ကုန်သည်တဦး ဆန်ဖိုးငွေ လိမ်လည်မှုဖြစ်စဉ်ကြောင့် နယ်မှ ဆန်တင်ပို့သောလုပ်ငန်းရှင်များမှာ ဆန်မပို့တော့ဘဲ အကြွေးများသာ တောင်းနေကြကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ သိရသည်။
ပြီးခဲ့သည့်တပတ်ကျော်က ဘုရင့်နောင်ကုန်သည်ဒိုင်အတွင်း ပြည်ပသို့ ဆန်တင်ပို့သည့် A.S.O ကုမ္မဏီမှ ဦးအောင်ဆွေဦးသည် ဆန်ဖိုးငွေကျပ် ၅ဘီလီ ယံကျော်ခန့် ပေးချေခြင်းမပြုဘဲ ထွက်ပြေးတိမ်းရှောင်မှု ဖြစ်ပွားခဲ့သည်။
ယင်းဖြစ်စဉ်၏ နောက်ဆက်တွဲအနေဖြင့် ဆန်ကုန်သည်များအကြား ယုံကြည်မှုပျက်စီးကာ ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်သို့လည်း ဆန်အဝင်ထက်ဝက်ကျော်လျော့ကျခဲ့ကြောင်း ဆန်ကုန်စည်ဒိုင် စာရင်းများ အရသိရသည်။
ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်အတွင်းရေးမှူး ဦးသန်းဦးက “ကုန်စည်ဒိုင်ရဲ့ အရောင်းအဝယ် အခြေအနေက ဝယ်လိုအား နည်းသွားတယ်။ ဈေးအေးသွားတယ်။ နယ်က ဆန်ကုန်သည်တွေ ယုံကြည်မှုပျက်စီး သွားတော့ ဆန်တွေနောက်ထပ်မပို့တော့ဘဲ အကြွေးတွေ လိမ့်တောင်းတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းကုန်စည်ဒိုင်တွင် လက်ရှိဝယ်ယူနေသည့် ပို့ကုန်လုပ်ငန်းရှင်များမှာ ဆန်ကုန်သည်များထံမှ ဆန်များကို အရင်ဝယ်ယူကာ ငွေကိုနောက်မှပေးချေသည့်စနစ်ဖြင့် ဝယ်ယူနေကြကြောင်း ၎င်းက ရှင်းပြသည်။
ယခင်က ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တရက်လျှင် ပျမ်းမျှ ဆန်အိတ်ရေ ၅ သောင်းနှင့် ၁ သိန်းကြား ဝင်ရောက်ခဲ့သော်လည်း ယခု လိမ်လည်မှု ဖြစ်ပွားပြီးသည့် နောက်ပိုင်း ယခုအချိန်တွင် တရက် ဆန်အိတ်ရေ ၂ သောင်းကျော်မှ ၃ သောင်းကျော်ခန့်သာ ဝင်ရောက်ပြီး ဈေးလည်းကျဆင်းသွား ကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်အတွင်းမှ သိရသည်။
လက်ရှိ ဆန်ဝယ်ယူထားသော ကုမ္ပဏီများမှာလည်း ငွေမပေးချေနိုင်သေးဘဲ အကြွေးများရှိနေသော ကြောင့် ဆန်ဈေးမှာ လိမ်လည်မှု ပြဿနာ မဖြစ်ခင်က ဆန်တအိတ် ၁၉၅၀၀ ကျပ်ရှိရာမှ လက်ရှိအချိန်တွင် ဆန်တအိတ် ၁၈၅၀၀ ကျပ်သာ ရှိနေသဖြင့် ကျပ် ၁ ထောင်ခန့် ဈေးကျလာ ကြောင်း သိရသည်။
“ဒီဘက်မှာ ဆန်တင်ပို့ရောင်းချတာက နည်းနည်း ငွေရေးကြေးရေး ပြဿနာရှိတယ်။ ဘင်္ဂလားဒေရှ့်ကို တင်ထားတဲ့ ဆန်ဖိုးတွေ ပြန်မချနိုင်သေးတော့ ပို့ကုန်လုပ်ငန်းရှင်(Exporter)တွေ ငွေရေးကြေးရေး ပြဿနာဖြစ်နေတယ်။ အကြွေးတွေများနေတော့ ဆန်အဝယ်ကို ရပ်ထားတယ်”ဟု ပြည်ပသို့ ဆန်တင်ပို့သူတဦး ဖြစ်သည့် ဦးဝင်းက ပြောသည်။
ဆန်အရောင်းအဝယ်မှုများ ပြုလုပ်ရာ၌ အိပ်စပို့ သမားအတွက် လိုင်စင်ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေးသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနှင့် ကြီးကြပ်မှု အားနည်းခြင်းများ ရှိနေသောကြောင့် ဆန်စပါးမူဝါဒများ အမြန်ဆုံး ရေးဆွဲချမှတ်ရန် လိုအပ်နေကြောင်း ဆန်ကုန်သည်များက ပြောသည်။
ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်တွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ကျပ်သိန်းပေါင်း ၁ သောင်း ၄ ထောင်ကျော် လိမ်လည်မှု ဖြစ်ခဲ့ပြီး ယခုဖြစ်ခဲ့သည့် ဆန်လိမ်လည်မှုမှာ ဆန်ကုန်သည် ၇၀ ဦးထံမှ ငွေကျပ် ၅ ဘီလီယံကျော်အထိ လိမ်လည်ပြီး နိုင်ငံခြားသို့ ထွက်ပြေးသွားကြောင်း သိရသည်။
ဦးအောင်ဆွေဦးမှာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်တို့တွင် အသင်းဝင်အမှုဆောင်မဟုတ်ဘဲ ပြင်ပမှ ဆောင်ရွက်သူသာဖြစ်ပြီး ၎င်း၏ ဆောင်ရွက်မှုများအပေါ် မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်းနှင့် ကုန်စည်ဒိုင်တို့မှ တိမ်း ရှောင်မှုမဖြစ်ပေါ်မီကပင် အကြိမ်ကြိမ် ခေါ်ယူတွေ့ဆုံ သတိပေးထားပြီးဖြစ်ကြောင်း အသင်းမှ ထုတ်ပြန် ထားသည်။
ယခုတိမ်းရှောင်မှု ဖြစ်စဉ်တွင် ဆုံးရှုံးနစ်နာမှုများ ပြန်လည်ရရှိရန် ရဲစခန်းတွင် ကုန်သည်တချို့မှ အမှု ဖွင့်လှစ်ထားခြင်း၊ အသင်းမှ ယင်းပိုင်ဆိုင်မှုများကို ထိန်းချုပ်ကန့်သတ်ထားခြင်းနှင့် ရှေ့နေများနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ အသင်းအနေဖြင့် အမှုဖွင့်လှစ်နိုင်ရန် အချက်အလက်များ စုဆောင်းနေခြင်း စသည်တို့ကို လုပ်ဆောင်နေသည်။
“အခု ဒေါ်ချိုချိုမြင့် နာမည်နဲ့ အမှုသွားဖွင့်ထားတယ်။ လိမ်လည်မှု ပ နံပါတ် ၁၈ /၄၂၀ ပုဒ်မနဲ့။ သူရဲ့ ပိုင်ဆိုင်မှုတွေကို ကျနော်တို့ ကုန်စည်ဒိုင်နဲ့ ပူးပေါင်းပြီးတော့ တရားဝင်လိုက်သိမ်းဖို့တွေ အခုမှ ဆောင် ရွက်ဆဲဖြစ်ပါတယ်” ဟု ဦးသန်းဦးက ပြောသည်။
၎င်းကဆက်လက်၍ “လောလောဆယ်ကတော့ နိုင်ငံခြားကို ထွက်သွားပြီလို့ လေဆိပ်မှာ စစ်ဆေး တွေ့ရှိရတယ်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဦးချစ်ခိုင် ဦးဆောင်ပြီးတော့ ဒါတွေ ဘာကြောင့်ဖြစ် တာလဲ နောက်မဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာ အစည်းဝေးထိုင်မယ်။ စည်းမျဉ်းစည်းကမ်းတွေ ရေးဆွဲမယ်။ စီး/ကူးဝန်ကြီးဌာန တင်ပြမယ်လို့ ပြောဆိုနေတယ်။ လုပ် မလုပ်တော့ မသိသေးဘူး”ဟု ဦးသန်းဦးက ပြောသည်။
ဘုရင့်နောင်နယ်မြေရဲစခန်းသို့ ဖုန်းဆက်မေးမြန်းရာတွင် ယင်းအမှုမှာ စစ်ဆေးဆဲဖြစ်ကြောင်းနှင့် အသေးစိတ် မပြောနိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။
ယင်းကဲ့သို့ လိမ်လည်မှုများဖြစ်နေခြင်းမှာ ပြည်တွင်း၌ ဆန်ဝယ်ယူရာတွင် အကြွှေးဝယ်ယူပြီး နိုင်ငံခြားသို့တင်ပို့ရာ၌ ပြည်တွင်းဈေးနှင့် မကာမိပဲ အရူံးပေါ်ခြင်းတို့ကြောင့် ပြည်တွင်းကုန်သည်များကို အကြွေးမပေးနိုင်မှုများလာပြီး လိမ်လည်မှုများ ဖြစ်လာကြောင်း ကုန်သည်များက ပြောဆိုကြသည်။
လက်ရှိအချိန်အထိ ကုန်စည်ဒိုင်အတွင်း ငွေကြေးလိမ်လည်မှုများကြောင့် တဦးချင်း အလိုက် Blacklist စာရင်းသွင်းထားသည်မှာ ၁၀ ဦးခန့် ရှိနေသည်။