ကမ္ဘာကျော် လူသိများတဲ့ ကုမ္ပဏီကြီးတွေ အများကြီးရှိပါတယ်။ အစားအသောက်ထဲမှာ Coca-Cola လို၊ နည်းပညာ ကုမ္ပဏီ ထဲမှာ Apple ၊ Samsung စတာတွေ၊ ကားကုမ္ပဏီတွေထဲမှာ Toyota တို့ VW တို့ဖြစ်ပါတယ်။ ဒီ ကုမ္ပဏီကြီးတွေ နှစ်ချုပ်မှာ စာရင်းချုပ်လိုက်ရင် တနှစ်မှာ အမြတ် ဘယ်လောက်ကျန်တယ်၊ ဒေါ်လာဘီလီယံနဲ့ ချီတယ် ဆိုပြီး တွေ့ရပါ တယ်။ ဒါပေမယ့် အခုပြောချင်တာက အသက်လေးတချက် ရှုသွင်းလိုက်တဲ့ တစက္ကန့်လေး အတွင်းမှာ ကုမ္ပဏီကြီးတွေမှာ ဝင်လာနေတဲ့ အမြတ်ငွေ ဘယ်လောက် ရရှိနေပါသလဲ။ လေ့လာကြည့်အောင်ပါ။
သင့်အနေနဲ့ တစက္ကန့်ကို ၁ ဒေါ်လာ ဝင်ငွေရှိမယ်ဆိုရင် တမိနစ် အတွက် ဒေါ်လာ ၆၀ ရမယ်၊ တရက်ကို ဝင်ငွေ ၈၆၄၀၀ ရှိမယ် ပေါ့။ ဒါဆိုရင် သင့်ရဲ့ တနှစ်ဝင်ငွေဟာ တနှစ်မှာ ဒေါ်လာ ၃ ဒသမ ၂ သန်းထိအောင် ရှိနေပါလိမ့်မယ်။
ဒါဟာ ကမ္ဘာပေါ်မှာ လူအနည်းငယ်ပဲ ရရှိနိုင်တဲ့ ဝင်ငွေပမာဏ ဖြစ်ပါတယ်။ လူတဦးချင်းစီထက် လုပ်ငန်း၊ ကုမ္ပဏီတွေ တခုချင်းစီက ဝင်ငွေရနိုင်ဖို့ အခွင့်အလမ်းပိုများ ကြပါတယ်။
အမေရိကန်ရဲ့ အမြတ်အစွန်း အများဆုံး ကုမ္ပဏီစာရင်းကို ပြုစုထားတဲ့ ဒီ Fontune 500 လို့ ခေါ်တဲ့ စာရင်းကို ငွေကြေးနဲ့ ပတ်သက်ပြီး အကူအညီပေးခြင်း၊ အကြံပေးခြင်းများ ဆောင်ရွက်နေတဲ့ TitleMax ရဲ့ ဝက်ဘ်ဆိုက် titlemax.com မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
အထူးသဖြင့် ဒီစာရင်းဟာ စီးပွားရေးသမားတွေ အတွက် စိတ်ဝင်စားစရာပါ။ ဘယ်ကုမ္ပဏီက အခြေအနေကောင်းလဲ၊ အောင်မြင်သလဲ ဆိုတာတွေ သိလာရတာပေါ့။
အခုစာရင်းမှာ စက္ကန့်အလိုက် ကမ္ဘာပေါ်မှာ အမြတ်ငွေ အများဆုံး ရရှိနေတဲ့ ကုမ္ပဏီက Apple ပါ။ အမေရိကန် အခြေစိုက်တဲ့ ဒီ ကုမ္ပဏီကြီးက iOS စနစ်ကို တီထွင်ထားတယ်၊ iPhone တွေ ရောင်းတယ်၊ Mac တွေ ရောင်းတယ်၊ iPad တွေလည်း ရတယ်၊ စာရင်းအရ Apple ကုမ္ပဏီဟာ တစက္ကန့်ကို အမြတ် ၁၄၄၄ ဒေါ်လာ ရနေပါတယ်။ ဒီတော့ တနာရီမှာ ကုမ္ပဏီက အမြတ် ၅ ဒသမ ၂ သန်း ရနေပြီး တရက်မှာတော့ ၁၂၇ သန်းထိအောင် အမြတ်ရနေကာ တနှစ်မှာတော့ အမြတ်ငွေ ၄၅ ဒသမ ၇ ဘီလီယံထိ ရရှိနေတာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၁၆ ခုနှစ်က နှစ်ချုပ် အမြတ်ငွေကို ကြည့်ပြီး တွက်ထားတာပါ။
