စီးပွားရေး

စင်ကာပူက မြန်မာနိုင်ငံတွင် ဒီဂျစ်တယ် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်

Want create site? Find Free WordPress Themes and plugins.
ရန်ကုန်အခြေစိုက် ဒီဂျစ်တယ် အတိုင်ပင်ခံကုမ္ပဏီ Nexlabs သည် သိန်းချီ ရင်းနှီးမြှုပ်နှံမှုကို  စင်ကာပူအခြေစိုက် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်သည့် Vulpes Innovative Myanmar Investment Company (VIMIC) ဦးဆောင်မှုဖြင့် ရှာဖွေနိုင်လိုက်ကြောင်း ဇန်နဝါရီလ ၉ ရက်တွင် ကြေညာသည်။
မူလရင်းနှီးမြှပ်နှံသူ တဦးဖြစ်သည့် Blibros Capital Partners ကလည်း VIMC နှင့်အတူ ယှဉ်တွဲ၍ အပိုဆောင်း ရင်းနှီးငွေ ထည့်ဝင်သွားမည် ဖြစ်သည်။
Nexlabs က ပေးသည့် ဝန်ဆောင်မှုအချို့မှာ ဝက်ဘ်ဆိုက်နှင့် မိုဘိုင်းလ် App ဖွံ့ဖြိုးမှု၊ စိတ်ကြိုက် ဆော့ဖ်ဝဲ ဖန်တီးမှု၊ အမှတ်တံဆိပ် ထိန်းသိမ်းခြင်း၊ လူမှုကွန်ရက်မီဒီယာ စီမံခန့်ခွဲခြင်းနှင့် ဝယ်ယူအသုံးပြုသူများ၏ ဝင်ရောက်ကြည့်ရှုနှုန်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း စသည်တို့ဖြစ်သည်။ ၎င်းထံမှ ဝယ်ယူအားပေးကြသည့် လုပ်ငန်းများမှာ စင်ကာပူ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့၊ Wave Money၊ စီးတီးမတ်၊ ဝါးစထရိအင်္ဂလိပ်စာကျောင်း၊ Total ကျောင်းနှင့် ဥရောပသမဂ္ဂ ကိုယ်စားလှယ်ရုံး တို့ ဖြစ်ကြသည်။
“Nexlabs ဖွံ့ဖြိုးလာမှု အစိတ်အပိုင်း တခုအနေနဲ့ အခွင့်အလမ်းရလာတာကို VIMIC က ဝမ်းမြောက်မိပါတယ်။ မြန်မာ ကုမ္ပဏီများရဲ့ ဒစ်ဂျစ်တယ် နည်းပညာပိုင်း ဆိုင်ရာ ကိုင်တွယ်ဖြေရှင်းတဲ့ အတွေ့အကြုံတွေ Nexlabs မှာ ရှိပါတယ်။ ဒီလို ရှေ့တန်းကနေ ဦးဆောင်နေတဲ့ ကုမ္ပဏီတခုကနေ ဒစ်ဂျစ်တယ် စီးပွားရေးဘက်မှာ နည်းပညာ အကောင်အထည် ဖော်ဆောင်တဲ့ အပိုင်းမှာ လျင်လျင်မြန်မြန် ဖွံ့ဖြိုးလာတာ မယုံနိုင်လောက်အောင်ပါပဲ” ဟု VIMIC ၏ မိတ်ဖက် အဖြစ် ဦးဆောင်နေသူ ဖီးပီကာရင်း (Field Pickering) က ပြောသည်။
ဘဏ္ဍာရေးဝန်းရံမှုနှင့် အတူ ပီကာရင်းသည် Nexlabs ဘုတ်အဖွဲ့သို့ ဝင်ရောက်မည် ဖြစ်သည်။ Nexlabs သည် မျိုးစေ့ချရင်းနှီးမြှပ်နှံခြင်းကို ဆွီဒင်ဘော့ကာ မိသားစု (Sweden’s Bocker family) ၏ ရင်းနှီးမြှပ်နှံလက်တံဖြစ်သည့် စင်ကာပူအခြေစိုက် Blibros လီမိတက်ထံမှ ကနဦးရရှိထားပြီး ဖြစ်သည်။
၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် Bilbros ကုမ္ပဏီက စုစုပေါင်း ဒေါ်လာ ၃ သိန်း တန်ဖိုးရှိသည့် တတိယ အရစ် ရင်းနှီးမြှပ်နှံမှု ပြုနိုင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ ၂ ဒသမ ၅ သန်းတန်ဖိုးဖြင့် ရဲမြတ်မင်း ဦးဆောင်မှုဖြင့် စတင် တည်ထောင်ခဲ့ရာ ၄ နှစ်သက်တမ်းရှိပြီ ဖြစ်သည်။
“ဒီငွေကြေးဟာ Nexlabs အတွက် အရေးကြီးတဲ့ဘဏ္ဍာရေး အောင်မြင်မှုတရပ် ဖြစ်ပါတယ်။ အခု VIMIC ဦးဆောင်မှုနဲ့ ဘဏ္ဍာရေး လည်ပတ်မှု အသစ်ကိုလည်း အင်မတန်မှ ကျေနပ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ် အခင်းအကျင်း ဖွံ့ဖြိုးဖို့ ထောက်ပံ့ပေးပြီး ကတိကဝတ်အတိုင်း ဆောင်ရွက်သွားမယ့် မူလရင်းနှီးမြှပ်နှံသူ ဖြစ်တဲ့ Bilbros နဲ့လည်း အတူလက်တွဲ သွားမှာပါ” ဟု Nexlabs တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် ရဲမြတ်မင်းက ပြောသည်။
မြန်မာနိုင်ငံကို အာရုံစိုက်ထားသည့် VIMIC ကုမ္ပဏီကို စတီဗင်ဒစ်ဂဲ (Stephen Diggle) တည်ထောင်သော စင်ကာပူအခြေစိုက် ရင်းနှီးမြှပ်နှံမှု လုပ်ငန်းတခုဖြစ်သည့် Vulpes Investment Management Pte လီမိတက်က ကွပ်ကဲသည်။
လက်ရှိ အနေအထားတွင် Vulpes သည် ၎င်း၏ ဒုတိယဘဏ္ဍာ အဖြစ် မြန်မာနိုင်ငံကို အာရုံစိုက်သည့်ဘဏ္ဍာငွေ ဒေါ်လာ ၂၅ သန်းမြှင့်တင်သွားရန် ရှိပြီး ကနဦးအဆင့် စွန့်ဦးတီထွင် လုပ်ကိုင်ခြင်းနှင့် ဖွံ့ဖြိုးဆဲကုမ္ပဏီများတွင် ရင်းနှီးမြှပ်နှံသည့် သဘောဖြစ်သည်။
အစောပိုင်းက ၎င်း၏ ပထမဘဏ္ဍာ အဖြစ် စီးပွားရေးနှင့် တသီးပုဂ္ဂလ သမားများကို အင်တာနက် ချိတ်ဆက်ပေးသည့် စင်မြင့် တခုဖြစ်သည့် Chate Sat နှင့် ၂၀၁၇ Seedstars Yangon ဆုရခဲ့သည့် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းတခု ဖြစ်သည့် Kargo ၊ ရန်ကုန်အခြေစိုက် အင်တာနက်ရှာဖွေစက်နှင့် စူးစမ်းရေးစင်မြင့် Bindez တို့တွင်လည်း ရင်းနှီးမြှပ်နှံခဲ့ပြီး ဖြစ်သည်။ ။
(www.dealstreetasia.com တွင် ဖော်ပြထားသည့် Juliet Shwe Gaung ၏ Myanmars nexlabs raises six-digit funding led by Singapore VC firm VIMIC ကို ဘာသာပြန်သည်။)
Did you find apk for android? You can find new Free Android Games and apps.
Loading