နယ်စပ်ဒေသအများစုတွင် ၎င်းဒေသထွက်ကုန်မျိုးစုံကို အပြိုင်အဆိုင် ရောင်းချကြသည်မှာ အထူးအဆန်း မဟုတ်သော်လည်း အိန္ဒိယ-မြန်မာနယ်စပ်ရှိ တမူးမြို့ပေါ်က “နန်းဖာလုံဈေး”ကို ပထမဆုံးအကြိမ် ရောက်ဖူးသူ အနေဖြင့် အထူးအဆန်း ဖြစ်နေမည်မှာ သေချာပါသည်။
အဘယ့်ကြောင့်ဆိုသော် နန်းဖာလုံဈေးသည် အိန္ဒိယ-မြန်မာနယ်စပ်ရှိ ဈေးတခု ဖြစ်သော်လည်း ရောင်းချသည့် ကုန်စည် ၉၀ ရာခိုင်နှုန်းကျော်သည် တရုတ်နိုင်ငံထုတ် ပစ္စည်းများ ဖြစ်သည်။
“အိန္ဒိယနိုင်ငံသားတွေက ဈေးသက်သာတာ ပိုကြိုက်တယ်လေ။ တရုတ်ပစ္စည်းက ဈေးသက်သာတယ်။ အဲဒါကြောင့် ဒီမှာ တရုတ်ပစ္စည်းအကုန်ရောင်းရတယ်” ဟု နန်းဖာလုံဈေးတွင် ဆယ်စုနှစ်တခုကြာ တရုတ်အထည်အလိပ်များ ရောင်းချခဲ့သည့် အထည်ဆိုင်ပိုင်ရှင် ကိုဝဏ္ဍက ဧရာဝတီကိုပြောသည်။
တရုတ်ကုန်စည်များ အဓိကရောင်းချသော စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ရှိ နန်းဖာလုံဈေးသည် မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်မျဉ်းနှင့် နီးကပ်စွာ တည်ရှိသည်။
နန်းဖာလုံဈေးအတွင်းက တရုတ်နိုင်ငံထုတ်ကလေးကစားစရာပစ္စည်းဆိုင်ပိုင်ရှင် ကိုအောင်ကျော်လင်းက “တရုတ်ပစ္စည်းက လွယ်ကူတယ်၊ အသစ်အဆန်းပေါတယ်၊ ဈေးလဲချိုတယ်။ ဒီဘက်ကလူအများစုကလည်း အချိုအချောင်ကြိုက်တော့ ဒီမှာအလုပ်ဖြစ်လာတယ်။ အဲဒါကြောင့် တရုတ်ဝင်လာပြီးနောက်ပိုင်း အိန္ဒိယ ထုတ်ကုန်တွေဟာ တဖြေးဖြေးမှိန်သွားတာ အခုထိပဲ” ဟု ဧရာဝတီကို ပြောသည်။
အိန္ဒိယငွေကြေးဖြစ်သည့် ရူပီးဖြင့်သာ အဓိကအရောင်းအဝယ်ပြုလုပ်သည့် ၎င်းဈေးအတွင်း တရုတ်နိုင်ငံမှတဆင့် မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်တင်သွင်းလာသည့် အဝတ်အထည်၊ လျှပ်စစ်နှင့် လူသုံးကုန် ပစ္စည်းများ၊ ကလေး ကစားစရာများ၊ အစားအသောက်နှင့် သစ်သီးဝလံမျိုးစုံကို နယ်စပ် ဒေသတလျှောက်နေထိုင်သည့် အိန္ဒိယနိုင်ငံသားများအတွက် အဓိကထား ရောင်းချပေးလျက်ရှိသည်။
ဈေးဝယ်ယူပြီးပါက ကုန်စည် သယ်ယူပို့ဆောင်ရေးအတွက် အပို့အကြို ပြုလုပ်နိုင်ရန် တဖက်နိုင်ငံအတွင်းက “မိုရေး”မြို့အဝင်ပေါက်တွင် သုံးဘီးဆိုင်ကယ်များ အစီအရီ ရပ်နားကာအသင့် စောင့်ဆိုင်းနေကြသည်။
မြန်မာနိုင်ငံသားတို့နှင့် ဆင်တူလှသည့် အိန္ဒိယနယ်စပ် မဏိပူရ်ပြည်နယ်သားအများစု၏ ရုပ်ရည်သွင်ပြင် ကြောင့် အပြန်အလှန် အရာင်းအဝယ်လုပ်နေသည့် စကားသံများသာ မကြားရပါက မြန်မာနိုင်ငံအတွင်းက ဈေးကြီးတဈေးသို့ ရောက်ရှိနေသည်ဟု ခံစားရမည်မှာ မလွဲပါ။
အိန္ဒိယနိုင်ငံ အရှေ့မြောက်နယ်စပ်ဒေသများဖြစ်သော အာသံပြည်နယ်၊ မဏိပူရ်၊ နာဂလန်း စသည့်ပြည်နယ် များမှ နန်းဖာလုံဈေးသို့ လာရောက်ဝယ်ယူကြပြီး အိန္ဒိယနိုင်ငံရှိ ဒေပဝါလီ၊ ကသည်းသင်္ကြန်နှင့် ခရစ်စမတ် ပွဲတော်ရာ သီချိန်များတွင် ဈေးအတွင်း တိုးမပေါက်အောင် အရောင်းအဝယ်ကောင်းကြောင်း နန်းဖာလုံဈေးအတွင်းက ဈေးသည်များက ဆိုသည်။
မြန်မာနိုင်ငံအတွင်းရှိ နန်းဖာလုံဈေးသို့ လာရောက်ဈေးဝယ်ကြသည့် အိန္ဒိယနိုင်ငံသားများအတွက် မြန်မာ လူဝင်မှုကြီးကြပ်ရေး(လဝက)ကို နိုင်ငံခြားသားဖြစ်ကြောင်း မည်သည့်အထောက်အထားမှ ပြရန် မလိုဘဲ သွားလာ၊ ရောင်းဝယ်မှုပြုနိုင်သည်ဟု တမူးနယ်စပ်ဂိတ်တွင် တာဝန်ကျသည့် ဝန်ထမ်း အမျိုးသား တဦး၏ အဆိုအရ သိရသည်။
တရုတ်အစိုးရသည် တခြားနိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်တော့မည်ဆိုပါက ကနဦးဆန်းစစ်လေ့လာမှုများ ပြုပြီးနောက် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း အသာစီးရရန် ကောင်းမွန်သည့် မဟာဗျုဟာများ ချမှတ် ဆောင်ရွက် ကြောင်း အိန္ဒိယ-မြန်မာ-တရုတ်ရေးရာကျွမ်းကျင်သူ ဆွိဒင်နိုင်ငံသား သတင်းစာဆရာ ဘာတေးလ် လင့်တနာက ဧရာဝတီကို ပြောသည်။
“မြန်မာနိုင်ငံထဲကိုကုန်သွယ်တော့မယ်ဆိုရင် အဲဒီနိုင်ငံအတွင်းမှာ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းအခြေအနေ၊ အခြားသော နိုင်ငံတွေကနေ တင်ပို့နေတဲ့ ထုတ်ကုန်အခြေအနေတွေကို အရင်လေ့လာပြီးမှ အဲဒီပစ္စည်းတွေထက် ဈေးသက်သာ အောင်ထုတ်လုပ်ပြီး တင်သွင်းရောင်းချနိုင်တာဟာ တရုတ်ရဲ့ကုန်သွယ်မှုမှာ အလွန်ကောင်းတဲ့ အစီအမံတခုလို့ ဆိုရမယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။
ထို့အပြင် အိန္ဒိယသည် မြန်မာနှင့် ကုန်သွယ်မှုတွင် အကန့်အသတ်များစွာရှိနေခြင်းသည်လည်း တရုတ် ဈေးကွက်ထိုး ဖောက်နိုင်မှုကို ပိုမိုကျယ်ပြန့်အောင် တွန်းအားပေးခြင်းတမျိုး ဖြစ်စေသည်ဟု ဆိုသည်။
နန်းဖာလုံဈေးကဲ့သို့ပင် အိန္ဒိယနယ်စပ်ပြည်နယ်များရှိ မြို့ကြီးများတွင် တရုတ်ပစ္စည်းများ အဓိက ရောင်းချနေသည့် ဈေးအများအပြားရှိကြောင်း မဏိပူရ်ပြည်နယ်မှ ဒေသခံသတင်းထောက်အမျိုးသမီး မစ္စ ချစ်ထရာဘမ်းက ရှင်းပြ သည်။
“အိန္ဒိယနိုင်ငံသားတွေအနေနဲ့ ဈေးနှုန်းသက်သာတာကို လိုချင်လား၊ အရည်အသွေးနဲ့ ကြာရှည်ခံမှုကို လိုချင် သလားဆိုတာ သူတို့ဆုံးဖြတ်တဲ့အပေါ်မှာပဲ မူတည်သွားမှာပါ၊ တရုတ်ရဲ့ဈေးကွက် ထိုးဖောက်မှု ကတော့ အိန္ဒိယ တခုတည်းမှ မဟုတ်ပါဘူး။ တကမ္ဘာလုံးလို့ပြောလို့ရနေပါပြီ” ဟု သူက ပြောသည်။
နန်းဖာလုံဈေးအတွင်းတွင် တရုတ်ကုန်ပစ္စည်းလက်လီလက်ကားရောင်းချသည့် ကုန်သည်ကြီးများလည်း ရှိရာ အချို့က တရုတ်နိုင်ငံရှိ စက်ရုံများအထိ တိုက်ရိုက်မှာယူရောင်းချကြပြီး အချို့မှာ မန္တလေးမှ တဆင့် ဝယ်ယူကြကြောင်း တမူးနယ်စပ် ကုန်သွယ်ရေး ကုန်သည်များအသင်းဥက္ကဋ္ဌ ဦးလှမောင်က ဧရာဝတီကို ပြောသည်။
“လမ်းပန်းဆက်သွယ်ရေးက အရင်ကထက်စာရင် အများကြီး ကောင်းလာတယ်လို့ ပြောလို့ရပါတယ်။ အခုလိုတရုတ်ကုန်စည်တွေ နယ်စပ်ဖြတ်ကျော်ပြီး အလုပ်ဖြစ်လာတော့ ကိုယ့်ကုန်သည်တွေလည်း အကျိုးခံစားရတယ်လေ။ အဲဒါကြောင့်လည်း တမူး တမြို့လုံး ထမင်းစားနေရတာ” ဟု ၎င်းက ဆိုသည်။
တရုတ်မှ အိန္ဒိယနယ်စပ်အထိ ကုန်သွယ်ရေးလမ်းကြောင်းသည် အဓိကအားဖြင့် မူဆယ်-မန္တလေး-ဂန့်ဂေါ-ကလေး ကားလမ်းကို တနှစ်ပတ်လုံး အသုံးပြုကြပြီး မုံရွာ-တမူးလမ်း၊ မဟာမြိုင်လမ်းတို့ကိုမူ ပွင့်လင်းရာသီ အချိန်မှသာ အသုံးပြုကြကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်းမှ သိရသည်။
“ဒီကုန်သွယ်မှုမှာ တရားဝင်ဆိုရင်တော့ ကိုယ့်နိုင်ငံလည်း အခွန်ရသလို သက်ဆိုင်ရာကဏ္ဍအလိုက်က လုပ်ငန်းတွေလည်း အလုပ်အကိုင် အခွင့်အလမ်းနဲ့ ဝင်ငွေရကြမယ်”ဟု မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့၏ ညွှန်ကြားရေးမှူး ဦးမျိုးသူက ဧရာဝတီကို ပြောသည်။
ယခင် အစိုးရလက်ထက်မှ စတင်၍ အခြားနိုင်ငံမှ ပြည်တွင်းသို့ ကုန်စည်တင်သွင်းမည်ဆိုပါက ကုန်စည်အပေါ် ကြိုတင်ခွန် (Advance Tax) ၂ ရာခိုင်နှုန်း ပေးဆောင်ရပြီး အလားတူ ပြည်တွင်းသို့ တင်သွင်း လာသည့်ကုန်စည်အား တခြားနိုင်ငံသို့ ပြန်လည်တင်ပို့ ရောင်းချမည်ဆိုပါကလည်း အခွန် ၂ ရာခိုင်နှုန်း ထပ်မံပေးဆောင်ရသည်ဟု သတ်မှတ်ခဲ့ကြောင်း ပြည်ထောင်စု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန(စီး/ကူး)မှ သိရသည်။
အိန္ဒိယအရှေ့မြောက် ဒေသဖြစ်သော အာသံ၊ မဏိပူရ်၊ နာဂလန်းပြည်နယ်တို့သည် လူဦးရေထူထပ်ပြီး ဖွံ့ဖြိုးမှုအပိုင်းတွင် အားယူနေဆဲဒေသများ ဖြစ်ခြင်း၊ ဒေသအစိုးရ၏ မူဝါဒသည် ကုန်ထုတ်လုပ်မှုထက် ခရီးသွားကဏ္ဍကို ပိုအားပေးခြင်းတို့ကြောင့်လည်း မြန်မာနိုင်ငံကို ဖြတ်ကျော်၍ တရုတ်ကုန်စည်များ ပိုမို ထိုးဖောက်လာနိုင်ခြင်း ဖြစ်သည်ဟု ညွှန်ကြားရေးမှုးဦးမျိုးသူက သုံးသပ်သည်။