ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ပြည်ပ ဆန်တင်ပို့နေသူ ဆန်ကုန်သည်တဦးက ပေးချေရန် ရှိနေသော ဆန်ဖိုး ငွေကျပ် ၁၂ ဘီလီယံနီးပါး မပေးနိုင်သောကြောင့် တိမ်းရှောင်မှု ဖြစ်ပွားနေကြောင်း ဘုရင့်နောင် ဆန်ကုန်သည်များထံမှ သိရသည်။
သို့သော် တိမ်းရှောင်နေသူ ကုန်သည် မည်သူမည်ဝါ၊ ငွေကြေးပမာဏ အတိအကျနှင့် လိမ်လည်ခံရသည့် ကုန်သည်များ၏ စာရင်းအတိအကျ အတည်ပြုချက် မရရှိနိုင်သေးပေ။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးနေလင်းဇင်က “လိမ်လည်မှုတော့ မဟုတ်ဘူးဗျ။ လုပ်ငန်းရှင်တွေကို မရှင်းနိုင်ပဲနဲ့ အဆက်သွယ်မရ ပျောက်နေတဲ့ အနေအထားမှာရှိတယ်။ ဖြစ်တာကတော့ ပြည်ပကို ဆန်တင်ပို့ မှုလုပ်နေတဲ့ တယောက်က မနေ့ညကစပြီး အဆက်သွယ်မှု မရတော့ဘူး။ ဖုန်းတွေပိတ်ထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “ဈေးကွက်ထဲမှာတော့ ငွေကျပ် ၁၀ နဲ့ ၁၂ ဘီလီယံနီးပါး လောက်ရှိတယ် လို့ကြားတယ်။ ပါသွားတဲ့ ကုန်သည်ဘယ်နှယောက်ဆိုတာတော့ ကျနော်တို့ စာရင်းတော့ မရသေးဘူး။ ဝယ်တာတော့ အများကြီးပဲ ဒီရက်ထဲမှာ ကမောက်ကမ ဖြစ်နေတော့ စာရင်းအတိအကျမရသေးဘူး”ဟု ပြောသည်။
ပြဿနာမှာ အခြား ဆန်ကုန်သည်များ စုပေါင်းစပ်ပေါင်း ထည့်ဝင် ရင်းနှီးထားသော ငွေနှင့် ဆန်ဝယ်ယူခဲ့ပြီး ပြည်ပသို့ ဆန်တင်ပို့ရာ ရောင်းဈေးသည် ဝယ်ဈေးအောက် ရောက်သွားရာမှ အရှုံးပေါ်ပြီး ရင်းနှီးထားသော အကြွေးကို ပြန်မဆပ်နိုင်တော့သည့် အခြေအနေ ရောက်သွားပုံရကြောင်းသာ ဆန်ကုန်သည်အသိုင်းအဝိုင်းက ပြောဆိုသည်။
“နိုင်ငံခြားကို ရောင်းတဲ့ဈေးက အောက်ဈေး၊ ပြည်တွင်းဈေးကျတော့ အမြင့်ဈေးဆိုတော့ ရူံးတာပေါ့” ဟု ဦးနေလင်းဇင်က ပြောသည်။
လိမ်လည် ထွက်ပြေးသည် မပြေးသည်ကို အတိအကျ မသိရသေးကြောင်းနှင့် လတ်တလော
အဆက်အသွယ် မရသေးသည့် အခြေအနေကြောင့် စိုးရိမ်စရာကောင်းနေကြောင်းသာ ကုန်သည်များက ဆိုကြသည်။
၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်းကလည်း ဆန်နှင့်ပဲ ကုန်သည်များအကြား ငွေကြေး သိန်းသောင်း ချီ၍ လိမ်လည်မှုများ ဖြစ်ပွားခဲ့သည်။
“ဘာကြောင့် မကြာခဏ ဆန်နဲ့ပဲ ကုန်သည်တွေ လိမ်လည်မှုဖြစ်စဉ်တွေ ဖြစ်ရသလဲဆိုရင် လက်ရှိ ပေါက်ဈေး ဈေးနှုန်း အပြောင်းအလဲနောက် မလိုက်နိုင်တာရယ်၊ ပြီးမှ ငွေချေတဲ့ စနစ်ကို လုပ်တာကြောင့်ပါ” လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ဧရာဝတီသို့ ပြောသည်။
ထို့ကြောင့် အရောင်းအဝယ် လုပ်သူများအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်တွင် ရောင်းသူဝယ်သူ ကြိုတင်ငွေ ၁၀ ရာခိုင်နှုန်း ပေးသွင်းရသည့်စနစ်ကို သတ်မှတ်ခဲ့သည်ဟု လုပ်ငန်းရှင်များထံမှ သိရသည်။
နောက်ဆက်တွဲ သတင်း အသေးစိတ်ကို ဆက်လက် ဖော်ပြပါမည်။