ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ အမြင့်ဆုံးစံချိန် ရောက်အောင် မြင့်တက်နေခြင်းကြောင့် ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများ အမြင့်ဆုံး ဈေးသို့ရောက်ရှိနေရာ ယခုနှစ်ကုန်အထိ ကျဆင်းနိုင်ဖွယ် မရှိသေးဟု မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က သုံးသပ်ပြောဆိုသည်။
”စက်သုံးဆီ ဈေးနှုန်း အတက်အကျက နိုင်ငံခြား စက်သုံးဆီဈေးနှုန်းနဲ့ နိုင်ငံခြား ငွေလဲလှယ်တဲ့ဈေးနှုန်းအပေါ် မူတည်ပါတယ်၊ လက်ရှိဖြစ်ပေါ်နေတဲ့ ဈေးအနေအထားက နိုင်ငံခြားကနေ တင်သွင်းတဲ့ အရင်းဈေးနှုန်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဖြစ်သင့်တဲ့ ဈေးနှုန်းထက် မပိုဘူးလို့ ပြောချင်ပါတယ်၊ ပြည်ပဆီဈေးက တဖြည်းဖြည်း မြင့်တက်နေတဲ့အတွက် နောက်ထပ် တင်သွင်းမယ့်ဆီတွေဆိုရင် လက်ရှိ ဈေးထက် ထပ်တက်ဖို့ရှိပါတယ်၊ ဒါကြောင့် ဒီနှစ်ကုန်အထိ စက်သုံးဆီဈေးက ပြန်ကျနိုင်ဖို့မရှိသေးပါဘူး”ဟု ၎င်းက ရှင်းပြသည်။
လက်ရှိ စက်သုံးဆီဈေးနှုန်းသည် ဒီဇယ် တလီတာလျှင် ကျပ် ၈၂ဝ၊ အောက်တိန်း တလီတာ ၈၆၀ ကျော်ဖြင့် အမြင့်ဆုံး ဈေးနှုန်း သို့ ရောက်ရှိနေပြီး ပြည်ပစက်သုံးဆီ ဈေးများ သည်လည်း အတက်ဘက်သို့ ဦးတည် နေသည့် အတွက် ယခုနှစ်ကုန်အထိ ဈေးနှုန်း ကျဆင်းနိုင်မည် မဟုတ်သေးဟု သိရသည်။
၂၀၁၅ ခုနှစ်ကလည်း ကမ္ဘာ့စက်သုံးဆီဈေးနှုန်း မြင့်တက်ခဲ့ကြောင်း၊ ယခုနှစ် စက်တင်ဘာလ က အမေရိကန်တွင် ဖြစ်ပေါ်ခဲ့သော တိုင်ဖုန်းမုန်တိုင်းကြောင့် အမေရိကန်နိုင်ငံရှိ စက်သုံးဆီစက်ရုံအချို့ ရပ်နားလိုက်ရပြီး အာရှစက်သုံးဆီဈေးကွက် တင်ပို့မှု လျှော့ချလိုက်ခြင်းနှင့်အတူ ကမ္ဘာ့ စက်သုံးဆ ီဈေးနှုန်းများသည် သုံးနှစ်အတွင်း အမြင့်ဆုံး စံချိန် မြင့်တက်လာခြင်းဟု သိရသည်။
“ပြည်တွင်းမှာရောင်းချနေတဲ့ ဆီဈေးနှုန်းက လက်ရှိပြည်ပပေါက်ဈေးထက် ဈေးကျတဲ့အချိန်တုန်းက ဝယ်ထားတဲ့ ဈေးနဲ့ ရောင်းချနေတာပါ၊ တကမ္ဘာလုံးကို ဖြန့်နေတဲ့ ဆီကုမ္ပဏီကြီးတွေရဲ့ ဈေးကစားမှုကြောင့် ကမ္ဘာ့စက်သုံးဆီဈေးမတည်ငြိမ်ဘဲ မြင့်တက်လာရတာ၊ အဲဒီလိုဆိုရင် သူတို့ဆီက ဝယ်ယူနေရတဲ့ နိုင်ငံတွေအကုန်လုံး ထိတာပါ၊ မြန်မာနိုင်ငံဟာ ရေနံထွက်တယ်ဆိုပေမယ့် ချက်လုပ်နိုင်ခြင်းမရှိသေးတာရယ် ချက်လုပ်နိုင်မယ်ဆိုရင်လည်း တစ်နိုင်လုံးလိုအပ်ချက်ကို ဖြည့်တင်းမပေးနိုင်တော့ အခုလို ကမ္ဘာ့ဈေးတက်ရင် ပြည်တွင်းဈေးတွေလည်း တက်လာရတာပါပဲ”ဟု ဒေါက်တာဝင်းမြင့် က ပြောသည်။
မြန်မာနိုင်ငံအတွင်းမှ ရေနံစိမ်း ထွက်ရှိနေ သော်လည်း ကမ္ဘာ့အဆင့်မီ စက်သုံးဆီများ ချက်လုပ်နိုင်ခြင်း မရှိသေးကြောင်း၊ ကမ္ဘာ့အဆင့်မီ စက်သုံးဆီများ ချက်လုပ်နိုင် မည်ဆိုလျှင်လည်း တနိုင်ငံလုံး လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်သည်အထိ ရေ နံစိမ်း ထွက်ရှိခြင်းမရှိကြောင်း၊ နိုင်ငံအတွင်း ရေနံစိမ်း ထွက်ရှိမှုသည် တနိုင်ငံလုံး လိုအပ်ချက်၏ ၃၀ရာခိုင်နှုန်းခန့် ကိုသာ ဖြည့်တင်းပေးနိုင်ကြောင်း သိရသည်။