ရန်ကုန်မြို့၏ ၂၄ ဆိုင်မြောက် City Mart စူပါမားကက်ဆိုင်ခွဲကို အလုံမြို့နယ်တွင် ဇန်နဝါရီလ ၁၉ ရက်၌ စတင် ဖွင့်လှစ် လိုက်ကြောင်း City Mart Holding Co.Ltd မှ သိရသည်။
City Mart စူပါမားကတ် Marketing Manager ဦးပြေငြိမ်းလူက“ဗဟိုအမျိုးသမီးဆေးရုံရှေ့ မင်းရဲကျော်စွာ လမ်းထဲမှာ ဒီနေ့မှာ စတင်ဖွင့်လှစ်တာ ဖြစ်ပါတယ်။ ကျနော်တို့က ဒီစူပါမားကက် အပါအဝင် မကြာခင်မှာ Season နဲ့ YKKO ကြေးအိုး ဆိုင်ခွဲတို့ကိုလည်း ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ အလုံမြို့နယ်မှာတော့ ဒါက ပထမဆုံး ဖွင့်တာပါ”ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာပြည်သူ လူထု၏ လိုအပ်ချက်များကို ပိုမို ဖြည့်ဆည်းပေးနိုင်ရန် အတွက် ဆိုင်ခွဲများ တိုးချဲ့ဖွင့်လှစ်ခြင်း ဖြစ်ပြီး လက်ရှိ တွင် ရန်ကုန်မြို့တွင် City Mart စူပါမားကက် ဆိုင်ခွဲ ၂၄ ဆိုင်နှင့် မန္တလေးမြို့တွင် ၁ ဆိုင် ရှိကြောင်း ၎င်းက ပြောပြသည်။
ဆက်လက်၍ ၎င်းက “နောက်ပိုင်းမှာလည်း ဆိုင်ခွဲတွေ ဖွင့်သွားဖို့ရှိပါတယ်။ ဒီနှစ်ထဲမှာ အစီစဉ်သစ်တွေ ချပြဖို့ ရှိပါတယ်။ ဥပမာ ကျနော်တို့ အွန်လိုင်းကနေ e-commerce ဟာမျိုး အစီစဉ်လည်း ချပြဖို့ ရှိပါတယ်” ဟုလည်း ပြောသည်။
ဆိုင်ခွဲသစ်တွင် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ၊ အလှအပရေးရာ ဆေးပစ္စည်းများ ရောင်းချသော City Care Health and Beauty Store၊ Coffee နှင့် ပေါင်မုန့်များကို နေ့စဉ်လတ်ဆတ်စွာ ရောင်းချပေးမည့် ဆိုင်များ၊ စားသောက်ဆိုင်များ ပါဝင် မည် ဖြစ်ပြီး ဆိုင်ဖွင့် အထိမ်းအမှတ် အနေဖြင့် ဈေးဝယ်သူများ အတွက် New Store Opening Center Wide Promotion ကို ဇန်နဝါရီလ ၁၉ ရက်မှ ၃၁ ရက် အထိ သတ်မှတ်၍ ကျပ် ၃ သောင်းဖိုးနှင့် အထက် ဝယ်ယူသူတိုင်းကို ဗလာမပါ ကံစမ်း ခွင့် ၁ ကြိမ်နှင့် ကျပ် ၁ သောင်းတန် ဈေးဝယ်ခွင့် လက်မှတ်များ၊ အမှတ်တရ လက်ဆောင်ပစ္စည်းများ နှင့် ကူပွန်များ ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ထို့အပြင် ဇန်နဝါရီလ ၁၉ ရက်မှ ၂၁ ရက်တွင် လည်းကောင်း၊ ဇန်နဝါရီလ ၂၆ ရက်မှ ၂၈ ရက်တွင် လည်းကောင်း ၂ ကြိမ် တိတိ 3 Days Only Promotion အစီအစဉ်အဖြစ် အထူးဈေးနူန်းများဖြင့် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း မန်နေဂျာ ဦးပြေငြိမ်းလူက ပြောသည်။
City Mart ကို ၁၉၉၆ ခုနှစ်မှ စတင်၍ အောင်ဆန်းကွင်း ဆိုင်ခွဲအနေနှင့် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံ လက်လီ ဈေးကွက် (Retail Market) တွင် ထိပ်ဆုံးမှ ရပ်တည်လျက် ရှိနေသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း၌ City Mart ဆိုင်ခွဲ ၂ ခု ဖွင့်လှစ်ခဲ့ပြီး တနှစ်လျှင် ပျမ်းမျှ ဆိုင်ခွဲ ၂ ခု၊ ၃ ခု ခန့် ဖွင့်လှစ် လေ့ ရှိကြောင်း City Mart မှ သိရသည်။