မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေသစ်ကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှ စ၍ အသုံးပြုနိုင်မည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁၃ ရက် က ရန်ကုန်မြို့တွင် ပြုလုပ်သော မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ မိတ်ဆက်ရှင်းလင်းပွဲမှ သိရသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက “ဥပဒေသစ်နဲ့ ပတ်သက်တဲ့ စတင်ကျင့်သုံးဖို့ လုပ်ဆောင်ရမယ့် အပိုင်းတွေက သြဂုတ်လ ၁ ရက်နေ့မတိုင်ခင် အားလုံးပြီးမယ်။ ဥပဒေကျင့်သုံးမှာက သြဂုတ်လ ၁ ရက်နေ့ဖြစ်တယ်”ဟု ပြောသည်။
အဆိုပါ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကို ဒီဇင်ဘာ ၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ထုတ်ပြန် ပေးခဲ့ပြီး ကုမ္ပဏီများ ဥပဒေ စတင် ကျင့်သုံးရန်အတွက် အွန်လိုင်းတွင် ကုမ္ပဏီ မှတ်ပုံတင်နိုင်ရန် စတင်စမ်းသပ် လုပ်ဆောင်ခြင်း၊ သက်ဆိုင်သူများနှင့် ဆွးေနွေးညိုနိူင်းခြင်း၊ အများပြည်သူသို့ ဥပဒေနှင့် ပတ်သက်ပြီး ပညာပေး လုပ်ငန်းများ လုပ်ပေးနိုင်ရန်အတွက် ဌာနမှ ဝန်ထမ်းများကို ဥပဒေသင်တန်းပေးခြင်း စသည့် အချက်များကြောင့် ကုမ္ပဏီများဥပဒေ ထုတ်ပြန်ပြီးသော်လည်း ၈ လခန့် အချိန်ယူဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
လက်ရှိဥပဒေအဟောင်းဖြင့် ကုမ္ပဏီ ၆ သောင်းကျော်မှတ်ပုံတင်ထားပြီး ယင်းမှတ်ပုံတင်ထားသည့် ကုမ္ပဏီများကို ဥပဒေအသစ်ဖြင့် အွန်လိုင်းမှ မှတ်ပုံတင်နိုင်ရန် အတွက်လည်း ၆ လခန့် အချိန်ပေးလုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ဦးအောင်နိုင်ဦးက “အွန်လိုင်း မှတ်ပုံတင်တာက လွယ်လွယ်ကူကူ ဖောင်ပုံစံလေးတွေ ဖြည့်ရမှာပဲ ပါတယ်။ သိပ်ခဲခဲယဉ်းယဉ်း လုပ်စရာလည်း မလိုဘူး။ မှတ်ပုံတင်ပြီးသား ကုမ္ပဏီတွေကလည်း အွန်လိုင်းမှာ အားလုံးပါသွားရင် သူတို့အတွက်မှာ အကျိုးရှိတယ်။ သြဂုတ်လ ၁ ရက်နေ့ထဲက စပြီးတော့ အွန်လိုင်းမှတ်ပုံတင်တာကို စလုပ်နိုင်တယ်။ အွန်လိုင်း မှတ်ပုံတင်ရမှာကို မကျွမ်းကျင်လို့ပဲဖြစ်ဖြစ် စာရွက်နဲ့ မှတ်ပုံတင်မှ ရတယ်ဆိုလည်း ဌာနကို လာတင်လို့ရပါတယ်”ဟု ရှင်းပြသည်။
ဥပဒေ၏ အားသာချက်အနေဖြင့် ယခင်ကဲ့သို့ နိုင်ငံခြားသားများက ကုမ္ပဏီတခုလုံးကိုု ထိန်းကျောင်းခြင်းမဟုတ်ဘဲ နိုင်ငံသားလုပ်ငန်းရှင်များ လက်ထဲ၌သာ ကုမ္ပဏီတခုလုံးရရှိစေရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေသစ်ကို ရည်ရွယ်ရေးဆွဲထားခြင်း ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုှုဦးစီးဌာနမှ သိရသည်။
အဆိုပါ ဥပဒေတွင် ယခင်က နိုင်ငံခြားသားလုပ်ငန်းရှင်များကို ၁ ရာခိုင်နူန်းသာ ခွင့်ပြုခဲ့ရာမှ ယခု ဥပဒေတွင် နိုင်ငံခြားသားများကို ၃၅ ရာခိုင်နူန်း ပါဝင်ခွင့်ပြုထားပြီး ယခင်က နိုင်ငံခြားသားများ ဝယ်ယူပိုင်ဆိုင်ခွင့် မရှိသည့် ကွန်ဒိုတိုက်ခန်းများ အပါအဝင် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို လည်း ပိုင်ဆိုင်ခွင့်ရရှိနိုင်မည်လည်း ဖြစ်သည်။
“နိုင်ငံခြားသားကို ၃ ပုံ ၁ ပုံပဲပေးတာက ဘာကောင်းလဲဆိုတော့ သူ့ဆီက နိုင်ငံခြားငွေကြေး ဝင်လာမယ် ဥပမာ ကိုယ်က ၁၀၀ နဲ့ ကုမ္ပဏီထောင်ထားတယ်ဆိုရင် သူဆီက ၃၅ ကျပ်ထပ်ဝင်လာမယ်ဆိုရင် ကိုယ်က ၁၃၅ ကျပ်ဖြစ်သွားတယ်။ နောက်တချက်က တွဲလုပ်တဲ့အတွက် နည်းပညာရမယ်။ ပြီးတော့ သူက ကိုယ့်ဆီမှာ ရှယ်ယာ ပါထားတဲ့အတွက်ကြောင့် သူ့ဈေးကွက်ကိုရမှာ ဖြစ်တယ်။ အဲဒီတော့ နိုင်ငံသားများအတွက်က ငွေကြေးရင်းနှီးမြှုပ်နှံမှု၊ နည်းပညာနဲ့ ဈေးကွက်ရရှိမှာ ဖြစ်တာကြောင့် ၃၅ ရာခိုင်နူန်းကို ထည့်ထားတာဖြစ်တယ်”ဟု ဦးအောင်နိုင်ဦးက ရှင်းပြသည်။
မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်၊ တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးကျော်သူက “အခုဥပဒေအသစ်ကတော့ ပိုကောင်းပါတယ်။ ထူးခြားချက်ရှိတယ်။ အရင်တုန်းက Private ကုမ္ပဏီဆို ၂ ယောက်မှ ထောင်လို့ရတယ်။ အခု ၁ ယောက်ထဲ ထောင်လို့ ရတယ်။ ကုမ္ပဏီအသေးတွေ (မြန်မာငွေကျပ် သိန်း ၅၀၀ အောက်) ရှိတဲ့ဟာတွေဆိုရင် စာရင်းတင်စရာမလိုတော့ဘူး။ အရင်က Public ကုမ္ပဏီဆိုရင် ၇ ယောက်မှ ဖွဲ့လို့ရတယ်။ အခုဆိုရင် ၃ ယောက်နဲ့ ပြီးတယ်။ ပြီးတော့ နိုင်ငံခြားသား ၃၅ ရာခိုင်နူန်းပါတာတောင် မြန်မာကုမ္ပဏီဖြစ်တယ်ဆိုတော့ ကောင်းပါတယ်”ဟုု ဧရာဝတီသို့ ပြောသည်။
နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်များနှင့် ပတ်သက်၍ ကုမ္ပဏီများ ဥပဒေအသစ်က များစွာ ဖြေလျှော့ပေးထားခြင်းသည် ရင်းနှီး မြှုပ်နှံမှုနှင့် ပတ်သက်သော ငွေကြေးရင်းနှီးမြှုပ်နှံမှု၊ နည်းပညာများနှင့် ဈေးကွက်ကို မြန်မာနိုင်ငံသား လုပ်ငန်းရှင်များက ရရှိနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။