မြန်မာ့ရိုးရာချည်ထည်များကို သမရိုးကျထက် ဆန်းသစ်သော စိတ်ကူးနှင့် ဒီဇိုင်းထုတ်လုပ် မည်ဆို ပါက နိုင်ငံတကာ ဈေးကွက်တွင် ဈေးကောင်းရနိုင်မည့် အလားအလာများစွာ ရှိကြောင်း အင်္ဂလန်နိုင်ငံ ပလိုင်းမောက် ကောလိပ်မှ ဒီဇိုင်းပညာရှင် မစ္စတာ ပေါလ်က ပြောသည်။
“ရိုးရာအငွေ့အသက်ပါတဲ့ မြန်မာ့ချည်ထည်တွေကို အရောင်၊ ဒီဇိုင်း တွေဆန်းသစ်တီထွင်ပြီး အရည် အသွေး တွေကောင်းကောင်းနဲ့ ထုတ်လုပ်နိုင်မယ်ဆိုရင် နိုင်ငံတကာဈေးကွက်ကို ထိုးဖောက် လှုံဆော် ပေးနိုင်မှာ အသေအချာပါပဲ” ဟု ၎င်းက ဆိုသည်။
မန္တလေးတိုင်း အမရပူရမြို့ ဆောင်းဒါးရက်ကန်းကျောင်း၌ ဇန်နဝါရီ ၁၁ ရက်မှ ၂၁ ရက်အထိပြုလုပ် နေ သည့် အထည်အလိပ် ဒီဇိုင်း တီထွင်ဖန်တီးခြင်းနှင့် သင်ကြားရေးနည်းလမ်းများ အလုပ်ရုံဆွေး နွေးပွဲတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာ့ချည်ထည်များကို အရည်အသွေး၊ ဒီဇိုင်းမြှင့်တင်ခြင်းအပါအဝင် ဈေးကွက်နှင့် ပတ်သက်၍ “အဲဒီလိုထုတ်ကုန်တွေက ပိုက်ဆံသုံးနိုင်တဲ့သူတွေရဲ့ လက်ထဲကို ရောက်နိုင်အောင်လုပ်ရမယ်။ အဲဒီလိုလုပ်လာရင် ဈေးကွက် သေးငယ်ပေမဲ့ တန်ဖိုးက မြင့်သွားတဲ့အတွက် တခြားဈေးကွက်တွေ၊ ထုတ်ကုန်တွေနဲ့လည်း ယှဉ်စရာမလိုတော့သလို အခွင့်အလမ်းတွေလဲ ပိုရလာနိုင်မယ်” ဟု ၎င်းက ပြောသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီး ဌာနနှင့် ဗြိတိသျှ ကောင်စီ၊ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံး၊ Swiss Agency for Development and Cooperation, Embassy of Switzerland တို့ ပူးပေါင်းကာ မြန်မာ့ လက်ရက်ကန်းကဏ္ဍ ပိုမိုအား ကောင်း လာစေရန် ရည်ရွယ်၍ ၃နှစ် စီမံကိန်းဖြင့် “လက်ခတ်သံ”ဟု အမည်ပေးထားသည့် အစီအစဉ်ကို ပြီးခဲ့သည့် နှစ်မှ စတင်ကာ အကောင်အထည်ဖော် နေခြင်းဖြစ်သည်။
ယခု အမရပူရမြို့ ဆောင်းဒါးရက်ကန်းကျောင်းတွင် ပြုလုပ်သည့် ဆွေးနွေးပွဲသည် ယင်း လက်ခတ်သံ စီမံကိန်း၏ အစိတ်အပိုင်းတခုဖြစ်သည်။
လက်ခတ်သံ စီမံကိန်း မန်နေဂျာ မနေခြည်သွင် ကလည်း“ဒီအလုပ်ရုံဆွေးနွေးပွဲက တခါတည်း ကျင်းပ လို့ ပြီးသွားမဲ့ဟာမျိုးမဟုတ်ပါဘူး။ ဈေးကွက်မှာ မြန်မာ့ချည်ထည်နဲ့ ပတ်သက်လာရင် အရည်အသွေး မမှီဘူး။ အရောင်ခိုင်ခန့်မှု အားနည်းတယ် ဆိုတာလေးတွေက အများဆုံး ကြားရပါတယ်။ အဲဒါတွေကို ပိုကောင်း မွန်တိုးတက်လာအောင် လုပ်နိုင်ဖို့ ၊ ပိုခိုင်မာတဲ့ဈေးကွက်ရလာဖို့ ရည်ရွယ်တာပါ” ဟု ဧရာဝတီကို ပြော သည်။
မြန်မာ့ရိုးရာချည်ထည်များကို သမရိုးကျ အဝတ်အထည်များ အပြင် ဆန်းသစ်သည့် အိုင်ဒီယာများနှင့် ပေါင်းစပ်ကာ အသုံးအဆောင် ပစ္စည်းများ တီထွင်ထုတ်လုပ်လာနိုင်ရန်၊ ရက်ကန်းပညာ သင်ကြားရေး နည်းစနစ်များ၊ ဗဟုသုတများ ပိုတိုးလာစေရန်ဖြစ်သည်ဟုဆိုသည်။
ရိုးရာချည်ထည်များ ရက်လုပ်ခြင်းကို ဒီဇိုင်းဆန်းသစ်မှု၊ ဆေးသားကောင်းမွန်မှု လိုနေပြီဖြစ်သကဲ့သို့ ရိုးရာ မဟုတ်သည့် အထည်များ ထုတ်လုပ်ရာတွင်လည်း အဆင့်မြင့် စက်များ လိုအပ်သလို ကုန်ကြမ်း ဖြစ်သည့် ချည်လည်း သေချာကောင်းမွန်အောင် ရရှိဖို့ လိုကြောင်း ဆောင်းဒါးရက်ကန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးဒေါ်တင့်တင့်က ပြောသည်။
“ဒေသတွင်းဝတ်နေတဲ့ ရိုးရာအထည်တွေကိုတော့ လက်ရှိ စက်တွေနဲ့ ထုတ်နိုင်တဲ့အတွက် အဆင်ပြေ တယ်လို့ ပြောနိုင်တယ်။ အခုလောလောဆယ်မှာတော့ တရုတ်က ဝင်လာတဲ့ အထည်တွေကို သူတို့ ဈေးကွက်နဲ့ အပြိုင် သွင်းကုန်အစားထိုးထုတ်နိုင်ဖို့ကတော့ နည်းနည်း အချိန်ယူရမယ်”ဟု ၎င်းကဆိုသည်။
လက်ရှိ မြန်မာအဝတ်အထည် ဈေးကွက်တွင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ အဝတ်အထည်အပါအဝင် ချည်နှင့် ဆိုးဆေးကိုပါ တင်သွင်းနေရပြီး၊ မကြာသေးမီက အမျိုးသားများ ဝတ်ဆင်သည့် ပုဆိုးများပင် တရုတ်နိုင်ငံတွင် ရက်လုပ်ကာ မြန်မာ့ဈေးကွက်သို့ တင်းသွင်းမှုများ ပြုလုပ် နေသည့် သတင်းများ မကြာသေးမီက ထွက်ပေါ်ခဲ့သည်။
အလားတူ အမျိုးသမီးဝတ် အထည်အလိပ်ဈေးကွက်တွင် ထိုင်းနိုင်ငံမှ ထုတ်လုပ်သည့် ရိုးရာချည်ထည် လုံခြည်များက ထိုးဖောက်ဝင်ရောက်နေရာယူလျှက်ရှိသည်။
အမရပူရမြို့နယ် မြန်မာ့ရိုးရာချည်ထည်လက်လီလက်ကားရောင်းချနေသည့် “အုန်းသစ္စာ” ချည်ထည် စက်ရုံပိုင်ရှင် မထက်ဝေထွန်းက “ပြည်တွင်းမှာ ရိုးရာချည်ထည်ကို ဒီဇိုင်းဆန်းသစ်ပြီး ထုတ်လည်း ဘယ်သူ မှ မမက်ကြဘူးလေ။ နိုင်ငံခြားသားတွေပဲ မက်တာ။ အဲဒီတော့ အဲဒီဈေးကွက်က ရှိတော့ရှိတယ်။ ဒီက လုပ်ငန်းရှင် အများစုက သိပ်မလုပ်ဖြစ်ကြဘူး၊ ပြည်တွင်းဈေးကွက်ရဲ့ လိုလားချက်ကိုပဲ အဓိက အားပြု ရောင်းနေတဲ့သဘောလည်းပါတာပေါ့” ဟု ပြောသည်။
လက်ရှိ ပြည်တွင်းဈေးကွက်တွင် ၅ထောင်ကျပ်နှင့် ၁သောင်းကျပ်ဝန်းကျင်ရှိ ရိုးရာချည် အဝတ် အထည်များ အများဆုံးရောင်းရပြီး ထိုင်း၊ တရုတ်တို့မှ ချည်ထည်များ လည်းဝင်ရောက်လျက်ရှိရာ ၎င်းအထည်များသည် ဈေးသက်သာပြီး အရည်အသွေးပိုကောင်းသည့်အတွက် မြန်မာ့ရိုးရာ ချည်ထည်များအနေဖြင့် ထိုသို့ ဆောင်ရွက်နိုင်ရန် နည်းပညာ လိုအပ်ချက်ရှိနေသေးသည်ဟု ၎င်းက ဆိုသည်။