသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း UMFCCI တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
“အမြတ်အခွန်ကောက်တဲ့ ကိစ္စအပါ မရှင်းလင်းတဲ့ကိစ္စတွေ ရှိတယ်ပြောတော့ အသင်းဥက္ကဋ္ဌက အသင်းအနေနဲ့လည်း ဒါနဲ့ ပတ်သက်ပြီးတော့ စာတမ်းပြုစုတာရှိတယ်။ အခက်အခဲတွေကတော့ တခုထဲမဟုတ်ဘူး။ အတူတွဲလုပ်ကြမယ် ပြန်ဖြေတယ်။ အဖွဲ့ဝင်တွေရဲ့ အခက်အခဲကို သူတို့က ပြောရင် ကူညီမယ်။ အဓိကတော့ စီးပွားရေး လုပ်ငန်းအသစ်တွေ ဝင်ရောက်လာရင် ကူညီနိုင်အောင် ဒီဘက်က လုပ်ငန်းရှင်တွေက ဆွေးနွေးကြတာဖြစ်တယ်။ နှစ်နိုင်ငံ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ပူူးပေါင်းလုပ်တဲ့အခါမှာ သူ့ဘက်ကိုယ့်ဘက်က ကြုံနေရတဲ့ အခက်အခဲကို အပြန်အလှန်ဆွေးနွေးကြတယ်”
အမေရိကန်စီးပွားရေး လုပ်ငန်းရှင်များက ပြည်တွင်းသို့ ဝင်ရောက်ကာ ရင်းနှီးမြှုပ်နှံပါက ငွေကြေး သက်သက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခြင်းအပြင် စီးပွားရေးနှင့်အတူ မြန်မာနိုင်ငံရှိ ဒေသခံများ၊ အလုပ်သမားများအတွက် နည်းပညာဖြန့်ဝေပေးခြင်း၊ အထူးသဖြင့် Corporate social responsibility (CSR) အပိုင်း လုပ်ဆောင်မှုများတွင် ကုမ္ပဏီများအပြိုင်အဆိုင် လုပ်ဆောင်ပေးနိုင်မှုကို ပြောကြားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံသို့ အမေရိကန်၏ စီးပွားရေးလုပ်ငန်း တချို့မှာ တိုက်ရိုက်မရောက်သေးသော်လည်း သွယ်ဝိုက်၍ ဝင်ရောက်ခြင်းများ ရှိနေပြီး ရင်းနှီးမြှုပ်နှံရန်အတွက် စိတ်ဝင်စားသဖြင့် လာရောက် ဆွေးနွေးညိုနိူင်းနေသည့် လုပ်ငန်းအသစ်များလည်း ရှိနေကြောင်း ပြည်တွင်းလုပ်ငန်းရှင်များက ပြောသည်။
UMFCCI တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် စိုက်ပျိုးလုပ်ငန်း၊ ကားထုတ်လုပ်ရေး လုပ်ငန်းရှင်များ၊ အစားအသောက် ထုတ်လုပ်သည့် လုပ်ငန်းများ၊ စွမ်းအင်လုပ်ငန်း၊ လျှပ်စစ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံလုပ်ငန်းများနှင့် ပတ်သက်၍ အဓိက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။