အသေးစား၊ အလတ်စားနှင့် စက်မှု ဖွံ့ဖြိုးရေးဘဏ် SMIDB က အစိုးရ ဝန်ထမ်းများအား ချေးငွေ ထုတ်ချေးခဲ့ရာ လစဉ်ပြန်လည် ပေးချေမှု ပျက်ကွက်သည့် ဝန်ထမ်းအချို့ ရှိနေသည့် ဘဏ်ခွဲအချို့တွင် ငွေထုတ်ချေးမှုများ ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။
SMIDB ဘဏ်၏ အမှုဆောင် အရာရှိချူပ် ဦးဇေယျာညွှန့်က “တချို့ဝန်ထမ်းတွေကလည်း ပုံမှန် ပြန်မဆပ်တဲ့ ဝန်ထမ်းတွေ ရှိတယ်။ ပျက်ကွက်မှု များတဲ့ ဘဏ်ဆိုရင် ကျနော်တို့က ရပ်ထားတယ်။ လုံးဝကြီးရပ်လိုက်တာတော့ မဟုတ်ဘူး၊ ဖြေးဖြေးချင်း ပဲ ချေးပေးတော့မှာ။” ဟုပြောသည်။
နေပြည်တော်ရှိ ဝန်ထမ်း တသောင်းကျော် ချေးယူရာတွင် လူ ၈၀၀ ကျော်ပျက်ကွက်ပြီး၊ ပန်းဆိုးတန်း နဲ့ လမ်းမတော် ဘဏ်ခွဲတွင် ချေးယူထားသူ ၆၀၀၀ ကျော်မှာ ပျက်ကွက်သူ ၂၀၀ နီးပါး ရှိသည့် အတွက် ၎င်းဘဏ်များတွင် လတ်တလောတွင် အသစ်ထုတ်ချေးမှု ရပ်ဆိုင်းထားသည်။
လစဉ်ချေးငွေ ပုံမှန် ပေးသွင်းရန် ပျက်ကွက်သည့် ဘဏ်ခွဲများမှာ ရန်ကုန် မြို့ရှိ ပန်းဆိုးတန်း၊ လမ်းမတော်၊ မန္တလေးဘဏ်ခွဲ နှင့်နေပြည်တော် ဘဏ်ခွဲများ ဖြစ်ကြောင်း သိရသည်။
“တခါတလေတော့ ခရီးလွန်နေတာ ရှိတာရယ် နောက်ပြီး ဗမာလူမျိုးက သိတဲ့ အတိုင်း ပေးဆပ်မှုကို မပေးဆပ်ချင်တာရယ် ဆိုတော့ နှေးကွေးတာတွေ ဖြစ်ကုန်တာပေါ့။” ဟု ၎င်းက ပြောသည်။
အစိုးရဝန်ထမ်းများအား ချေးငွေ ထုတ်ပေးရာတွင် လစာ၏ သုံးဆ ကိုအတိုး ၁ ရာခိုင်နှုန်း နှင့် ထုတ်ချေးပေးပြီး၊ အတိုးရော၊ အရင်းပါ တနှစ် အတွင်း ပြန်လည်ပေးဆပ်ရမည် ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် ပထမ တပတ် အတွင်းပေးချေမှု မရှိပါက ဒဏ်ကြေးငွေ အဖြစ် ချေးယူထားသည့် ငွေပမာဏ၏ ၁ ရာခိုင်နှုန်းကို ထပ်ဆောင်း ပေးချေရမည် ဟု သိရသည်။
SMIDB က ၂၀၁၇ ခုနှစ်၊ ဇွန်လမှ စတင်ပြီး၊ အစိုးရဝန်ထမ်းပေါင်း ၆၈၀၀၀ ကျော်ကို အတိုး ၁ ရာခိုင်နှုန်းဖြင့် ချေးငွေ ၃၀ ဘီလီယံကျော် ထုတ်ချေးခဲ့ပြီးဖြစ်သည်။
မြန်မာနိုင်ငံတွင် SMIDB ဘဏ်ပေါင်း ၁၉ ရှိပြီး၊ လစဉ်ပုံမှန် ပေးသွင်းနေသည့် မကွေး၊ မြင်းခြံ၊ ပခုက္ကူ ၊ မုံရွာ ဘဏ်ခွဲများတွင် ဆက်လက်ချေးပေးနေကြောင်း ၊ ပေးဆပ်ရန် ကျန်ရှိနေသည့် ဝန်ကြီးဌာန အချို့ကို ထုတ်ချေးပေးသည့် ငွေပမာဏ အကုန်ပြန်ရမှ ဆက်လက်ချေးသွား မည်ဖြစ်ကြောင်း သိရသည်။