စီးပွားရေး

ဈေးကွက်မြှင့်တင်မှုနောက်ကွယ်က ဗီယက်ဂျက်

Want create site? Find Free WordPress Themes and plugins.

ဗီယက်ဂျက်လေကြောင်းလိုင်း (Vietjet Air) သည် ဈေးကွက်မြှင့်တင်ရေး လုပ်ဆောင်ရာတွင် အကြမ်းတမ်းဆုံး လုပ်နည်းလုပ်ဟန်များ အနက်တခုကို အသုံးပြုပြီး လေကြောင်းလိုင်း ကုန်အမှတ်တံဆိပ်ကို အသိအမှတ်ပြုလာအောင် လုပ်ဆောင်နိုင်ခဲ့သည်။ အာရုံဖမ်းစားနိုင်ရန် အဝတ်အစား အနည်းငယ်သာ ဝတ်ဆင်ထားသည့် လေယာဉ်မယ်များကို အသုံးပြုခြင်း ဖြစ်သည်။

ထိုလေကြောင်းလိုင်းမှ လေယာဉ်မယ်များသည် အချို့သော လေကြောင်းခရီးစဉ်များတွင် ရေကူးဝတ်စုံကိုသာ ဝတ်ဆင်ကြသည်။ ထို လေကြောင်းလိုင်းသည် ၎င်း၏ အရောင်များဖြစ်သော အနီရောင်၊ အဝါရောင် အတွင်းခံသာ ဝတ်ထားသည့် မော်ဒယ်များ၏ ပုံများဖြင့်လည်း ပြက္ခဒိန်များ ဖြန့်ချိသည်။ နောက်ဆက်တွဲ ဖြစ်ပေါ်လာသော ဝေဖန်မှုများသည်ပင် ထိုလေကြောင်းလိုင်း၏ အမှတ်တံဆိပ်ကို ထပ်မံဈေးကွက် မြှင့်တင်ပေးနေသည်။

သို့သော်ထို ဈေးကွက်ရှာဖွေရေး နည်းဗျူဟာ၏ နောက်ကွယ်တွင် အလျင်အမြန် ကြီးထွားနေသော နုပျိုနားလည် တတ်ကျွမ်းသည့် လေကြောင်းလိုင်းတခု ဖြစ်လာရေးဟူသော ရည်မှန်းချက်ရှိနေသည်။ ၂၀၁၁ ခုနှစ်ဒီဇင်ဘာလတွင် ပထမဆုံး လေကြောင်းခရီးစဉ်ကို စတင်ခဲ့ပြီးနောက် ဗီယက်ဂျက်သည် နိုင်ငံတွင် ဒုတိယအကြီးဆုံး လေကြောင်းလိုင်း ဖြစ်လာသည်။

ပြည်တွင်း လေယာဉ်ခရီးစဉ်ဈေးကွက်၏ ၄၀ ရာခိုင်နှုန်းကို ရရှိထားပြီး ခရီးသည် သန်း ၅၀ ခန့်ကိုပို့ဆောင်ပေးခဲ့သည်။ ထိုသို့ လုပ်ငန်းအလျင်အမြန်ကြီးထွားလာသောကြောင့်လည်း လေကြောင်းလိုင်းကို တည်ထောင်သူ အသက် ၄၇ နှစ် အရွယ်ရှိ ငုယင်သီဖူအွန်သောင် (Nguyen Thi Phuong Thao) ကို ဗီယက်နမ်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဘီလီယံနာ ဖြစ်လာစေခဲ့သည်။

ဗီယက်နမ်နိုင်ငံ၏ ကြီးထွားလာနေသော လူလတ်တန်းစားသည် ပိုမို၍ ခရီးသွားလာ နေသောကြောင့်လည်း တိုးတက်မှု အတွက် အထောက်အကူ ဖြစ်စေသည်။ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်အတွင်း ပြည်တွင်းခရီးသည် တိုးတက်မှုနှုန်းသည် ၁၇ ဒသမ ၂ ရာခိုင်နှုန်း ရှိပြီး ဒေသတွင်း အမြင့်ဆုံးနှုန်းတွင် ပါဝင်သည်။

ငုယင်သီဖူအွန်သောင် သည် ထိရောက်စွာ စီမံခန့်ခွဲတတ်သူ တဦးဖြစ်သည်။ ဗီယက်ဂျက်သည် ၎င်းတို့၏ လေယာဉ်များတွင် ထိုင်ခုံများများ ထည့်ပြီး လေယာဉ်နှင့် လုပ်အားကို ကျွမ်းကျင်စွာ အသုံးချကာ ပြုပြင်ထိန်းသိမ်းစရိတ် နည်းနည်းနှင့် လုပ်ကိုင်သည့် တန်ဖိုးနည်း လေကြောင်းလိုင်း ဖြစ်သည်။

ထိုပုံသေနည်းသည် ဗီယက်ဂျက် အနေဖြင့် ပြိုင်ဆိုင်မှုလွန်စွာ ပြင်းထန်လှသည့် ဗီယက်နမ်ဈေးကွက်တွင် အခြား လေကြောင်းလိုင်းများကို ကျော်တက်သွားစေသော ပုံသေနည်းပင် ဖြစ်သည် ဟု VinaCapital ၏ လေကြောင်းဆိုင်ရာ အစီရင်ခံစာတစောင်အရသိရသည်။

လေကြောင်းလိုင်းကို တည်ထောင်သူ ငုယင်သီဖူအွန်သောင်

ဗီယက်ဂျက် လေကြောင်းလိုင်း၏ ၂၀၁၇ ခုနှစ်အတွက် ဝင်ငွေသည် ဒေါင်ငွေ ၄၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၄ ဘီလီယံ ရှိမည် ဟု ခန့်မှန်းထားပြီး ယခင်နှစ် ထက် ၅၃ ရာခိုင်နှုန်းတိုးတက်သည်။ အသားတင် အမြတ်ငွေမှာ ဗီယက်နမ်ငွေ ဒေါင် ၃ ဒသမ ၈ ထရီလီယမ်ရှိပြီး ယခင်နှစ်ကထက် ၅၆ ရာခိုင်နှုန်း တိုးတက်လာသည်။

ဗီယက်ဂျက်သည် လာမည့် ၅ နှစ်အတွင်း အာရှပစိဖိတ် ဒေသတွင်းသို့ ကွန်ရက်ချဲ့ထွင်မည် ဖြစ်ပြီး ရည်မှန်းချက် ပြည့်ဝရန် အတွက် လေယာဉ်သစ်များ ဝယ်ယူရန် ထိပ်တန်း လေယာဉ်ထုတ်လုပ်သူများနှင့်လည်း သဘောတူစာချုပ်များ လက်မှတ် ရေးထိုးထားသည်။ ဗီယက်ဂျက်သည် ခေတ်မီ လေယာဉ်အုပ်စုရှိပြီး လေယာဉ်များ၏ ပျမ်းမျှသက်တမ်းမှာ ၃ ဒသမ ၃ နှစ် ဖြစ်သောကြောင့် ကမ္ဘာ့သက်တမ်းအငယ်ဆုံးများတွင် ပါဝင်သည်။

ဗီယက်ဂျက်သည် လေကြောင်းလုပ်ငန်းတွင် အောင်မြင်နေသော ကြယ်ပွင့်တပွင့် ဖြစ်ပြီး လာမည့်နှစ်အနည်းငယ် အထိ ဗီယက်နမ် အစိုးရ၏ အခွင့်အရေးပေးခြင်း ရရှိနေမည် ဖြစ်သည် ဟု VinaCapital မှ မန်နေဂျင်းဒါရိုက်တာ အင်ဒီဟို (Andy Ho) က ပြောသည်။

ငုယင်သီဖူအွန်သောင် သည် ဗီယက်ဂျက်တွင် တဦးတည်းသော သြဇာကြီးမားသူ မဟုတ်ဘဲ ဗီယက်နမ် လေကြောင်း အာဏာပိုင်အဖွဲ့၏ ဝါရင့် အသက် ၆၇ အရွယ်ရှိ ငုယင်သန်ဟ (Nguyen Thanh Ha) သည် ထိုလေကြောင်းလိုင်း၏ ဥက္ကဌဖြစ်သည်။

သူမ၏ ရှည်ကြာများပြားသော အတွေ့အကြုံကြောင့်ပင် ဗီယက်ဂျက်သည် ဗီယက်နမ် လေကြောင်းလိုင်း၏ ပြိုင်ဘက် ဖြစ်လာသည်။ ထိုအတွေ့အကြုံကြောင့်ပင် အခြားသော လေကြောင်းလိုင်းများဖြစ်သည့် အင်ဒိုချိုင်းနားလေကြောင်းလိုင်း ဒေဝါလီ ခံရပြီး ပိစိဖိတ်လေကြောင်းလိုင်းကို ရောင်းချလိုက်ရသလို မဲခေါင်လေကြောင်းလိုင်းမှာ ဆိုင်းငံ့ခဲ့ရချိန်တွင် ဗီယက်ဂျက်သည် အောင်မြင်နေခြင်း ဖြစ်သည်။

ငုယင်သီဖူအွန်သောင်သည် ဟနွိုင်ဇာတိဖြစ်ပြီး အသက် ၁၇ နှစ်တွင် ဆိုဗီယက် ယူနီယမ်တွင် တက္ကသိုလ်တက်ပြီး ဘဏ္ဍာရေး၊ ဘဏ်လုပ်ငန်းနှင့် ဘောဂဗေဒ ပညာလေ့လာခဲ့သည်။ ခင်ပွန်းဖြစ်သူနှင့် တွေ့ပြီးနောက် ၁၉၉၀ ခုနှစ်များတွင် Sovico Holdings ကို ရုရှားနိုင်ငံ၌ တည်ထောင်သည်။ အသက် ၂၇ နှစ်တွင် ပါရဂူဘွဲ့ရပြီးနောက် ၎င်းသည် ဘဏ္ဍာရေး၊ လေကြောင်း၊ အိမ်ခြံမြေနှင့် စက်မှုလုပ်ငန်းစသည့် ကဏ္ဍ ၄ ခုတွင် ရင်းနှီးမြှုပ်နှံသည်။

များသောအားဖြင့် ခပ်လျှိုလျှိုသာ နေလေ့ ရှိသော်လည်း ဗီယက်ဂျက်ကို ၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီလတွင် စတော့ဈေးကွက် တင်ပြီးနောက် မီဒီယာလောကတွင် ထင်ရှားကျော်ကြား လာခဲ့သည်။၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် APEC 2017 ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ထိုဆွေးနွေးပွဲ၏ အစီအစဉ် အများအပြားကို ဒါနန်မြို့ရှိ သူမပိုင်နေရာများတွင် ကျင်းပခဲ့သည်။

လေကြောင်းလိုင်း၏ ကြော်ငြာများတွင် အမျိုးသမီးပုံများ သုံးသောကြောင့် ဝေဖန်ခံရသော်လည်း ဗီယက်နမ် စီးပွားရေး လောကမှ အမျိုးသမီးများကို ထောက်ကူရန် လက်တွေ့ကျကျ လုပ်ဆောင်မည်ဟု ငုယင်သီဖူအွန်သောင် က ကတိပြုထားသည်။

“ဘယ်လုပ်ငန်း၊ ဘယ်ရုံးမှာ ဖြစ်ဖြစ် ခေါင်းဆောင်ရှာတဲ့ အခါ အမျိုးသားတွေကိုပဲ အရင်စဉ်းစားကြတယ်။ အမျိုးသမီးတွေ ကို မရှာခင် အမျိုးသားတွေကို ရှာကြတယ်။ ဒါကို ပြောင်းလဲ ပစ်ဖို့ ရည်ရွယ်လုပ်ဆောင်ရမယ်။ ဥပမာပြရရင် ဗီယက်ဂျက်မှာ စီမံခန့်ခွဲမှုပိုင်းမှာ အမျိုးသမီးတွေ ပါဝင်ရမယ့် ရာခိုင်နှုန်း သတ်မှတ်ထားတယ်” ဟု သူက ပြောသည်။ ဗီယက်ဂျက်သည် အမျိုးသမီးများကို အင်ဂျင်နီယာနှင့် လေယာဉ်မှူး ရာထူးများတွင် ခန့်အပ်ရန် စီစဉ်နေသည်ဟုလည်း သူမက ပြောသည်။

“လေယာဉ်မောင်း သင်တန်းအစီအစဉ်မှာ အမျိုးသမီးတွေ ပါဝင်ဖို့နဲ့ သူတို့ကိုယ် သူတို့ ယုံကြည်မှု ရှိလာအောင် ကျမတို့ အားပေးနေတယ်” ဟု သူမက ပြောသည်။

(asia.nikkei.com တွင် ဖော်ပြထားသည့် Kim Dung Tong ၏ Vietjet shows the ambition behind its gimmicks ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading