ရခိုင်ပြည်နယ် မြောက်ပိုင်းဖြစ်စဉ်များကြောင့် မြန်မာ့ကျောက်မျက် ဝယ်ယူမှုများကို ရိုဟင်ဂျာအရေးလှုပ်ရှားသူများက ပစ်မှတ်ထားလာကြသောကြောင့် ပြင်သစ် ဖက်ရှင်နှင့် ရတနာ ကုမ္ပဏီ ကာတီယာ Cartier က မြန်မာ့တွင်းထွက် ပတ္တမြားနှင့် နီလာများ ဝယ်ယူနေခြင်းကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။
ထို့ပြင် အမေရိကန် ကွန်ဂရက်ကလည်း အလားတူ မြန်မာ့ကျောက်မျက်များကို တင်သွင်းမှု တားမြစ်သည့် ဥပဒေကို တဖန်ပြန်လည် အသက်သွင်းနိုင်သည့် အခြေအနေမျိုး ရှိနေသည်။
ယင်းသို့ အခြေအနေမျိုးနှင့် ရင်ဆိုင်နေရသော်လည်း မြန်မာနိုင်ငံသည် ကျောက်စိမ်းရောင်းချမှုကို အဓိက ထားပြီး ပတ္တမြားနှင့် နီလာတို့ကဲ့သို့သော တန်ဖိုးမြင့် ကျောက်မျက်ရတနာများကို တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ တဆင့်ခံ ရောင်းချနေ၍ ထိခိုက်မှု နည်းပါးနိုင်ကြောင်း မြန်မာ့ ကျောက်မျက်ရတနာ လုပ်ငန်းရှင် အသိုင်းအဝိုင်းက ဧရာဝတီသို့ ပြောကြသည်။
ယနေ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက် နေပြည်တော်တွင် စတင်ဖွင့်လှစ် ရောင်းချသော ကျောက်မျက်ရတနာ ပြပွဲတွင် မြန်မာ့ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ ဒုတိယ ဥက္ကဌ ဦးမြင့်ဟန်က “တို့နိုင်ငံက ဖွင့်ထားတာလည်း သိပ်မကြာသေးဘူး။ ဆန်ရှင်ဖွင့်ထားတာနဲ့ မဖွင့်ထားတာနဲ့မှာလည်း သိပ်မကွာဘူး။ ဆန်ရှင်ဖွင့်လိုက်လို့ အရောင်းအဝယ် တအားတက်လာလားလို့လည်း မရှိသေးဘူး။ ဥပမာ ၅၈၃ သန်းဖိုး ရောင်းရရင် ကျောက်မျက် ရောင်းရမှုက ၃ သန်းလောက်ပဲ ရှိတာ။ ကျနော်တို့ရဲ့ ဈေးကွက်မှာ ကျောက်စိမ်းက အဓိကပဲ”ဟု ဧရာဝတီသို့ ပြောသည်။
ဗြိတိသျှ သတင်းစာ The Sunday Times ၏ သတင်းတပုဒ်အရ မြန်မာနိုင်ငံမှထုတ်လုပ်သည့် နီလာများကို ဆွဲကြိုူးများ၊ နားကပ်များတွင် အသုံးပြုရောင်းချကြောင်း ရိုဟင်ဂျာအရေး လှုပ်ရှားသူများက ဖွင့်ချခဲ့ပြီးနောက် အဆင့်မြင့် လက်ဝတ်ရတနာ လုပ်ငန်းဖြစ်သော ကာတီယာသည် မြန်မာနိုင်ငံမှ ကျောက်မျက်များ ဝယ်ယူတော့မည် မဟုတ်ကြောင်း ၎င်းတို့၏ ဖေါက်သည်များကို ပြောကြားခဲ့ကြောင်း သိရသည်။
အခြား ထိပ်တန်း ကျောက်မျက် ရတနာ လုပ်ငန်းဖြစ်သော တစ်ဖနီ Tiffany ကမူ ယခင်ကတည်းပင် မြန်မာနိုင်ငံမှကျောက်မျက်ရတနာများ မဝယ်သည့် သက်တမ်းရှည် မူဝါဒ ချမှတ်ထားပြီး ဖြစ်သည်။
စစ်အစိုးရလက်ထက် မြန်မာ့ကျောက်မျက်လုပ်ငန်းကို ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ အရေးယူခဲ့သော်လည်း ဗိုလ်ချုပ်ကြီးများက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးပြီး ဒီမိုကရေစီလမ်းကြောင်းကို တစိတ်တပိုင်းပြန်သွားခွင့်ပြုခဲ့သောကြောင့် ၂၀၁၃ ခုနှစ် နှင့် ၂၀၁၆ ခုနှစ်များတွင် ပိတ်ဆို့ဒဏ်ခတ်မှုများအား ပြန်လည်ရုပ်သိမ်းခဲ့သည်။ထို့ကြောင့် အနောက်တိုင်း ကျောက်မျက်ရတနာလုပ်ငန်းအချို့သည် မြန်မာနိုင်ငံမှ ကျောက်မျက်များ ပြန်လည်ဝယ်ယူခဲ့ကြသည်။
မိုးကုတ်မြို့ ဘော်မားကျောက်မျက်ရတနာ ကုမ္ပဏီမှ ဒေါ်ခင်အုန်းမြင့်ကမူ ပြည်တွင်းရှိ ကျောက်မျက်ရတနာများကို နိုင်ငံတကာသို့ တိုက်ရိုက်ရောင်းချနိုင်သည့် ဈေးကွက်မျိုး မရှိသဖြင့် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းကပင် ယခုလို တွေ့ကြုံခဲ့ဖူး၍ ထူးခြားသည်ဟု မပြောနိုင်ကြောင်း ဆိုသည်။
“Jade (ကျောက်စိမ်း) ဆိုရင်လည်း အဓိက တရုတ်ကပဲ ဝယ်တာ။ နိုင်ငံတကာက တရုတ်ဆီကပဲ တဆင့် ဝယ်ကြတာ များတယ်။ အခုပြပွဲမှာတောင် ကြည့်လေ။ Jade နဲ့ ပတ်သက်ပြီး လာဝယ်ကြတာ တရုတ်တွေချည်းပဲ။ ဒီပြပွဲတွေမှာလည်း အနောက်နိုင်ငံက ကုန်သည်တွေ သိပ်မှ မတွေ့ရဘဲ”ဟု ရတနာကုန်သည်တဦး ဖြစ်သူ ဒေါ်ခင်အုန်းမြင့်က ပြောသည်။
ယခု နေပြည်တော်တွင် ကျင်းပသည့်နေပြီး တန်ဖိုးအမြင့်ဆုံး ယူရို ၅.၈ သန်းတန် ကျောက်မျက်စုံတွဲ အပါအဝင် ကျောက်မျက်တွဲ ၁၉၀ နှင့် ကျောက်စိမ်းတွဲ ၆၆၈၅ တွဲတို့ ရောင်းချမည့် ၂၀၁၇ ခုနှစ် နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲသို့ အနောက်နိုင်ငံတခု ဖြစ်သည့် ကနေဒါ နိုင်ငံသား တဦးသာ လာရောက်မည်ဟု စာရင်းသွင်းထားပြီး ကျန်သူများမှာ တရုတ်နိုင်ငံသား ၂၀၀၀ ကျော်၊ ထိုင်းနိုင်ငံသား ၁၉ ဦးနှင့် မကာအိုမှ ၃ ဦးသာ လာရောက်ကြောင်း သိရသည်။
သို့သော် ၎င်းတို့သည် ဈေးကောင်း ပိုမိုရရှိရန် အနောက်နိုင်ငံများသို့ တိုက်ရိုက်ရောင်းချလိုကြပြီး ယင်းကိစ္စမှာ တိုင်းပြည်၏ နိုင်ငံရေးနှင့် ဆိုင်ကြောင်း၊ တိုက်ရိုက်မရောင်းနိုင်၍ အားနည်းချက်များ ရှိနေသည်မှာလည်း အမှန်ပင် ဖြစ်ကြောင်း ဧရာဝတီက မေးမြေးခဲ့သော ကျောက်မျက်လုပ်ငန်းရှင်များက ပြောဆိုသည်။
ရခိုင်အရေး အကြောင်းပြုပြီး မြန်မာ့ကျောက်မျက်လောကကို တဖန်ပြန်လည် ပစ်မှတ်ထားလာခြင်းအပေါ် သတ္တုတွင်းဝန်ကြီးဌာနသို့ မေးမြန်းရာ မှတ်ချက် မပေးလိုကြောင်း တုန့်ပြန်သည်။
သတ္တုတွင်း ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီးက “ကျောက်တူးဖော်တဲ့ ကုန်သည်တွေကလည်း တရားဝင် ရောင်းချချင်ကြတယ်။ ဒါကြောင့်မို့ ကျနေ်ာတို့ ဝန်ကြီးဌာနအနေနဲ့ တနှစ်ကို ကျောက်မျက်ပြပွဲ ၂ ကြိမ်ကျင်းပပေးနေပါတယ်။ အိမ်နီးချင်း တရုတ်နိုင်ငံက ဝယ်ကြတာ များပါတယ်။ အခုကျောက်ပွဲက ရောင်းတဲ့လူနဲ့ ဝယ်တဲ့လူ ကြိုက်ဈေး သတ်မှတ်ကြတာ ဖြစ်ပါတယ်”ဟု ပြောသည်။
ယခု နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်အတွဲပေါင်း ၁၉ဝ တွဲကို အခြေခံဈေး ယူရို ၄ ဒသမ ဝ၉၈ သန်းဖြင့် လည်းကောင်း၊ ကျောက်စိမ်းအတွဲပေါင်း ၆၆၈၅ တွဲကို အခြေခံဈေး ယူရို ၁၆၃ ဒသမ ၅၈ဝ သန်းဖြင့်လည်းကောင်း တင်ပြရောင်းချသွားမည်ဖြစ်ပြီး ကျောက်မျက်များကို ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တင်ဒါစနစ်ဖြင့် ရောင်းချမည် ဖြစ်သည်။