သတ်မှတ်ချိန်ထက် တလ နီးပါးမျှ နောက်ကျပြီးနောက် ရန်ကုန်တိုင်း အစိုးရအဖွဲ့က ဖွဲ့စည်းပေးထားသော အကဲဖြတ် အဖွဲ့က ရန်ကုန်မြို့တော်၏ ဘတ်စ်ကားစီးသည့် ပြည်သူများအတွက် ငွေစက္ကူမသုံးသည့် ငွေချေစနစ်တခုကို အကောင် အထည်ဖော်ရန် Excel KC Myanmar ကုမ္ပဏီက ကန်ထရိုက် ရရှိသွားသည်။
ကတ်ဖြင့် ငွေပေးချေသည့် စနစ်(Yangon Payment Service -YPS) အတွက် ရန်ကုန်တိုင်းအစိုးရက သြဂုတ်လနှောင်း ပိုင်းတွင် တင်ဒါခေါ်ယူခဲ့ရာတွင် တင်ဒါ အဆိုပြုတင်သွင်းလာသည့် ကုမ္ပဏီ စုစုပေါင်း ၁၄ ခု ရှိပြီး ၎င်းတို့ အနက်မှ ၃ ခုဖြစ် သည့် AnyPay Payment Services၊ Asia Stamar Transport Intelligent နှင့် Excel KC Myanmar တို့ကို နောက်ဆုံး ဆန်ကာတင် အဖြစ် ယခုလ အစောပိုင်းတွင် ရွေးချယ်ခဲ့သည်။ Excel KC Myanmar က ကန်ထရိုက် ရရှိသွားကြောင်း အကဲဖြတ်ရွေးချယ်ရေးအဖွဲ့က ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကြေညာခဲ့ပါသည်။
တင်ဒါရွေးချယ်ရန် အတွက် ရွေးချယ်ရေး အဖွဲ့ကို အဖွဲ့ဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ အဖွဲ့၏ ဥက္ကဌ အဖြစ် ရန်ကုန်တိုင်း အစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြင့်သောင်းက ဦးဆောင်၍ ဒုတိယ ဥက္ကဌများအဖြစ် လျှပ်စစ်၊ စက်မှုနှင့် ပို့ဆောင်ရေး ဝန်ကြီး ဒေါ်နီလာကျော်နှင့် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး နော်ပန်းသဉ္စာမျိုး တို့က ဆောင်ရွက်ကြသည်။
ရွေးချယ်ရေး အဖွဲ့ဝင်တဦး ဖြစ်ပြီး Tun Group Asia အကြံပေးကုမ္ပဏီ၏ ကိုယ်စားလှယ်ဖြစ်သော ဦးချစ်ထွန်းဖေက နောက်ဆုံးဆန်ကာတင်များထဲမှ ရွေးချယ်ရာတွင် အလွန်ခက်ခဲခဲ့ကြောင်း အဘယ်ကြောင့် ဆိုသော် ကုမ္ပဏီ ၃ ခုလုံးက အဆိုပြုတင်ပြလာသည့် နည်းလမ်းများက အခြားသောနိုင်ငံများတွင် လုပ်ခဲ့ပြီး ဖြစ်သောကြောင့် ဖြစ်ကြောင်း ဧရာဝတီ သို့ ပြောသည်။ နောက်ဆုံးတွင် Excel Myanmar နှင့် Taiwan’s Acer Inc. တို့ ပူးပေါင်းထားသည့် Excel KC Myanmar က လုပ်ကိုင်ခွင့်ရရှိသွားခဲ့ပြီး Taiwan’s Acer Inc. က ၎င်း၏ ကိုယ်ပိုင်နည်းပညာနှင့် စက်ကိရိယာများ ပေးနိုင်သောကြောင့် ဖြစ်သည်ဟုလည်း သူကဆိုသည်။
Excel KC Myanmar က ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင် အဖွဲ့ ၏ စီမံ ခန့်ခွဲမှုအောက်တွင် အလိုအလျောက် ယဉ်စီးခ ကောက်ခံသည့် စနစ်ကို အကောင်အထည်ဖော်ရန် ကျပ်ငွေ ၂၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄.၇၈ သန်း) ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်သည်ဟု ဦးချစ်ထွန်းဖေက ပြောသည်။
ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများကြားတွင် ပြိုင်ဆိုင်မှုကိုတွန်းအားပေးနိုင်ရန် အတွက် ရွေးချယ်ရေးအဖွဲ့က ကုမ္ပဏီ ၂ ခုကို ရွေးချယ်မည်ဟု ဦးချစ်ထွန်းဖေက ဧရာဝတီသို့ ယခင်ကပြောကြားခဲ့သော်လည်း နောက်ဆုံးတွင် တခုတည်းကိုသာ ရွေးချယ်ခဲ့သည်။ အစိုးရ၏ စီမံခန့်ခွဲမှု ပိုမိုလွယ်ကူစေရန် ကုမ္ပဏီတခုတည်းကပင် ရင်းနှီးမြှုပ်နှံသူ၊ နည်းပညာထောက်ပံ့သူ နှင့် အော်ပရေတာ အဖြစ် တပြိုင်တည်း ဆောင်ရွက်သွားမည် ဖြစ်သည်။
ငွေပေးချေရေး ဝန်ဆောင်မှုကို အမြန်ဆုံးပေးနိုင်ရန် လိုအပ်သည်နှင့် အမျှ ရန်ကုန်ဘတ်စကားစနစ်က နေ့စဉ် ခရီးသည် ၃ သန်းမှ ၅ သန်း အထိ ရှိသောကြောင့် တိကျသေချာမှု ရှိရန်လည်း လိုအပ်သည်ဟု ဦးချစ်ထွန်းဖေက ဆုံးဖြတ်ချက်ချရန် မည်သည့်အတွက်ကြောင့် တလနောက်ကျခဲ့ရသည်ကို ရှင်းပြရင်း ပြောသည်။
“ကျနော်တို့က ခရီးသည်တွေကို အချိန်ပေးဖို့ လိုပါတယ်။ ဒီလို ကတ်နဲ့ငွေချေတဲ့ အလေ့အထမျိုးက မြန်မာနိုင်ငံမှာ မရှိခဲ့ ဖူးဘူး” ဟု သူက ထပ်ပြောသည်။
ရန်ကုန်တိုင်း အစိုးရ နှင့် Excel KC Myanmar ကုမ္ပဏီတို့ကြားတွင် အကြိုသဘောတူညီချက်တခုကို ယခုလ နှောင်းပိုင်း၌ လက်မှတ်ထိုးနိုင်မည်ဟု မျှော်လင့်ကြောင်း ဦးချစ်ထွန်းဖေက ပြောသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန(DICA) ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ Excel KC Myanmar ကုမ္ပဏီ သည် အစိုးရက တင်ဒါ မခေါ်ယူမီ ၂ လအလိုဖြစ်သည့် ဇွန်လအတွင်းတွင် မှတ်ပုံတင်ခဲ့ကြောင်း သိရသည်။
