စီးပွားရေး

SMEs များအတွက် မြန်မာ့စီးပွားရေး ဘဏ်က ချေးငွေ ကျပ် ဘီလျံ ၇၀၀ ထုတ်ချေးမည်

Want create site? Find Free WordPress Themes and plugins.

အသေးစားနှင့် အလတ်စား လုပ်ငန်းများ (SMEs) အတွက် မြန်မာ့ စီးပွားရေးဘဏ်က တနိုင်ငံလုံး အတိုင်း အတာ အနေဖြင့် လာမည့်နှစ် ချေးငွေ ကျပ် ဘီလျံ ၇၀၀ ခန့် ထုတ်ချေးပေးမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာနက ဦးဆောင်ပြီး လာမည့်နှစ်တွင် မြန်မာ့စီးပွားရေး ဘဏ်မှ SMEs လုပ်ငန်းများ အတွက် ကျပ် ဘီလျံ ၇၀၀ ခန့် ထုတ်ချေးပေးရန် စီစဉ်လျက်ရှိရာ အတိုးနှုန်း ၉ ရာခိုင်နှုန်း နှင့် ကာလမှာ အများဆုံး ၃ နှစ်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (MRCCI) မှ သိရ သည်။

MRCCI ၏ SMEs ကော်မတီ ဥက္ကဌ ဦးဝင်းဌေး ကလည်း “အခု မြန်မာ့စီးပွားရေး ဘဏ်က အရင်ချေးငွေတွေထက် အတိုးနှုန်း လည်း နည်းသလို လုပ်ငန်းစဉ်လည်း နည်းနည်း ပိုလွယ်လာမယ်လို့ မြင်တယ်။ အပေါင်ပစ္စည်း ကဏ္ဍမှာဆို ပေးရတဲ့ အပိုင်းတွေ ရှိသလို မပေးနိုင်တဲ့ သူတွေအတွက်လည်း ချေးလို့ရမယ့် ချေးငွေဆိုတာတွေလည်း ပါလာမယ် ပြောတယ်။ အဲဒါကြောင့် ဒီကလုပ်ငန်းရှင် တော်တော်များများ စိတ်ဝင်စားကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိတွင် မန္တလေးတိုင်းအတွင်းမှ SMEs များကို ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (JICA) နှင့် CGI (အာမခံ ချေးငွေ) တို့မှ ချေးငွေ ထုတ်ပေးလျက်ရှိရာ အပေါင်ပစ္စည်း လိုအပ်ခြင်း၊ အတိုးနှုန်းသည် ၁၃ ရာခိုင် နှုန်း နှင့် ၁၆ ရာခိုင်နှုန်း ဖြစ်သောကြောင့် အတိုးနှုန်းမြင့်ခြင်း၊ ချေးငွေပမာဏ နည်းခြင်း၊ နှစ်တိုချေးငွေ ဖြစ်ခြင်း တို့ကြောင့် စီးပွားရေး လုပ်ငန်းများ အတွက် အနည်းငယ်သာ အထောက်အပံ့ ဖြစ်စေသည်ဟုလည်း ၎င်းက ပြောပြ သည်။

SMEs များ အတွက် မြန်မာ့စီးပွားရေး ဘဏ်မှ နှစ်လယ်ချေးငွေ ထုတ်ချေးပေးရန် လာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ အတွင်း အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း စီမံကိန်း နှင့်ဘဏ္ဍာရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း ကလည်း ပြောကြားသည်။

ဒီဇင်ဘာ ၁၈ ရက်က MRCCI နှင့် မန္တလေးမြို့တွင် လာရောက် တွေ့ဆုံစဉ် ၎င်းက ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

ယင်းတွေ့ဆုံပွဲတွင် “ချေးငွေရရှိရေးကို ဆောင်ရွက်နိုင်ဖို့ လာမယ့် တပတ်အတွင်း နည်းမျိုးစုံနဲ့ ကြေညာ ပေးသွားမယ်။ လုပ်ငန်းရှင်တွေ အနေနဲ့လည်း သက်ဆိုင်ရာ အသင်းအဖွဲ့တွေ ထောက်ခံချက်နဲ့ ချေးယူနိုင်မယ်” ဟု ဝန်ကြီးက ပြောကြား သွားသည်။

ဝန်ကြီး ဦးကျော်ဝင်းက မြန်မာ့စီးပွားရေး ဘဏ်က ထုတ်ချေးမည့် ချေးငွေကို ရယူလိုသည့် လုပ်ငန်းရှင်များ အနေဖြင့် မိမိလုပ်ငန်း အလိုက် သက်ဆိုင်ရာ အသင်းအဖွဲ့များ၏ ထောက်ခံချက်နှင့် အတူ ချေးယူနိုင်ပြီး ချေးငွေ အထောက်အပံ့ ဖြင့် မိမိလုပ်ငန်း ရေရှည်ဖွံ့ဖြိုးရေး ဆောင်ရွက်သွားရန် လိုအပ်သည်ဟုလည်း ဆိုသည်။

ဝန်ကြီးနှင့် တွေ့ဆုံခဲ့သည့် MRCCI ဥက္ကဌ ဦးအောင်သန်း ကလည်း “SMEs တွေ အတွက် ကဏ္ဍအလိုက် ချေးငွေတွေ တိုးသွားဖို့ ရှိတယ်လို့ ဝန်ကြီးက ပြောသွားတယ်။ ပြီးတော့ လက်ရှိချေးနေတဲ့ ဘဏ်တွေနဲ့ ဥပဒေအရ လွှဲမှားနေတာ တွေကိုလည်း ပြန်လည် ပြင်ဆင်သွားဖို့ ရှိတယ်လို့ ပြောတယ်” ဟု ဧရာဝတီကို ပြောသည်။

မန္တလေးတိုင်း အတွင်းက SMEs လုပ်ငန်းများ လက်ရှိ ရင်ဆိုင်နေရသည့် အခက်အခဲများမှာ မြေနေရာ ဈေးကြီး သဖြင့် ရင်းနှီးမြှပ်နှံမှု ပမာဏ များခြင်း၊ ဝင်ငွေခွန်၊ အမြတ်ခွန်နှင့် ကုန်သွယ်ခွန် စသည့် အခွန်များစွာကို ပေးဆောင်နေရခြင်း တို့ ဖြစ်ကြောင်း မန္တလေး စက်မှုဇုန်ရှိ စက်မှုလုပ်ငန်းရှင်တဦး ဖြစ်သူ ဦးနေဝင်းက ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading