မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (MRCCI) ၏ အလုပ်အမှုဆောင်သစ်အဖွဲ့အား ရွေးကောက်တင်မြှောက်ရာတွင် လူကြီး လူငယ် မျှတစွာ ပါဝင်လာရေး မျှော်လင့်နေကြသည်။
ရွေးကောက်ပွဲကို ဇန်နဝါရီ ၁၉ ရက်နေ့တွင် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ရတနာပုံဈေးရှိ အသင်းရုံးတည်ရှိရာ အစည်းအဝေးခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
MRCCI အသင်း အလုပ်အမှုဆောင်အဖွဲ့သစ် ပြန်လည်ရွေးချယ်နိုင်ရန် အတွက်ပြည်ထောင် စုသမ္မတနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)မှ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမျိုးသက် ပါဝင်သော ရွေးကောက်ပွဲကော်မရှင်ကို ဇန်နဝါရီ ၄ ရက်နေ့က ဖွဲ့စည်းခဲ့ပြီးဖြစ်ရာ ယခုရွေးချယ်ပွဲကို အများရှေ့တွင် ပွင့်လင်းမြင်သာစွာ မဲပေးစနစ်ဖြင့် ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
ဒေါက်တာမျိုးသက်က “ပြီးခဲ့တဲ့စက်တင်ဘာလက အသင်းဖွဲ့စည်းမျဉ်းတွေထဲက အငြင်းပွား နေတဲ့အချက်ကို ကျနော် ဦးဆောင်ပြီး ညှိနှိုင်းပေးခဲ့တယ်။ အရင်တုန်းကတော့ အသင်းဖွဲ့ စည်းမျဉ်းအဟောင်းက အလုပ်အမှုဆောင်ဦးရေသည် ယခင်အသင်းသားဟောင်း ၄၀ရာခိုင်နှုန်း ပါဝင်ရမယ်ဆိုတဲ့ကိစ္စပါ။ ၄၀ ရာခိုင်နှုန်းယူထားတော့ လူငယ်တွေအတွက် အခွင့်အရေးနည်း သွား တယ်။ အဲဒါကို ၂၀ ရာခိုင်နှုန်းလို့ ပြန်ညှိနှိုင်းလိုက်နိုင်ပါတယ်” ဟု ပြောသည်။
“လူငယ်တွေမျှပြီး ပါလာကောင်းပါတယ်။ လူကြီးတွေရဲ့ အတွေ့အကြုံနဲ့ လူငယ်တွေရဲ့ ဉာဏ်ရည် အစွမ်းတွေနဲ့ဆို ပိုအားကောင်သွားမယ်။ ပါဝင်ရွေးချယ်ခံမယ့် လူငယ်တွေရဲ့ အရည်အသွေးနဲ့ အရည်အချင်းအပေါ်မှာလည်း မူတည်တယ်။ မဲထည့်တဲ့သူတွေကလည်း ကိုယ်ထည့်မယ့်သူက တကယ်အပြင်မှာလည်း ပရဟိတစိတ်ဓါတ် ရှိမရှိ ဆုံးဖြတ်ပေးမှာပေါ့” ဟု ဒေါက်တာမျိုးသက်က ဧရာဝတီသို့ ပြောသည်။
MRCCI အသင်းတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသည့်အဖွဲ့မှ အဖွဲ့ဝင် ၆၁ ဦးအနက်မှ သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီသော ရွေးကောက်ပွဲဝင်မည့် EC/CEC လူဟောင်း ၃၈ ဦးမှ လူ၂၀ ဦးကို အချင်းချင်း မဲပေးရမည်ဖြစ်သလို အသင်းသားများမှ အရွေးချယ်ခံ အဆိုပြုထားသူ ဦးရေမှာလည်း ၈၀ ဦးအထိ ရှိနေကြောင်း သိရသည်။
အဆိုပါရွေးချယ်ပွဲတွင် အသင်းဝင်သက်တမ်း တနှစ်ပြည့်ပြီးသော သတ်မှတ်စည်းကမ်းများနှင့် ညီညွတ်သည့် အသင်းသားများ ပါဝင်ရွေးချယ် မဲပေးနိုင်ပြီး မဲပေးနိုင်သည့် အသင်းသားဦးရေမှာ ၇၄၁ ဦးကြောင်း သိရသည်။
MRCCIအသင်း အလုပ်အမှုဆောင်သစ် ပြန်လည်ရွေးချယ်နိုင်ရန် ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းရာတွင် ဥက္ကဋ္ဌအဖြစ် ဒေါက်တာမျိုးသက်(UMFCCI-ဒုက္ကဋ္ဌ)၊ အဖွဲ့ဝင်များအဖြစ် ဦးပိုမြင့် (ပါမောက္ခချုပ်-ငြိမ်း၊ မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်)၊ ဒေါက်တာဆင့်စိုး(ပါမောက္ခချုပ် ၊နည်းပညာတက္ကသိုလ်-မန္တလေး)၊ ဦးကိုကြီး (ကုန်သည်ကြီးများ အသင်း နာယက)၊ ဦးမျိုးထွဋ်ဆွေ (ညွှန်ကြားရေးမှူး၊ မန္တလေးတိုင်းဒေသ ကြီးစက်မှုကြီးကြပ်ရေးဦးစီးဌာန)၊ ဦးဇော်မောင်မြင့် (ညွှန်ကြားရေးမှူး၊ စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေးဦးစီးဌာန)၊ ဒေါ်နွယ်နီဝင်း(ညွှန်ကြားရေးမှူး၊ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေးဦးစီးဌာန)တို့ဖြင့် ရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းထားသည်။
MRCCI အသင်း၏ အလုပ်အမှုဆောင်အဖွဲ့အား ဥက္ကဌ တဦး၊ ဒုတိယဥက္ကဌ ၅ ဦး၊ အထွေထွေ အတွင်းရေးမှူး တဦး၊ တွဲဘက်အတွင်းရေးမှူး ၅ ဦး၊ ဘဏ္ဍာရေး ၂ ဦး၊ စာရင်းစစ် ၃ ဦးအပါအဝင် အဖွဲ့ဝင် ၉၉ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်သလို အမှုဆောင်သက်တမ်းမှာ ၃ နှစ်သက်မှတ်ထားသဖြင့် ၂၀၁၈ ခုနှစ်မှ၂၀၂၀ ပြည့်နှစ်အထိ တာဝန်ထမ်းဆောင်ကြရမည်ဟု သိရသည်။