တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) ၏ လုပ်ငန်းခွဲတခုသည် နှစ်နိုင်ငံပိုက်လိုင်းမှ တဆင့် တင်ပို့ရန် မြန်မာနိုင်ငံတွင် ဓာတ်ငွေ့သိုက်သစ်များ ရှာဖွေနေကြောင်း တရုတ်နေ့စဉ် သတင်းစာ (China Daily) က ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဖော်ပြသည်။
တရုတ် အမျိုးသား ရေနံကော်ပိုရေးရှင်း၏ လုပ်ငန်းခွဲ Southeast Asia Pipeline Co Ltd သည် မြန်မာနိုင်ငံကမ်းလွန်ရှိ ဒေဝူးအင်တာနေရှင်နယ်၏ ဓာတ်ငွေ့လုပ်ကွက် ပိုက်လိုင်းမှ တဆင့်တင်ပို့ရန် ဓာတ်ငွေ့များ ရှာဖွေနေသည် ဟု ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၏ ဒု ဥက္ကဌ ချဲင်ရှန်ချူး (Chen Xiangqiu) က ပြောကြောင်း အဆိုပါ သတင်းစာက ဆိုသည်။
ထိုလုပ်ငန်းသည် ဒေဝူးအင်တာနေရှင်နယ်၏ လုပ်ကွက်မှ ဓာတ်ငွေ့များကို ၂၀၁၃ ခုနှစ်လယ်မှ စတင်ပြီး နှစ် ၃၀ စာချုပ်ဖြင့် ပို့ဆောင်နေခြင်း ဖြစ်သည်။
CNPC ၏ လုပ်ငန်းခွဲသည် မြန်မာနိုင်ငံတွင် ဓာတ်ငွေ့သိုက်သစ် ရှာနေပြီး ဒေဝူးအင်တာနေရှင်နယ်နှင့် အခြားလုပ်ငန်းများ၏ ဓာတ်ငွေ့တွင်းများနှင့် ရင်ပေါင်တန်းနိုင်ရန်လည်း ဆောင်ရွက်နေသည်ဟု ချဲင်ရှန်ချူးက ပြောသည်။
ထိုလုပ်ငန်းသည် တရုတ်မြန်မာ ဓာတ်ငွေ့ပိုက်လိုင်း စတင်သည့် ရခိုင်ပြည်နယ် မဒေးကျွန်းဆိပ်ကမ်းတွင် ဓာတ်ငွေ့ရည် ဆိပ်ကမ်းတခု တည်ဆောက်ရန်လည်း စဉ်းစားနေသည်။
CNPC သည် ၂၀၁၇ ခုနှစ်က အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် သဘာဝဓာတ်ငွေ့ ၃ ဘီလီယံ ကုဗမီတာခန့် ထုတ်လုပ်ခဲ့သည် ဟု စီချွမ်နေ့စဉ်သတင်းစာက လွန်ခဲ့သောလက ဖော်ပြခဲ့သည်။
(Reuters သတင်း တရပ်တွင် ဖော်ပြထားသည့် China’s CNPC looking for new gas sources in Myanmar -China Daily ကို ဘာသာပြန်သည်။)