ရှေးဟောင်း ဗုဒ္ဓသာသနိက အဆောက်အဦများ၊ စေတီပုထိုးများ ၂၂၀၀ ကျော် တည်ရှိရာ သမိုင်းဝင် ပုဂံမြို့ကောင်းကင်ယံတွင် မိုးပျံပူဖောင်းစီးရင်း ထောင်နှင့်ချီသည့် ကမ္ဘာလှည့်ခရီးသွားများ လေ့လာနေကြသည်။ Memories Group လီမိတက်က စီစဉ်ပေးမှုဖြင့် ၎င်းတို့မှာ ယင်းသို့ မိုးပျံပူဖောင်း စီးခွင့်ရခြင်း ဖြစ်သည်။
ဒေသတွင်း လူစီး မိုးပျံပူဖောင်း လွှတ်တင်ပေးနေသော အကြီးဆုံး လုပ်ငန်း၏ ကုမ္ပဏီသည် စင်ကာပူ စတော့အိတ်ချိန်းဈေးကွက်တွင် ပွဲဦးထွက်အနေဖြင့် ပြီးခဲ့သည့်အပတ်က ရှယ်ယာဈေး ၃၀ ရာခိုင်နှုန်းအထက် မြင့်တက်သွားခဲ့သည်။
Memories Group သည် မြန်မာလုပ်ငန်းစုကြီး Yoma Strategic Holdings Ltd က ၄၇ ဒသမ ၆ ရာခိုင်နှုန်း ပိုင်ဆိုင်သော လုပ်ငန်းစု တခုဖြစ်ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအတွက် SHC Capital Asia ထံမှ လွှဲယူထားသည့် လုပ်ငန်းဖြစ်သည်။
စတော့ဈေးကွက်တွင် ရှယ်ယာအသစ်များ ၄၂ ဒသမ ၆ သန်းရှိသည့် ကုမ္ပဏီသည် စင်ကာပူဒေါ်လာ ၁၀ ဒသမ ၇ သန်းအထိ တန်ဖိုးမြင့်တက်သွားခဲ့ပြီး ရှယ်ယာတစုလျှင် စင်ကာပူဒေါ်လာ သုည ဒသမ၂၅ ဈေးဖြင့် ရှယ်ယာ ၇ ဒသမ ၄ သန်း ထုတ်ရောင်းရခြင်းဖြင့် ဗုဒ္ဓဟူးနေ့က ဈေးပိတ်ခဲ့သည်။ စတော့အရောင်းအဝယ်မှာ MEGL ticker အောက်တွင် ဖြစ်ပြီး တန်ဖိုး ၃၂ ဒသမ ၅ ရာခိုင်နှုန်း တက်သွားခြင်း ဖြစ်သည်။
ယင်းသည် စထရိတ်တိုင်းမ် ညွှန်းကိန်း သုည ဒသမ၂ ရာခိုင်နှုန်း ကျနေချိန်တွင် ဖြစ်သည်။
“ခရီးသွားလုပ်ငန်းဟာ အလွယ်တကူ ဆွတ်ယူ စားသုံးလို့ရတဲ့ ဆတိုးမြတ်တဲ့ လုပ်ငန်းပါ။ ဒီလုပ်ငန်းထဲမှာပဲ လွတ်လွတ်လပ်လပ်နဲ့ ရေရှည် မြှုပ်နှံထားဖို့ တကယ့်ကို အကောင်းဆုံးအချိန်လို့ ကျနော်တို့ ခံစားရပါတယ်” ဟု ရိုးမမဟာဗျူဟာ တည်ထောင်သူနှင့် ကုမ္ပဏီနှစ်ခုစလုံး၏ အမှုဆောင်ဥက္ကဋ္ဌ ဦးသိမ်းဝေ ခေါ် ဆာ့ချ်ပန်းက စီးပွားရေး သတင်း Bloomberg နှင့် အင်တာဗျူးတခုတွင် ပြောသည်။ သားဖြစ်သူ မယ်လ်ဗင်ပန်းမှာ ရိုးမ၏ အမှုဆောင်အရာရှိချုပ်ဖြစ်
သည်။
