၂၀၁၈ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် စတင်မည့် စတော့ရှယ်ယာများကို အွန်လိုင်းမှ တဆင့် အရောင်းအဝယ်ပြုလုပ်ရာတွင် ကျပ်သိန်းတရာ အထိ ဝယ်ယူခွင့် ပြုမည် ဖြစ်ကြောင်း ရန်ကုန်စတော့အိတ်ချိန်းရုံးမှ သိရသည်။
ရန်ကုန်စတော့အိတ်ချိန်း အမှုဆောင် အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦး က “အွန်လိုင်းကနေ စတော့ အရောင်းအဝယ် လုပ်မယ် ဆိုရင် ၁ ကြိမ်ကို ၁၀ သန်း (ကျပ်သိန်း ၁၀၀) အရောင်းအဝယ် လုပ်လို့ ရပါတယ်။ ကုမ္ပဏီတွေ အားလုံးအတူူတူပဲ ဖြစ်တယ်။ ဒီသတ်မှတ်ချက်ကတော့ ငွေချေးသက်သေခံ ကြီးကြပ်ရေးကော်မတီက သတ်မှတ်ပေးတာ ဖြစ်ပါတယ်”ဟု ပြောသည်။
သတ်မှတ် ပမာဏထက်ပိုမိုဝယ်ယူ လိုပါက ယခင်အတိုင်း ချေးငွေ သက်သေခံ လက်မှတ် လုပ်ငန်း ကုမ္ပဏီသို့ တိုက်ရိုက်ဝယ်ယူခြင်း သို့မဟုတ် မိမိဝယ်ယူမည့် ကုမ္ပဏီထံသို့ ဖုန်းဖြင့်ဆက်သွယ် ဝယ်ယူနိုင်ကြောင်း ၎င်းက ပြောသည်။
ထိုသို့သတ်မှတ်ရခြင်းမှာ ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက်မှ ငွေမည်းများစီးဆင်းမှု မရှိစေရန်အတွက် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ စတော့ အရောင်းပမာဏကို သတ်မှတ် ထားခြင်း မရှိကြောင်း အွန်လိုင်း ထရေးဒင်း ခွင့်ပြုလိုက်သည့် ကုမ္ပဏီများထံမှ သိရသည်။
အွန်လိုင်း ထရေးဒင်း လုပ်ကိုင်ခွင့် ပြုလိုက် သော ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများမှာ မြန်မာ့စီးပွားရေးဘဏ် နှင့် ဂျပန်နိုင်ငံ ဒိုင်ဝါ Securities Group တို့ အကျိုးတူပူးပေါင်းထားသည့် Myanmar Securities Exchange Centre Co.,Ltd.(MSEC)၊ KBZ Stirling Coleman Securities Co.,Ltd.(KBZSC)၊ CB Securities Co.,Ltd.(CBSC) နှင့် AYA Trust Securities Co.,Ltd.(AYA Trust) တို့ဖြစ်ကြောင်း သိရသည်။
ဦးသက်ထွန်းဦးက “ ဝယ်ယူမယ့် သူတွေ အနေနဲ့လည်း ဒီစနစ်ကို ကျင့်သား ရချင်မှ ရအုံးမှာဖြစ်တယ်။ ဒါကိုလေ့ကျင့်မှု အချိန်ယူ ကောင်း ယူရအုံးမှာပါ။ ဒါပေမယ့် ၂၀၁၈ ခုနှစ်ကတော့ ပိုပြီးတော့ လူပ်ရှား သက်ဝင်လာမယ်လို့ မျှော်လင့်ပါတယ်။ စာရင်းဝင်ကုမ္ပဏီတွေလည်း နောက်ထပ် ၁ ခု၊ ၂ ခုလောက်လာဖို့ရှိနေတာ ဖြစ်တယ်”ဟု ပြောသည်။
လက်ရှိတွင် စတော့ရောင်းဝယ်ရေးအနေနှင့် တရက်လျှင် ၂ ကြိမ် အရောင်းအဝယ် ပြုလုပ်နေပြီး အွန်လိုင်းအနေဖြင့် အရောင်း အဝယ်ပြုလုပ်မည် ဆိုလျှင် တရက် အတွင်း ကြိုက်နှစ်သက်ရာအချိန်အတွင်း ပြုလုပ်နိုင် ကြောင်း ရန်ကုန်စတော့ အိတ်ချိန်း ရုံးမှ သိရသည်။
အွန်လိုင်းမှတဆင့် စတော့ရှယ်ယာ အရောင်း အဝယ်ပြုလုပ်လိုသူများသည် အထက်ပါ ကုမ္ပဏီ ၄ ခု၏ Online Application များကို download ဆွဲနိုင်ပြီး အရောင်းအဝယ်ပြုလုပ်ပုံ အဆင့်ဆင့်ကို သိရှိနိုင်သည်။
ယင်း Online Application အတွက် ကုမ္ပဏီများက အခကြေးငွေကောက်ခံမည် မဟုတ်ဘဲ အွန်လိုင်းစနစ်ကို ဇန်နဝါရီလ ပထမတပတ်အတွင်း ရောင်းဝယ်နိုင်ရန် ကုမ္ပဏီများဘက်မှ ပြင်ဆင်နေကြောင်း သိရသည်။
စတော့ ရှယ်ယာများကို အွန်လိုင်းမှတဆင့် ရောင်းဝယ်လိုသူများအနေဖြင့် ငွေချေး သက်သေခံလက်မှတ်ကုမ္ပဏီ ၄ခုထဲမှ နှစ်သက်ရာ ကုမ္ပဏီနှင့် ဆက်သွယ်ပြီး အွန်လိုင်းရောင်းဝယ်မှုစည်းမျဉ်းများနှင့်ပတ်သတ်သည့် သဘောတူညီချက်များကို လက်မှတ်ရေးထိုးရန် လိုအပ်မည်ဖြစ်သည်။
ယင်း လက်မှတ်ရေးထိုးပြီးမှသာ Online Application ကို download ဆွဲခြင်း (သို့) install လုပ်ခြင်းဖြင့် စတင်အသုံးပြု၍ ရမည်ဖြစ်ကြောင်း ကုမ္ပဏီများထံမှ သိရသည်။
CB Traderကုမ္ပဏီမှ သုတေသနအရာရှိ ဒေါ်နန်းနှင်းရွှေရည်ထူးက “ အမှန်တော့ ကျမတို့ အရောင်းအဝယ်စတင်လို့ရတာ အခု ၂၈ ရက်နေ့ထဲက တရားဝင် ရောင်းဝယ်လို့ ရ တယ်။ ၃၀ ရက်နေ့မှာ မိတ်ဆက်ဖို့ ရှိပါတယ်”ဟု ပြောသည်။
လက်ရှိ ရန်ကုန်စတော့အိတ်ချိန်း၏ Listed Sercurities ၄ခုမှာ FMI၊မြန်မာသီလဝါ SEZ ကုမ္ပဏီ မြန်မာနိုင်ငံသားများဘဏ်နှင့်ပထမပုဂ္ဂလိက ဘဏ် တို့မှ အစုရှယ်ယာများရောင်းချလျက်ရှိသည်။