မြန်မာနိုင်ငံဘဏ်များအသင်း ဗဟိုအလုပ်မှုဆောင်အဖွဲ့အထူးအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ခေါ်ယူအပ်ငွေစာရင်း (Call Deposit Account) အတိုးနှုန်းကို ယခင် ၆ ရာခိုင်နှုန်းပေးခဲ့ရာမှ လာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှ စ၍ ၂ ရာခိုင်နှုန်းသို့ ပြောင်းလဲ သတ်မှတ်သွားမည် ဖြစ်ကြောင်း ဘဏ်အသင်းထုတ်ပြန်ချက်အရ သိရသည်။
ကမ္ဘောဇဘဏ် အကြီးတန်းအတိုင်ပင်ခံ ဦးသန်းလွင်က “အခု စီးပွားရေးက သိပ်ပြီးတော့ နလန်မထူနိုင်သေးတဲ့အချိန်မှာ ချေးငွေအပိုင်းကလည်း နည်းနည်း ကျနေတာပေါ့။ အဲဒီလို ကျနေတော့ အတိုးနှုန်းနဲ့ ဆွဲဆောင်ဖို့ မလိုသေးဘူး။ အဲဒီတော့ အတိုးနှုန်းကို ပြင်ဆင်တဲ့သဘောပါ။ အတိုးနှုန်းဆိုတာက ဒီလိုပဲပြင်ဆင်ရပါတယ်။ Savings Deposit A/C အတိုးနှုန်းမှာ တနှစ်လျှင် ၈ ရာခိုင်နှုန်းက ရှိပြီးသား၊ အခုက နေ့စဉ်အတိုးနှုန်းဖြစ်တဲ့ ခေါ်ယူအပ်ငွေစာရင်း (Call Deposit Account) ၂ရာခိုင်နှုန်းလျော့လိုက်တာက ဘဏ်အသင်းက ဆုံးဖြတ်တာဖြစ်တယ်။”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ နှုန်းထားသတ်မှတ်ချက် အသစ်ကို ဘဏ်အားလုံး လိုက်နာရမည်ဖြစ်ကြောင်း၊ အခြားအတိုးနှုန်းများကို လျော့ခြင်း မဟုတ်ကြောင်း၊ အခြားအတိုးနှုန်းများလျော့မည် ဆိုလျှင် ဗဟိုဘဏ်မှသာ ဆုံးဖြတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ခေါ်ယူအပ်ငွေစာရင်း (Call Deposit Account) ဆိုသည်မှာ နေ့စဉ် ဘဏ်သို့အပ်သည့် ငွေကြေးကို နေ့တွင်းချင်းပေးသည့်အတိုးနူန်းဖြစ်ပြီး ဘဏ်အပ်ငွေကို ၂၄ နာရီ အပြည့်ထားရှိပြီးမှသာ ထုတ်ယူရမည် ဖြစ်သည်။
အတိုးနူန်းမှာ အပ်ငွေအပေါ်မူတည်၍ တနှစ်စာနူန်းဖြင့် တွက်ချက်ခြင်းဖြစ်သည်။ ဘဏ်တခုနှင့် တခု အပ်ငွေ လက်ခံသည့် ပမာဏမှာ မတူညီပဲအချို့ဘဏ်များတွင် မိမိစိတ်ကြိုက်နူန်းဖြင့် cal deposit account အပ်နှံနိုင်သည်။
ဦးသန်းလွင်က “Call Deposit ကျတော့ ဘဏ်တွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်လို့ရတယ်။ ဒီလိုလျော့ချလိုက်တဲ့ အတွက် Call Deposit ထည့်မယ့်အစား အခြားလုပ်ငန်းတွေမှာ ရင်းနှီးလို့ရတယ်။ ပြင်ပမှာ ပိုရင်းနှီးနိုင်တယ်။ အခြားနိုင်ငံတွေမှာ Call Deposit ဆိုရင် ၁ ရာခိုင်နှုန်းတောင်မရှိဘူး။ ၁ ရာခိုင်နှုန်း အောက်မှာပဲရှိတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံ ဘဏ်များအသင်းသည် ပြီးခဲ့သည့် စက်တင်ဘာ အစည်းအဝေး အပြီးတွင် အဆိုပါ ခေါ်ယူအပ်ငွေစာရင်း အတိုးနှုန်းများကို အောက်တိုဘာ ၁ ရက်နေ့မှ စတင်ကာ ၆ ရာခိုင်နှုန်းအထိ ပြောင်းလဲပေးအပ်ရန် သတ်မှတ်ခဲ့သေးသည်။