လူတဦးလျှင် ဒေါ်လာ ၄၅၀ ကျသင့်သည့် မိုးပျံပူဖောင်းဝန်ဆောင်မှုလုပ်ငန်းသည် ၂၀၁၆ မြန်မာနိုင်ငံ ဂျီဒီပီအတွက် တတိယမြောက် ဝင်ငွေတိုးစေသည့်လုပ်ငန်းတွင် အလုပ်ဖြစ်သည်။ နိုင်ငံတွင်း နိုင်ငံတကာမှ လာရောက်သည့်ကမ္ဘာလှည့်ခရီးသွားများ ငွေကြေးသုံးစွဲမှုမှာ ၂၀၂၇ ခုနှစ်တွင် ၅ ဒသမ၂ ဘီလီယံသို့ ရောက်နိုင်ကြောင်း ခန့်မှန်းထားသည်။ ယင်းခန့်မှန်းချက်သည် ၂၀၁၆ ခုနှစ်က ငွေကြေးသုံးစွဲမှု ၂ ဒသမ ၃ ဘီလီယံကို နှစ်ဆတိုး ခန့်မှန်းထားခြင်းဖြစ်သည်ဟု ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ၏ အစီရင်ခံစာအရ သိရသည်။ Memories Group ၏ မိုးပျံပူဖောင်းများကို ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်း ခရီးသွားပေါင်း ၂၂၀၀၀ ကျော် လိုက်ပါစီးနင်းခဲ့ကြကြောင်း ဦးသိမ်းဝေက ပြောပြသည်။
လတ်တလော မြန်မာနိုင်ငံကို မွတ်ဆလင် ဒုက္ခသည် အကျပ်အတည်းနှင့်ပတ်သက်ပြီး လူမျိုးရေးသုတ်သင်မှုအဖြစ် အမေရိကန်နှင့် ကုလသမဂ္ဂက သတ်မှတ်ထားခြင်းကြောင့် ခရီးသွားလုပ်ငန်းအတွက်လည်း အဟန့်အတားဖြစ်နေသည်။
“ အနုတ်လက္ခဏာဆောင်တဲ့ စိတ်ခံစားချက်တွေ ကြာကြာဖြစ်နေမယ်လို့ ကျနော်တို့ မထင်ပါဘူး” ဟု စင်ကာပူအခြေစိုက် ပင်လယ်ရပ်ခြား တရုတ်ဘဏ် လုပ်ငန်းကော်ပိုရေးရှင်းမှ သုံးသပ်လေ့လာသူက ဂျိုးဇက်နောင်က ပြောသည်။ “ ဒီပဋိပက္ခဟာ ရခိုင်မြောက်ပိုင်းမှာပဲ အကန့်အသတ်နဲ့ဖြစ်လို့ ကျနော်တို့နားလည်ပါတယ်။ တတိုင်းပြည်လုံး အတိုင်းအတာ ပျံ့နှံပြီးဖြစ်နေတာမဟုတ်လို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေလည်း အချိန်ကြာလာတာနဲ့အမျှ သဘောပေါက်လာသင့်တယ်ဆိုတာ ပကတိအမှန်တရားပါ”။
မိုးပျံပူဖောင်းဝန်ဆောင်မှုလုပ်ငန်းတွင် ကြိုတင် အစီအစဉ်တချို့ ဖျက်သိမ်းမှု ရှိသော်လည်း ယေဘုယျ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်း အကန့်အသတ်ဖြင့်သာ ထိခိုက်မှုရှိကြောင်း၊ ဈေးကွက်ဖွံ့ဖြိုးရေး လုံလောက်သည့် တွန်းအားရှိနေဆဲဖြစ်ကြောင်း ဦးသိမ်းဝေက ဆိုသည်။
“ခရီးသွားလုပ်ငန်းဘက်ကနေ ကြည့်မယ်ဆိုရင် အဓိက ခရီးသွားတွေ စိတ်ဝင်စားတဲ့ ပစ်မှတ်နေရာတွေက ပုဂံနဲ့ ရှမ်းပြည်နယ်က ကျွန်းမျောတွေရှိတဲ့ အင်းလေးပါပဲ။ အဲဒီနေရာတွေကလည်း ရိုဟင်ဂျာ ပဋိပက္ခဖြစ်တဲ့နေရာတွေနဲ့ အဝေးကြီးပါ” ဟု ဦးသိမ်းဝေက ပြောသည်။
Memories Group သည် ဟိုတယ်နှင့်ဝန်ဆောင်မှုကို ခရီးသွားလုပ်ငန်းအတွက် အဓိကပစ်မှတ်ထားပြီး ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့်လုပ်ငန်းများကို ဆက်လက်၍ အခြေချလုပ်ကိုင်သွားရန် ရည်သန်ထားကြောင်း ဦးသိမ်းဝေက ပြောကြားခဲ့သည်။
ကိုးကား။ ။ Bloomberg