ဒုတိယနေရာက JPMorgan Chase ကုမ္ပဏီက တစက္ကန့်ကို ၇၆၈၂ ဒသမ ၁၄ ပဲ မြတ်နေလို့ အမြတ်ကျန်နှုန်းကွာဟချက် မြင့်မားနေသေးပြီး နောက်နှစ်တွေအထိ အမြတ်ကျန်နှုန်း အများဆုံးကုမ္ပဏီ အဖြစ် Apple က ဆက်လက် ရပ်တည်နိုင်နေဖို့ ရှိနေပါတယ်။
တတိယနေရာမှာ Berkshire Hathaway က ၇၆၁ ဒသမ ၃၀ ဒေါ်လာ၊ အဆင့် ၄ မှာ Wells Gergo က ၆၉၃ ဒသမ ၇၅ ဒေါ်လာ၊ အဆင့် ၅ မှာ Alphabet က ၆၁၅ ဒသမ ၉၆ ဒေါ်လာ၊ အဆင့် ၆ မှာ Bank of America က ၅၆၆ ဒသမ ၂၄ ဒေါ်လာ၊ အဆင့် ၇ မှာ ကွန်ပျူတာနည်းပညာ ကုမ္ပဏီ Microsoft က ၅၃၁ ဒသမ ၂၁ ဒေါ်လာ၊ အဆင့် ၈ မှာ Johnson & Johnson က ၅၂၃ ဒသမ ၀၅ ဒေါ်လာ၊ အဆင့် ၉ မှာ Citigroup က ၄၇၁ ဒသမ ၅၆ ဒေါ်လာ၊ အဆင့် ၁၀ မှာ Altria Group က ၄၅၀ ဒသမ ၂၈ ဒေါ်လာနဲ့ အသီးသီး တစက္ကန့်တိုင်းမှာ အမြတ်ရနေကြတာ ဖြစ်ပါတယ်။
ဒါဟာ ၂၀၁၆ ခုနှစ်က ဝင်ငွေနှုန်းတွေကို ကြည့်ပြီး ၂၀၁၇ ခုနှစ် Fortune 500 ကနေ ရယူတွက်ချက်ထားတာ ဖြစ်ပြီး ၂၀၁၇ အတွက် Apple ကနေ ရှင်းတမ်းအသစ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထုတ်ပြန်ထားပါသေးတယ်။ ဒီထုတ်ပြန်ချက် အရ ၂၀၁၇ အတွင်းမှာ Apple က အမြတ်ငွေ တနှစ်အတွင်း ၄၈ ဒသမ ၄ ဘီလီယံ ရရှိပါတယ်။ ဒါဆိုရင်တော့ အထက်မှာ ပြောခဲ့သလို Apple က တစက္ကန့်ကို ၁၅၃၃ ဒေါ်လာကျော်ထိ အမြတ်ရလာတာလည်း ဖြစ်ပါတယ်။
ကျန်တဲ့ ပြိုင်ဘက် ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ JPMorgan Chase, Alphabet နဲ့ Berkshire Hathaway တွေက ၂၀၁၇ နှစ်ချုပ် စာရင်း မထုတ်ပြန်သေးလို့ တိုးတက်လာမှု ဘယ်လောက်ရှိလဲ မသိရသေးပါဘူး။ ဒါဆိုရင်တော့ ကုမ္ပနဲ့ လူက အိပ်နေပေမယ့် ကုမ္ပဏီတွေရဲ့ အမြတ်ကျန်ရှိမှုတွေ ကတော့ အိပ်မနေဘဲ စက္ကန့်တိုင်း ဝင်လာမစဲ တသဲသဲ ဖြစ်နေတဲ့ အကြောင်း ဗဟုသုတ အဖြစ် တင်ပြလိုက်ပါတယ်။
Ref: www.businessinsider.com