အများဝေဖန်နေကြသည့်အတိုင်း နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို သုံးသပ်ကြည့်ပါက ၎င်းတို့အစိုးရ မျှော်မှန်း ထား သလောက် တိုးတက်မှု မရှိသည်ကို ဝန်ခံရမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက ဒီဇင်ဘာလ ၁၃ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် SMEs လုပ်ငန်းများ ဖွံ့ဖြိုးရေး အစည်းအဝေးတွင် ပြောသည်။
“လက်ရှိ အနေအထားကို သုံးသပ်လို့ရှိရင် နိုင်ငံတော်ရဲ့ စီးပွားရေးအနေအထားက ကျနေ်ာတို့ မျှော်မှန်းသလောက် တိုးတက်မှု မရှိဘူး ဆိုတာ အဖွဲ့အစည်းတွေဘက်က သုံးသပ်မှုရှိနေတာကို ကျနေ်ာတို့ ကိုယ်တိုင်က အမှန်တရားကို လက်ခံရမှာ ဖြစ်ပါတယ်”ဟု ၎င်း က ပြောသည်။
ပြီးခဲ့သည့် ၆ လခန့်က မြန်မာပြည် စီးပွားရေးကို အရှိန်အဟုန်နှင့် တိုးတက်အောင် ဆောင်ရွက်တော့ မည် ဖြစ်၍ မြန်မာ့ စီးပွားရေးသည် ယခုနှစ်၌ ကမ္ဘာမြေကြီး၏ ဆွဲငင်အားကို တွန်းကန်ပြီး ဂျက်ပါဝါနှင့် လေထဲသို့ ပြေးမည့်နှစ်ဟု သတ်မှတ်နိုင်ကြောင်း ဝန်ကြီးက နေပြည်တော်တွင် ပြောဆိုခဲ့ဖူးသည်။
စီးပွားရေး လုပ်ငန်းရှင်များ၏ မြန်မာ့စီးပွားရေးအပေါ် ယုံကြည်မှုသည် ယခုနှစ်အတွင်း အကြီးအကျယ် ကျဆင်းသွားသည်ဟု Roland Berger အတိုင်ပင်ခံလုပ်ငန်းနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့ ဒီဇင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်သည့် စစ်တမ်းတခုတွင် ဖော်ပြထားရာ ယင်းကိစ္စကို ရည်ညွှန်း၍ ဝန်ကြီး ဦးကျော်ဝင်းက ဝန်ခံလိုက်ခြင်း ဖြစ်သည်။
စီးပွားရေး အကြံပေး ဦးမြင့်က “ကျနော်တို့ နိုင်ငံရဲ့ စီးပွားရေး အခြေအနေဟာ နာမကျန်းဘူးလို့ ကျနော်ထင်ပါတယ်။ ဒီစီးပွားရေး နာမကျန်းမှုကြီးကို မဟာဗျူဟာလိုပါတယ်။ International Monetary Fund -IMF က ကျနော်တို့ တဦးချင်း ဂျီဒီပီကို ၂၀၂၀-၂၁ ရောက်ရင် အမေရိကန်ဒေါ်လာ ၁၈၃၂ ဒေါ်လာ ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။ လူထုအနေအထား ဆန်းစစ်ဖို့က မခက်ပါဘူး။ ကျနော်တို့အခု ဈေးထဲသွား နေ့စဉ် ဈေးဝယ်နေတဲ့ သူတွေ၊ ရောင်းချနေတဲ့ သူတွေ ရဲ့ မိသားစု ရပ်တည်ရေးအတွက် ကြီးမားစွာ ရုန်းကန်နေရတာကို ကြည့်ရင် သိနိုင်ပါတယ်” ဟု မကြာသေးမီက သုံးသပ်ပြောဆိုခဲ့သည်။
အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရကို လူထုက မျှော်လင့်ချက် ကြီးမားစွာဖြင့် အပြောင်းအလဲများ ပြုလုပ်နိုင်ရန် မဲပေးအပြီး ၂ နှစ်အကြာတွင် လူမှု စီးပွားရေးဘဝများ သိသိသာသာ တိုးတက်လာမှု မရှိခြင်း၊ ရှင်းလင်းသော မူဝါဒများ ချမှတ်နိုင်ခြင်း မရှိဘဲ တုန့်ဆိုင်းမှုများ ရှိနေခြင်းက ပြည်သူလူထုကို စိတ်ပျက်လာစေကြောင်း စီးပွားရေးပညာရှင်များက ထောက်ပြလျက်ရှိသည်။
ကမ္ဘောဇဘဏ်မှ အကြံပေး ပညာရှင် ဦးသန်းလွင်က “မူဝါဒ စည်းမျဉ်း စည်းကမ်းတွေ ရှင်းရှင်းလင်းလင်း မရှိတာကလည်း အခုဦးဆောင်သူတွေမှာ Capacity နည်းတာကို ပြတာ။ အရင် အစိုးရဟောင်းက အပြောင်းအလဲ မလုပ်ခင် အခွန်တွေ တိုးခဲ့တဲ့မူကို NLD က ဆက်ခံပြီး လုပ်နေတာလည်း မှားတယ်။ အရင်လူလုပ်တာ လိုက်လုပ်လို့ ဘာထူးမှာလဲ။ မှားလားမှန်လား ကြည့်ရမှာပေါ့”ဟု ဆိုသည်။
စီးပွားရေး တိုးတက်လာအောင် အစိုးရအနေဖြင့် စီးပွားရေး အကြံပေး ပညာရှင်များ ခန့်အပ်ကာ Think Tank များ ထူထောင်သင့်ကြောင်း၊ အစိုးရက ဦးဆောင်ပြီး ပညာရှင်များကို စုစည်းကာ ဝန်ကြီးဌာနအလိုက် ပညာရှင်များ ခန့်အပ်ခြင်း၊ တိုင်းနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များကို အကြံပေးနိုင်မည့် လူတွေများကို ခန့်ထားရန် လိုကြောင်းလည်း ၎င်းက အကြံပြုသည်။
“အခွန်နှုန်းထားတွေ တိုးလိုက်ရင် အခွန်ပိုရမယ်လို့ အစိုးရက ထင်တာ။ ဘယ်ရမလဲ။ စီးပွားရေး မတက်နိုင်တဲ့အချိန်မှာ အခွန်က နှိပ်စက်ပြန်တော့ ဒုက္ခတွေ တိုးတာပေါ့။ လူတွေကလည်း အခွန်များတော့ မပေးချင်တဲ့အခါ ရှောင်တာပေါ့။ ပေးချင်စိတ် ရှိအောင်လည်း လုပ်ရတယ်။ အခွန်နှုန်းထားကို တင်တိုင်း Tax ပိုရမယ်လို့ ထင်နေတာ မဟုတ်သေးဘူး”ဟု ပြောသည်။
တိုင်းပြည် စီးပွားရေး မတိုးတက်ရခြင်း၏ အကြောင်းတခုမှာ တနိုင်ငံလုံးတွင် စီးပွားရေးအရ လက်ဝါးကြီး အုပ်မှုများ ဆက်လက်ရှိ နေ၍ ဖြစ်ပြီး လူတစုတွင်သာ တိုးတက်နေသည့် စီးပွားရေးပုံစံကို မပြောင်းနိုင်သရွှေ့ မြန်မာပြည် စီးပွားရေးကို တိုးတက်သည်ဟု မဆိုနိုင်ကြောင်း ပြည်သူ့လွှတ်တော် စီးပွားရေးကော်မတီဝင်ဟောင်း ဦးအောင်လှိုင်ဝင်းက ပြောသည်။
“အရင်အစိုးရဆီက ကျနော်တို့ အမွေရတဲ့ဟာက လုပ်ငန်းကြီးတွေကို လုပ်ငန်းငယ်လေးတွေက မယှဉ်နိုင်အောင် သတ်တဲ့ သဘောတွေ ရှိတယ်။ YBS ကိစ္စမှာ အရင်က ရန်ကုန်တမြို့လုံး ဘယ်သူမဆို ဝင်ဆွဲလို့ရတယ်။ အခုကျတော့ ကုမ္ပဏီ တစုတဖွဲ့ကနေ လက်ဝါး ကြီး အုပ်လိုက်တယ်။ အဲဒီလို သဘောပဲ တနိုင်ငံလုံးမှာ လက်ဝါးကြီး အုပ်မှုတွေ အများကြီးတွေ့ရတယ်”ဟု ၎င်းက သုံးသပ်သည်။
မနေ့က နေပြည်တော်တွင် ပြုလုပ်သည့် အသေးစား အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးကို စီးပွားရေးနှင့် ဆိုင်သော ဝန်ကြီးဌာနများမှ ဝန်ကြီများ၊ နေပြည်တော် ကောင်စီ အပါအဝင် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ ဌာနဆိုင်ရာများမှ အမြဲတမ်း အတွင်းဝန်များ တက်ရောက်ခဲ့ကြသည်။
ယင်းအစည်းအဝေးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက SME အကြောင်းပြ၍ အလှပြင်ဆိုင်တခုကို ကျပ် သိန်း ၉၀၀ ထုတ်ချေးထားခဲ့သည်ကို ဝေဖန်ခဲ့ပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း အစည်းအဝေးအပြီး မြန်မာနိုင်ငံက SME အစစ်အမှန်များသည် အစိုးရချေးငွေ မရရှိခဲ့ကြောင်း ပြောဆိုမှုများ ရှိခဲ့သည်။