စီးပွားရေး လုပ်ငန်းရှင်များ၏ မြန်မာ့စီးပွားရေးအပေါ် ယုံကြည်မှုသည် ယခုနှစ်အတွင်း အကြီးအကျယ် ကျဆင်းသွားသည် ဟု ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ထုတ်ပြန်သည့် စစ်တမ်းတခုက ဆိုသည်။
မြန်မာနိုင်ငံ၏ ကာလတို စီးပွားရေး လုပ်ငန်း ယုံကြည်မှုသည် လွန်ခဲ့သောနှစ်က ၇၃ ရာခိုင်နှုန်း ရှိသော်လည်း ၂၀၁၇ ခုနှစ်တွင် ၄၉ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်ဟု ရိုလင်ဘာဂျာ Roland Berger အတိုင်ပင်ခံလုပ်ငန်းနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) က ကောက်ယူသော စစ်တမ်းက ဖော်ပြသည်။
အစိုးရ၏ စီးပွားရေးဆိုင်ရာ မူဝါဒ မရှင်းလင်းမှုသည် ပြည်တွင်းလုပ်ငန်းပေါင်း ၅၃ ရာခိုင်နူန်းကို ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရေး နံပါတ် ၁ စိန်ခေါ်မှုတရပ် ဖြစ်နေသည်ဟုလည်း ပါရှိသည်။
စစ်အုပ်ချုပ်ရေး ဆယ်စုနှစ်များစွာ အပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် စီးပွားရေး ပြုပြင်ပြောင်းလဲရေးသည် အဓိက ရည်မှန်းချက်တခုဟု ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော မြန်မာအစိုးရက သတ်မှတ်ခဲ့ပြီး အုပ်ချုပ်မှု ၂ နှစ်သက်တမ်းအတွင်း ရောက်လာသော်လည်း နှေးကွေးလှသော အပြောင်းအလဲကြောင့် လူအများအပြားက စိတ်ပျက်လာနေခဲ့ကြောင်း ယခုစစ်တမ်းက ရောင်ပြန်ဟပ်နေသည်။
ထိုစစ်တမ်းသည် မြန်မာနိုင်ငံရှိ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင် ၅၀၀ တို့၏ အမြင်များကို ထင်ဟပ်နေပြီး ထိုသို့စီးပွားရေး လုပ်ငန်း ယုံကြည်မှု ကျဆင်းရခြင်းမှာ ရှင်းလင်းသော စီးပွားရေးမူဝါဒနှင့် စီမံကိန်း မရှိသောကြောင့် ဖြစ်သည် ဟုလည်း ဆိုသည်။
ရိုလင်ဘာဂျာ၏ အရှေ့တောင်အာရှ အုပ်ချုပ်မှု မိတ်ဖက်ဖြစ်သည့် သောမတ်ကလော့ဇ် (Thomas Klotz) က “ခုချိန်ထိ မရှိသေးတာက တိကျတဲ့ ရည်မှန်းချက်တွေ၊ အချိန်ဇယားတွေနဲ့ အချိန်တိုအတွင်း အောင်မြင်နိုင်တာတွေ ပါဝင်တဲ့ အလုံးစုံ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လမ်းပြမြေပုံ မရှိသေးတာဘဲ” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
၎င်းက “အစိုးရပိုင်းက ကျနော်တို့ မရှင်းလင်းတဲ့ သူရဲ့ မူဝါဒပိုင်းက ဘယ်လိုတွေ မရှင်းလင်းဖြစ်နေတာလဲ၊ ဥပမာ ဆိပ်ကမ်းကဏ္ဍလား၊ စွမ်းအင်ကဏ္ဍလား အဲကဏ္ဍတွေမှာ မရှင်းလင်းတဲ့ဟာတွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ရပါမယ်။ အဓိက ပြောလိုတာကတော့ ပထမဆုံးအနေနဲ့ အောက်ကိုကျနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ကုမ္ပဏီတွေရဲ့ ယုံကြည်မှုကို ထပ်မကျအောင်လုပ်ရမယ်။ မနှစ်ကလောက် အနေအထားကို ပြန်ရချင်မှ ပြန်ရမယ်။ ဒါပေမယ့် အခုထက် ပြန်တက်သွားအောင် ဦးစားပေးလုပ်ဖို့ လိုပါတယ်”ဟုလည်း ဆိုသည်။
စစ်တမ်းမှာ ရခိုင်ပြည်နယ်တွင် ဩဂုတ်လ အကြမ်းဖက် တိုက်ခိုက်မှု မဖြစ်ပွားခင် ယခုနှစ် အစောပိုင်းက ကောက်ယူခဲ့ခြင်း ဖြစ်သောကြောင့် ယခုအချိန်တွင် စီးပွားရေး လုပ်ငန်း ယုံကြည်မှုသည် ထိုထက်ပင် ကျဆင်းနိုင်သည် ဟုလည်း သူက ပြောသည်။
စီးပွားရေး မူဝါဒ ရှင်းလင်းမှု မရှိသည်သာမက လေ့ကျင့်ပြီး ကျွမ်းကျင်ဝန်ထမ်း မရှိခြင်း၊ ကြိုတင်ခန့်မှန်း မရနိုင်သော ဥပဒေပြု ပတ်ဝန်းကျင်နှင့် မမျှော်လင့်နိုင်သော ရွေးချယ် ဆောင်ရွက်သော လုပ်ထုံးလုပ်နည်းများ ချမှတ်ဖော်ဆောင်ခြင်းတို့သည်လည်း မြန်မာနိုင်ငံရှိ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ အများစု ရင်ဆိုင်နေရသော စိန်ခေါ်မှုများဟုလည်း စစ်တမ်းက ဖော်ပြသည်။
ကျွမ်းကျင်လုပ်သားရှားပါးမှုက ပြဿနာအသစ် မဟုတ်သော်လည်း ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ကနှင့် ယခု ၂၀၁၇ ခုနှစ်နိူင်းယှဉ်လျှင် ကျွမ်းကျင်လုပ်သား ရှားပါးမှုမှာ ၃ ရာခိုင်နှုန်းခန့် လျော့ကျသွားကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။
ယခုကဲ့သို့ စစ်တမ်းကောက်ယူမှုသည် နိုင်ငံ၏ စီးပွားရေး မူဝါဒများ ချမှတ်ရာတွင် လည်းကောင်း၊ ပုဂ္ဂလိက ကဏ္ဍ တိုးတက်ရေးအတွက် အစီအမံများ ရေးဆွဲရာတွင် လည်းကောင်း တန်ဖိုးရှိသောကြောင့် UMFCCI အနေဖြင့် ပူးပေါင်းဆောင်ရွက်ကြောင်း ပြောသည်။
UMFCCI အတွင်းရေးမှူး ဒေါက်တာအောင်သိန်းက”အခုထုတ်ပြန်တဲ့ စစ်တမ်းက အဓိကတော့ ရိုလင်ဘာဂျာနဲ့ ပုံမှန်လုပ်နေကြ နှစ်ဝက်၊ နှစ်စဉ်ထုတ်တာ ဖြစ်တယ်။ မြန်မာနိုင်မှာ လုပ်ကိုင်နေတဲ့ ပြည်တွင်းရော နိုင်ငံတကာက စီးပွားရေး လုပ်ငန်းတွေရော တွေ့ဆုံပြီး ကောက်ယူတာကို ထုတ်ပြန်တဲ့ စစ်တမ်းဖြစ်ပါတယ်”ဟု ပြောသည်။
အဆိုပါ စစ်တမ်းသည် ပြည်တွင်းကုမ္ပဏီ ၄၀ ရာခိုင်နှုန်း နှင့် နိုင်ငံတကာ ကုမ္ပဏီ ၆၀ ရာနူန်းအချိုးရှိပြီး လက်ရှိ မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော ကုမ္ပဏီများ၏ လက်ရှိအခြေအနေနှင့် ၎င်းတို့၏ ယုံကြည်ချက်များနှင့် လာမည့် အလားအလာပေါ်တွင် ထင်မြင်ယူဆချက်များကို အဓိကထား မေးမြန်းထားခြင်း ဖြစ်သည်။
ဂျာမန်နှင့် ဥရောပ အခြေစိုက်ဖြစ်သော ရိုလင်ဘာဂျာသည် မြန်မာနိုင်ငံသို့ ၂၀၁၃ ခနှစ်မှ စတင်၍ အစိုးရ၏စီမံကိန်းများနှင့် ပုဂ္ဂလိကလုပ်ငန်းနှစ်ခုစလုံးနှင့် ပူးတွဲလုပ်ဆောင်နေသည့် စီးပွားရေးအတိုင်ပင်ခံ အဖွဲ့အစည်း တခုဖြစ်သည်။
ရေတိုစီးပွားရေးကို စိတ်ပျက်နေကြသော်လည်း လူဦးရေ သန်း ၅၀ ကျော်ရှိသော ဈေးကွက်ကြောင့် စီးပွားရေး လုပ်ငန်းရှင်များ၏ ၈၈ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံ၏ ရေရှည် စီးပွားရေးကို အကောင်းမြင်ကြသည် ဟု သောမတ်ကလော့ဇ်က ပြောသေးသည်။
“များများ၊ မြန်မြန် ဆိုတာဟာ ၂၀၁၈ ခုနှစ် အတွက် အစိုးရရဲ့ စီးပွားရေးအစီအစဉ် ဆောင်ပုဒ်ဖြစ်လာမယ် လို့ မျှော်လင့်ရတာပဲ” ဟု သူက ပြောသည်။