မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ၏ ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်ရယူထားရှိထားပြီး အကောင်အထည်ဖော်ရန် ကြန့်ကြာ နေသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ၂၀၁၈ ခုနှစ်နှစ်ဆန်းပိုင်း၌ စီစစ်ကြီးကြပ်ရေး အဖွဲ့ဖြင့် စစ်ဆေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
MIC က ခွင့်ပြုထားသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အမြန်ဆုံး စတင်နိုင်ရန်အတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း အကောင် အထည်ဖော် ဆောင်ရွက်ရန် ကြန့်ကြာ နေသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား စိစစ်ကြပ်မတ်ရေးအဖွဲ့၏ အဖွဲ့ဝင် (၂) ဦးဌေးချွန် က ဧရာဝတီသို့ ပြောသည်။
ဦးဌေးချွန် က “အခုအဖွဲ့ ဖွဲ့ပြီးပြီ။ လုပ်ငန်းကြန့်ကြာမှု ကိစ္စတွေကို စစ်ဆေးဖို့က အမြန်ဆုံး လုပ်မှာဖြစ်တယ်။ ရင်းနှီးမြှုပ်နှံသူကြောင့်လား၊ သက်ဆိုင်ရာ အစိုးရ ဌာနဆိုင်ရာ ကြောင့်လား၊ ဘာကြောင့် လုပ်ငန်းလုပ်ဖို့ ကြန့်ကြာနေလဲဆိုတာ စစ်ဆေးမှာ” ဟု ပြောသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း လုပ်ငန်း ၁၆၉ ခု ခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၄ဒသမ ၃၇၁ ဘီလီလျှံ ရရှိထားသည်။
သို့သော်လည်း ခွင့်ပြချက် ရယူထားသော လုပ်ငန်းအချို့ အနေဖြင့် သက်ဆိုင်ရာ အစိုးရအဖွဲ့ အစည်း၏ ခွင့်ပြုချက်ရရှိရန် ကြန့်ကြာနေ၍ သော်လည်းကောင်း၊ အခြားအခြေ အနေတစ်ရပ်ရပ်ကြောင့် သော်လည်းကောင်း လုပ်ငန်းစတင် အကောင်ထည်ဖော်ရန် နှောင့်နှေးနေမှုများ ရှိနေသည်ဟု ဆိုသည်။
ထို့ကြောင့် ယင်းသို့ ဖြစ်ပွားနေရသည့် အကြောင်းအရင်းများကို စိစစ်ကြပ်မတ်ရန်နှင့် အမြန်ဆုံး အကောင် အထည်ဖော်နိုင်ရန် အတွက် အဓိက ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း MIC ၏ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ သတင်းထုတ်ပြန်ချက် အရသိရသည်။
စိစစ်ကြပ်မတ်ရေး အဖွဲ့အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ခွင့်ပြုပေးထားသော ကဏ္ဍအသီးသီးက လုပ်ငန်းများ အားလုံးကို တပြိုင်နက်တည်း စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း MIC တာဝန်ရှိသူများက ရှင်းပြသည်။
ဦးဌေးချွန် က “ဘယ်အဖွဲ့အစည်းတွေရဲ့ လိုင်စင်မရလို့လဲဆိုတာ ကြည့်ပြီးတော့မှ လုပ်ငန်းတွေ ဆောင်ရွက်နိုင်အောင် ကူညီပေးမှာ ဖြစ်တယ်။ လိုအပ်ရင် ကျနော်တို့ကပေါင်းစပ် ညှိနှိုင်းပေးမှာ ဖြစ်တယ်” ဟု ပြောသည်။