DICA ၏ ဝက်ဘ်ဆိုက်မှ ကုမ္ပဏီ မှတ်တမ်းအရ Excel KC Myanmar ၏ ဒါရိုက်တာ ၂ ဦးမှာ မြန်မာနိုင်ငံသား ဖြစ်သည့် ဒေါ်အေးအေးဝင်းနှင့် နိုင်ငံခြားသားတဦး ဖြစ်သည့် Lin Chih Ying ဖြစ်ကြောင်း သိရသည်။ မန်နေးဂျင်း ဒါရိုက်တာ ဖြစ် သော ဦးဇော်ဝင်းက လုံခြုံရေး ဝန်ဆောင်မှုများ ပေးသည့် Excel Myanmar Group တွင်လည်း အလားတူ ရာထူး ရယူ ထားသည်။
စီမံကိန်းကြောင့် တိုင်းပြည်၏ ခရီးသွားလာရေးစနစ် တိုးတက်လာသည်ကို မြင်ရမည် ဖြစ်ကြောင်း၊ အဘယ်ကြောင့် ဆို သော် Acer က ၎င်း၏ ကိုယ်ပိုင် အီလက်ထရောနစ်နှင့် ICT ပစ္စည်းများ ထုတ်လုပ်သည့် အတွက် ဖြစ်ကြောင်း ဦးဇော်ဝင်းက ပြောသည်။
သို့သော်လည်း Excel KC Myanmar အနေဖြင့် အစိုးရနှင့်ရော ဘတ်စ်ကား အော်ပရေတာ များနှင့်ပါ ညှိနှိုင်းဆွေးနွေးမှုများ ပိုမို ပြုလုပ်ရန် လိုအပ်နေသေးသည့်အတွက် ကုမ္ပဏီက မည်သည့် အချိန်တွင် အစိုးရနှင့် ကန်ထရိုက်စာချုပ် လက်မှတ်ထိုး မည် သို့မဟုတ် စမ်းသပ် ကာလကို မည်သည့် အချိန်တွင် စတင်မည် ဆိုသည်ကို မသိကြောင်း သူကပြောသည်။
Excel KC Myanmar ၏ နည်းပညာအရာရှိဖြစ်သော ကိုထက်ဦးမောင်က ငွေချေသည့် စနစ်က ခရီးသည်များ၊ ဘတ်စ်ကား အော်ပရေတာများနှင့် ယာဉ်မောင်းများအတွက် အသစ်ဖြစ်နေသောကြောင့် ကုမ္ပဏီ အနေဖြင့် စိန်ခေါ်မှုများစွာ ရန်ဆိုင်ရ လိမ့်မည်ဟု ဧရာဝတီသို့ပြောသည်။
“လုပ်ငန်းမစခင် စမ်းသပ်ကာလအဖြစ် ၂လကနေ ၄လ လောက် အချိန်ယူဖို့ ကျနော်တို့ စဉ်းစားနေပါတယ်” ဟု သူက ပြောသည်။
ရန်ကုန်တိုင်းအစိုးရက ပြန့်ကျဲနေသော မြို့တော်၏ ကြီးမားသော သယ်ယူပို့ဆောင်ရေး စနစ်ကို ပြုပြင်ပြောင်းလဲရန် အားထုတ်မှုတခု အနေဖြင့် ယခင်စနစ်အစား Yangon Bus Service (YBS) ကို အကောင်အထည်ဖော်ခဲ့သည်မှာ ၁ နှစ် နီးပါး ရှိခဲ့ပြီ ဖြစ်သည်။
လမ်းကြောင်းများ ထပ်နေခြင်းကို ရှောင်ရှား အတွက် စနစ်သစ်က ယာဉ်လိုင်း ၃၀၀ ခန့်မှနေ၍ ၁၀၀ ပင်မရှိသည့် အရေ အတွက်သို့ လျှော့ချခဲ့သည်။ ယာဉ်နောက်လိုက်များ နေရာတွင် ယဉ်စီးခ ထည့်သည့် ပုံးများဖြင့် အစားထိုးလိုက်သည်။
ပုံး ထဲသို့ ယာဉ်စီးခ ထည့်သည့် စနစ်ကို စတင်ခဲ့သော်လည်း ခရီးသည်များမှာ ကားခ အတိအကျပေးရန် အခက်အခဲရှိနေခဲ့ သည်။ ကတ်ကို အသုံးပြုသည့် စနစ်က ထိုပြဿနာကို ဖြေရှင်းပေးနိုင်မည်ဟု မျှော်လင့်ရပါသည်။