လာမည့် ဖေဖော်ဝါရီလမှ စတင်ကာ မလေးရှားနိုင်ငံသို့ မြန်မာအလုပ်သမားများ ပြန်လည်စေလွှတ် ခွင့်ပြုတော့ မည် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။
ဇန်နဝါရီလ ၉ ရက်နေ့က နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သည့် ပြည်ပနိုင်ငံများရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများမှ ပုဂ္ဂလိကဘဏ်များ နှင့် တရားဝင်ချိတ်ဆက်၍ မိသားစုလွှဲပို့ငွေများ လွှဲပြောင်းနိုင်ရေး တွေ့ဆုံဆွေးနွေးသည့် အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက “ဒီဘက်က ပို့ချင်လို့ပဲမရဘူး။ ခွင့်ပြုပြီး ဟိုဘက်က အလုပ်ခေါ်စာ တွေရပြီလား၊ ရတယ်ဆိုရင် စိစစ်ပြီးမှ လုပ်ထုံးလုပ်နည်းနဲ့ အညီ ပြန်လည်စေလွှတ်သွားမှာ ဖြစ်ပါတယ်။ ရှေ့လလောက်ဆိုရင် အကောင်အထည် ဖော်နိုင်မယ်လို့ မှန်းပါတယ်။” ဟု ပြောသည်။
မြန်မာအစိုးရသည် ဘင်္ဂါလီအရေးကိစ္စနှင့် ပတ်သက်၍ မလေးရှားနိုင်ငံတွင် ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီးနောက် မြန်မာ အလုပ်သမားများ အတွက် လုံခြုံရေး စိုးရိမ်ရသည်ဆိုကာ ၂၀၁၆ ဒီဇင်ဘာမှ စတင်ပြီး အလုပ်သမားအသစ် စေလွှတ်မှု ရပ်ဆိုင်းခဲ့ပြီးနောက် ယခု ပြန်လည် စေလွှတ်ရန် စီမံနေခြင်း ဖြစ်သည်။
မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းများ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးမြင့်လှိုင်က “ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ပြီးရင်တော့ အမြန်ဆုံး ပြန်လွှတ်မယ်လို့ ယူဆပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်ကတော့ မလေးရှားကိစ္စပြန်လွှတ်ဖို့ အေဂျင်စီတွေ အကုန်ခေါ်ဆွေးနွေးပါတယ်။ ငွေတရားဝင်လွှဲပေးဖို့ ကိစ္စလည်း ပြောကြပါတယ်။ မကြာခင် မလေးရှားကို ပြန်လွှတ်မယ်လို့ ယူဆပါတယ်” ဟု ရှင်းပြသည်။
အစိုးရက ပြည်ပ နိုင်ငံ ၁၈ နိုင်ငံသို့ အလုပ်သမားများ စေလွှတ်ခဲ့မှုများ ရှိရာ လက်ရှိတွင် သွားရောက် လုပ်ကိုင်နေသူ ၅ သန်းခန့် ရှိကြောင်း၊ ယင်းအနက်မှ ၃ သန်းခန့်သာ တရားဝင် သွားရောက်လုပ်ကိုင်ခြင်း ဖြစ်ပြီး ကျန်သည့် လူဦးရေမှာ တရားမဝင် သွားရောက်လုပ်ကိုင်နေသည့် လူဦးရေ ဖြစ်ကြောင်း၊ တရားမဝင် အများဆုံး သွားရောက် လုပ်ကိုင်သည့် နိုင်ငံမှာ ထိုင်းနိုင်ငံ နှင့် မလေးရှားနိုင်ငံ ဖြစ်ကြောင်း သိရသည်။
ယမန်နေ့က ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ပြည်ပ နိုင်ငံများသို့ ရောက်ရှိနေသည့် နိုင်ငံသားတိုင်း မိသားစုများထံ ငွေလွှဲနိုင်ရန် အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များနှင့် ချိတ်ဆက်ကာ ရွှေ့ပြောင်းလုပ်သားများ အားလုံး နိုင်ငံတွင်းသို့ တရားဝင်ငွေလွှဲစေရန်အတွက် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇေယျာစိုးက ပြောသည်။
ပြည်ပရောက်လုပ်သားများထံမှ ပြည်တွင်းရှိ မိသားစုများထံသို့ တရားဝင် လွှဲပို့ငွေမှာ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် မြန်မာငွေကျပ် ၃၇၀ ဘီလီယံခန့်ရှိပြီး၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ကျပ်ငွေ ၆၂၃ ဘီလီယံခန့်အထိ တိုးတက်လာခဲ့ကြောင်း၊ ထို့ကြောင့် ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအားလုံး ပုဂ္ဂလိကဘဏ်များမှတဆင့် တရားဝင်ငွေလွှဲပို့စေရန်အတွက် အစိုးရဌာ နများ၊ အေဂျင်စီများနှင့် ဘဏ်အသီးသီးတို့ ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။