စီးပွားရေး

အလားအလာရှိသော ထုတ်ကုန်များ ဦးစားပေးသင့်ဟုဆို

Want create site? Find Free WordPress Themes and plugins.

ပြည်ပမှ ဝင်ရောက်သော ကုန်စည်များနေရာတွင် အစားထိုး ထုတ်လုပ်ခြင်း၌ ဈေးကွက်တွင် တကယ် အလားအလာရှိသည့် ထုတ်ကုန်များကို ဦးစားပေး ထုတ်လုပ်လျှင် မြန်မာနိုင်ငံအတွက် ပိုမို အကျိုးရှိနိုင်မည်ဖြစ်ကြောင်း ချားလ် တက္ကသိုလ် ဘောဂဗေဒနှင့် နိုင်ငံတကာ ကုန်သွယ်ရေး အထူးပြုသုတေသီ ပရော်ဖက်ဆာ Dr. Vilem Semerak က ပြောသည်။

မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတွင် ဇန်နဝါရီ ၉ ရက်က ပြုလုပ်ခဲ့သည့် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ၎င်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကိုယ့်နိုင်ငံထဲ သူများက သွင်းနေတဲ့ပစ္စည်းတွေကိုပဲ အစားထိုး ထုတ်တာထက်စာရင် ကိုယ့်နိုင်ငံမှာ တကယ် အားသာချက်ရှိတဲ့ ထုတ်ကုန်တွေကို ထုတ်သင့်တယ်။ အဲဒီလိုပဲ တရုတ်က အရင်းအနှီး များများနဲ့လုပ်ထား တဲ့ လုပ်ငန်းမျိုးကိုလည်း ပြည်တွင်းမှာ လုပ်ဖို့ ရှောင်သင့်တယ်”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သောသုံးပတ်က မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှု ကော်မရှင်(MIC)က သွင်းကုန် အစားထိုးလုပ်ငန်း ၁၃ မျိုးတွင် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်ရန် ဖိတ်ခေါ်ခဲ့ပြီး ရည်ရွယ်ချက်မှာ ကုန်သွယ်မှု လိုငွေပြခြင်းကို လျှော့ချနိုင်ရန်နှင့် ဥပဒေအရ ၎င်းကဏ္ဍတို့ကို ရင်းနှီးမြှပ်နှံခွင့်ပြုထားခြင်းကို လုပ်ငန်းရှင်များ သိစေရန် အတွက် ဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုကော်မတီ၏ အတွင်းရေးမှုး ဒေါ်နွယ်နီဦးက ဧရာဝတီကို ပြောသည်။

MIC ၏ ထုတ်ပြန်ချက်အရ ၎င်းလုပ်ငန်း ၁၃ မျိုးမှာ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ဆက်စပ်ပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်း၊ လယ်ထွန်စက်နှင့် လယ်ယာနောက်တွဲယာဉ်များ ထုတ်လုပ်ခြင်း၊ တယ်လီဖုန်းနှင့် ဆက်သွယ်ရေး ပစ္စည်းကိရိယာများ ထုတ်လုပ်ခြင်း၊ စက်နှင့် စက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ ထုတ်လုပ်ခြင်း၊ သံနှင့် သံမဏိဆောက်လုပ်ရေး ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ဓာတ်မြေသြဇာ ထုတ်လုပ်ခြင်း၊ ပလတ်စတစ်ကုန်ကြမ်း ပစ္စည်းများ ထုတ်လုပ်ခြင်း၊ စက္ကူများ ထုတ်လုပ်ခြင်း၊ ဓာတုဗေဒချည်ခင်များ ထုတ်လုပ်ခြင်း၊ စားသုံးဆီ ထုတ်လုပ်ခြင်း၊ ဆေးဝါးပစ္စည်းများ ထုတ်လုပ်ခြင်း၊ အလှကုန်ပစ္စည်း ထုတ်လုပ်ခြင်း စသည့်လုပ်ငန်းတို့ဖြစ်သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတခုဖြစ်ရာ လယ်ယာထွက်ကုန်ကဏ္ဍကို ပိုမိုဦးစားပေး သင့်ပြီး လက်ရှိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှု လိုငွေပြနေခြင်းအား ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်မည်ဆိုပါက လွှမ်းခြုံနိုင်မည့်အနေအထားရှိသော်လည်း တနိုင်ငံတည်းကို အဓိကထား ကုန်သွယ်မှု မပြုသင့်ကြောင်း Dr. Vilem Semerak က သုံးသပ် ပြောဆိုသည်။

“ကုန်သွယ်မှုမှာ ဆန်ဆိုရင် တရုတ်က လုပ်ချင်တိုင်းလုပ်တာ ခံနေရတယ်။ ပဲဈေးကွက် ဆိုရင်လည်း အိန္ဒိယ ပေါ်လစီမှာ မူတည်နေရတယ်။ ဒါတွေက တိကျတဲ့ စီးပွားရေးမူဝါဒ မရှိလို့ သူတို့ ပြုသမျှ နုနေရတာ။ ပြီးတော့ သူများနိုင်ငံနဲ့ယှဉ်ပြီး ကိုယ့်နိုင်ငံက လုပ်ငန်းလုပ်တော့မယ်ဆိုရင် အရင်းအနှီး၊ နည်းပညာက အရမ်းစကား ပြောသွားတယ်” ဟု ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ကျင်းပခဲ့သည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှပ်နှံမှု အခွင့်အလမ်း ဆွေးနွေးပွဲတွင် မန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကလည်း ပြောကြားခဲ့ဖူးသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading