စီးပွားရေး

အိန္ဒိယက ပြန်လည်ဝယ်ယူသဖြင့် ပဲစင်းငုံ၊ မတ်ပဲဈေးအနည်းငယ်ပြန်တက်လာ

Want create site? Find Free WordPress Themes and plugins.

ဆယ်စုနှစ်အတွင်း စံချိန်တင် ဈေးထိုးကျ သွားခဲ့သည့် ပဲစင်းငုံနှင့် မတ်ပဲဈေးသည် အိန္ဒိယသို့ ပြန်လည် တင်ပို့မှုရှိလာသည့် အတွက် ယခုသီတင်းပတ်အတွင်း ဈေးအနည်းငယ် ပြန်တက်လာကြောင်း မန္တလေး ပဲနှမ်းကုန်စည်ဒိုင်မှ သိရသည်။

“သူတို့(အိန္ဒိယ)ဘက်က ပိတ်လိုက်တော့ ပြည်တွင်းမှာ တခါမှမကြုံဖူးတဲ့ အနိမ့်ဆုံးဈေးအထိဖြစ်သွားတယ်။ အဲဒီလိုလည်းဖြစ်တော့ အိန္ဒိယဘက်က ဒီအောက်ဈေးကို ကြိုက်လို့ ပြန်ဝယ်တာမျိုးတွေရှိလို့ ဒီတပတ်ထဲမှာ ဈေးလေးပြန်လိုက်လာတဲ့သဘောပါပဲ”ဟု မန္တလေးပဲနှမ်းကုန်စည်ဒိုင်မှ အထွေထွေအတွင်းရေးမှူး ဦးကျော်သွင်က ဧရာဝတီကို ပြောသည်။

ပဲစင်းငုံနှင့် မတ်ပဲဈေးကွက်သည် ယခုနှစ် သြဂုတ်လအတွင်းက အိန္ဒိယ၏ ကန့်သတ်သွင်းကုန်အဖြစ် သတ်မှတ်ခံရ ပြီးနောက် ပြည်တွင်းဈေးကွက်အတွင်း ဒီဇင်ဘာလ ပထမပတ် အထိ ဈေး ထက်ဝက်ကျော်မက ဈေးထိုးကျသွား ခဲ့သည်။

အိန္ဒိယတင်သွင်းခွင့် မကန့်သတ်ခင်က မန္တလေးဈေးကွက်အတွင်း သုံးတင်းဝင်တအိတ်လျှင် ၇၅၀၀၀ ကျပ် ဝန်းကျင်ရှိခဲ့သော ပဲစင်းငုံသည် စက်တင်ဘာလဆန်းမှ စ၍ ဈေးထိုးကျသွားရာ အနိမ့်ဆုံးဈေး ၃၀၀၀၀ ကျပ်အထိ ဖြစ်သွားခဲ့ပြီး အိန္ဒိယက ပြန်လည်ဝယ်ယူလာသည့်နောက် ယနေ့ဈေးကွက်တွင် ၃၆၀၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လာကြောင်း မန္တလေးပဲနှမ်းကုန်စည်ဒိုင်မှ သိရသည်။

အလားတူ မတ်ပဲတအိတ်လျှင် သြဂုတ်လအတွင်းက တသိန်းကျော်ရှိခဲ့ရာမှ ၄သောင်းကျော်အထိ ဈေးထိုးဆင်းသွား ခဲ့ပြီး ဒီဇင်ဘာ ပထမပတ်မှစတင်ကာ တဖြည်းဖြည်းဈေးပြန်မာလာပြီး ယနေ့ဈေးကွက် တွင် ၅၂၀၀၀ ကျပ် ဝန်းကျင်ရှိကြောင်း သိရသည်။

“အလားအလာကတော့ ကောင်းပါတယ်။ စိတ်ညစ်ဖို့ကောင်းတာ။ လာမယ့် ပဲရာသီမှာ အိန္ဒိယရဲ့ ရာသီဥတု၊ စိုက်ဧကနဲ့ အထွက်နှုန်း ပေါ်ကြည့်ရမှာပဲ။ သူတို့ဆီမှာ အထွက်ကျတယ်ဆိုရင်တော့ ဒီဘက်ကနေ ဖြစ်အောင် ဝယ်မှာပဲလေ။ အဲဒီအခါကျမှာပဲ ဈေးပြန်ကောင်းလာနိုင်မှာ။” ဟု မန္တလေးပဲနှမ်း ဈေးကွက်အတွင်း ရှိ ပဲကုန်သည်ကြီး ဦးမောင်ဌေးက ဧရာဝတီကို ပြောသည်။

မြန်မာပဲစင်းငုံနှင့် မတ်ပဲကို အိန္ဒိယကုန်သည်အချို့က နီပေါနိုင်ငံအတွက် ကြားခံဝယ်ယူခြင်း ဖြစ်ကြောင်း၊ ယခုဈေးအရ လှောင်ထားမည်ဆိုပါက လာမည့် ပဲရာသီအတွက် အကျိုးအမြတ်ရှိမည်ဟု ခန့်မှန်းကြကြောင်၊ လက်ရှိတွင် အနိမ့်ဆုံး ဈေး ဖြစ်၍ ငွေမအောင်းလိုသည့် မြန်မာပဲလှောင်ထားသူများက ထုတ်ရောင်းကြခြင်း ဖြစ်ကြောင်း မန္တလေးဈေးကွက် အတွင်းရှိ ပဲပြည်ပတင်ပို့သည့် လုပ်ငန်းရှင်များက ဆိုသည်။

ထို့အပြင် လာမည့် ၂၀၁၈ ခုနှစ် မတ်လတွင် အိန္ဒိယနိုင်ငံက နှစ်စဉ်တင်ဒါခေါ်ယူလေ့ရှိသည့် အစိုးရအချင်းချင်း G to G ဝယ်ယူရန် ပဲဈေးဖွင့်မည်ဖြစ်ရာ ၎င်းတို့နိုင်ငံမှ ပဲအထွက်နှုန်းကောင်းနေပါက မြန်မာပဲကို အနိမ့်ဈေးဖြင့်သာ ဝယ်ယူလိမ့်မည်ဟု မန္တလေးမြို့က ပဲကုန်သည်များက ခန့်မှန်းကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading