မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုသည် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် အောက်တိုဘာလထိ အမေရိကန် ဒေါ်လာသန်းပေါင်း ၉၆၀ ကျော်ရရှိထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ သိရ သည်။
”အရင်ထက် ပိုများလာတာက ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ဥပဒေနဲ့ နည်းဥပဒေထွက်ခဲ့တာကြောင့်ပါ၊ အရင်က ခိုင်မာတိ ကျတဲ့ ဥပဒေ၊ နည်းဥပဒေတွေမရှိတော့ လာပြီး ရင်းနှီးမြုပ်နှံမှု အလွန်နည်းခဲ့ပါတယ်၊ ဒီနှစ်ဆိုရင် နှစ်မကုန်သေးဘူး ပြီးခဲ့တဲ့နှစ်ကထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ပိုရနေပြီဖြစ်တယ်” ဟု အဆိုပါ ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသိုက်ထွန်းက ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုသည် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၇၂၄ သန်းကျော်၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်က ငွေကျပ်သန်းပေါင်း ၉ သိန်းကျော်ရရှိထားပြီး ၂၀၁၇-၁၈ အောက်တိုဘာလထိ ငွေကျပ်သန်းပေါင်း ၃ သိန်းကျော်ရရှိထားကြောင်း သိရသည်။
ပြီးခဲ့သည့် ၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် အောက်တိုဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှုငွေ စုစုပေါင်း အမေရိကန်ဒေါ်လာသန်းပေါင်း ၃၁၀၀ ကျော်ရရှိထားရာ NLD အစိုးရလက်ထက် တွင် ယခင်အစိုးရများ ရရှိထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုထက် အမေရိကန်ဒေါ်လာသန်း ၁၅၀၀ နီးပါး ရရှိခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန အချက်အလက်များမှ သိရသည်။
မြန်မာနိုင်ငံသို့ ဝင်ရောက် ရင်းနှီးမြုပ်နှံသည့် နိုင်ငံများမှာ တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ဟောင်ကောင်၊ အိန္ဒိယ၊ မလေးရှား၊ နယ်သာလန်၊ အင်ဒိုနီးရှား၊ သြစတြေးလျ၊ ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်နိုင်ငံတို့ဖြစ်ပြီး နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု၌ တရုတ် နိုင်ငံမှ ဝင်ရောက်မှုအများဆုံးဖြစ်ပြီး စက်မှုလုပ်ငန်းကဏ္ဍအတွင်း ရင်းနှီးမြုပ်နှံမှုအများဆုံး ဖြစ်သည်။
ယခုဘဏ္ဍာနှစ် အောက်တိုဘာလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် တရုတ်နိုင်ငံက အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၁၀၀ ကျော်ဖြင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၃ ပုံ ၁ ပုံကို ပထမနေရာမှ ရင်းနှီးမြှုပ်နှံထားပြီး စင်ကာပူနိုင်ငံက အမေရိကန်ဒေါ်လာသန်းပေါင်း ၉၉၀ ကျော်ဖြင့် ဒုတိယ၊ ဟောင်ကောင်မှ အမေရိကန် ဒေါ်လာသန်း ပေါင်း ၃၉၀ ကျော်ဖြင့် တတိယအများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုမှာ ငွေကျပ် ၃၄ ဘီလီယံကျော် ရှိသည်။
မန္တလေးတိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီအနေဖြင့် လျှောက်ထားလာသည့် လုပ်ငန်းများကို စိစစ်၍ ခွင့်ပြုပေးလျက်ရှိ ရာ လျှောက်ထားဆဲ လုပ်ငန်း ၄ ခုရှိပြီး နိုင်ငံခြားသားတခုနှင့် မြန်မာနိုင်ငံသား ၃ ခုတို့အား စိစစ်၍ မကြာမီခွင့်ပြုပေးသွား မည်ဖြစ်ကြောင်း၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုပမာဏအား နှစ်အလိုက်လျာထားချက်ရှိရာ ယခုအခါ နှစ်အလိုက်လျာထား ချက်ပမာဏကို ကျော်လွန်နေပြီဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် နိုင်ငံခြားကုမ္ပဏီပေါင်း ၅၀ ကျော်နှင့် မြန်မာနိုင်ငံသား ကုမ္ပဏီပေါင်း ၁၃၀ ကျော်ရှိပြီး သတ္တုတူးဖော်ရေး၊ စက်မှုလုပ်ငန်း၊ ဟိုတယ်ခရီးသွားလာရေး၊ အိမ်ရာ၊ အဆောက်အအုံ၊ သယ်ယူပို့ဆောင်ရေး၊ စက်မှုဇုန်တည်ဆောက်ရေး၊ ဆောက်လုပ်ရေး၊ လယ်ယာ၊ မွေးမြူရေး၊ လျှပ်စစ်လုပ်ငန်းများအပါ အဝင်လုပ်ငန်း ၁၈ မျိုးကို လုပ်ကိုင်လျက်ရှိသည်။
နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ နည်းဥပဒေကို ၂၀၁၆ ခုနှစ်အတွင်း ပြဌာန်း အတည်ပြုပြီးနောက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ရင်းနှီးမြုပ်နှံမှုကော်မတီကို သီးသန့်ဖွဲ့စည်း၍ စိစစ်လက်ခံ ဆောင်ရွက်ခွင့်ပြုနေရာ အမေရိကန်ဒေါ်လာ ၅ သန်း၊ မြန်မာငွေသန်း ၆၀၀၀ အောက်လုပ်ငန်းများအား အဆိုပါကော်မတီများမှ အတည်ပြု ခွင့်ပေး ထားကြောင်း သိရသည်။