စီးပွားရေး

ရေချိုငါး မွေးမြူရေး သုတေသနနှင့် တိုးချဲ့ ပညာပေးရေး ဗဟိုဌာန စတင် ဖွင့်လှစ်

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၌ ပထမဆုံး ဖွင့်လှစ်လိုက်သော ရေချိုငါး မွေးမြူရေး သုတေသနနှင့် တိုးချဲ့ပညာပေးရေး ဗဟိုဌာန(Freshwater Aquaculture Research and Extension Center)မှ ရေချိုငါး မွေးမြူရေး နည်းပညာများကို ကျေးလက်နေ ငါးမွေးတောင်သူများအား ဖြန့်ဝေသွားမည်ဟု စိုက်ပျိုးရေး၊ မွေးမြူးရေနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောသည်။

“အဆင့်မြှင့် ရေချိုငါး မွေးမြူရေး နည်းပညာသင်တန်းကို ဇန်နဝါရီ ၈ရက်ကစပြီး ဖေဖော်ဝါရီ ၂၂ ရက်အထိ သင်တန်းသား ၃၅ ဦးနဲ့ ဖွင့်လှစ်သင်ကြားပေးနေပါတယ်။ ဒီလိုသင်တန်းတွေကနေ လူသားအရင်းအမြစ်တွေ မွေးထုတ်နိုင်မယ့်အပြင် ကျေးလက်နေ ငါးမွေးတောင်သူတွေအတွက် ဒေသနဲ့ သင့်တော်တဲ့ နည်းပညာတွေကိုပါ ဖြန့်ဝေပေးနိုင်ရေးအထိကို ဆက်လက်လုပ် ဆောင်သွားမယ်”ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ပြောသည်။

ယင်းဗဟိုဌာနကို မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်သရက်ကုန်းငါးလုပ်ငန်းစခန်းတွင် တည်ဆောက်ခဲ့ပြီး ကိုရီးယားနိုင်ငံမှ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ စိုက်ပျိုးရေး၊မွေးမြူးရေနှင့်ဆည်မြောင်ဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦး စီးဌာနနှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA)တို့ ရေချိုငါးမွေးမြူရေးသုတေသန နှင့် တိုးချဲ့ပညာပေးရေး ဗဟိုဌာန လွှဲပြောင်းပေးအပ်ပွဲကို ဇန်နဝါရီ ၁၉ ရက်က ပြုလုပ်ခဲ့သည်။

“စီမံကိန်းကာလက ၂၀၁၄ကနေ ၂၀၁၆အထိ သတ်မှတ်ထားပေမယ့် ဒီနှစ် ဒီဇင်ဘာကုန်အထိ စီမံကိန်းသက်တမ်း ၂နှစ် တိုးမြှင့်ထားတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ငါးမွေးမြူရေး ကဏ္ဍရေရှည်ဖွံ့ဖြိုးရေးနဲ့ ငါးမွေးမြူရေး ကဏ္ဍကနေ ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အကူအညီပေးနိုင်ဖို့အတွက်ပါပဲ”ဟု ဒေါက်တာအောင်သူက ပြောသည်။

အဆိုပါဌာနကို ရေချိုငါးမွေးမြူရေးနည်းပညာများ တိုးတက်ကောင်းမွန်ပြီး ရေချိုငါးမွေးမြူရေးလုပ်ငန်းတိုးတက်လာစေရန်၊ ရေချိုငါးမွေးမြူရေး နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အခြေခံအုတ်မြစ် ထူထောင်ပေးခြင်း၊ နည်းပညာများဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် နည်းပညာဖြန့်ဝေပေးခြင်းများအတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်။

“ငါးလုပ်ငန်းဦးစီးဌာနရဲ့ပထမဦးဆုံး နိုင်ငံတကာမှ ထောက်ပံ့လှူတန်းတဲ့ စီမံကိန်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရဲ့ တခုတည်း သော ရေချိုငါးမွေးမြူရေးသုတေသနနှင့် တိုးချဲ့ပညာပေးဗဟိုဌာနဖြစ်ပါတယ်။ မြန်မာ့ပတ်ဝန်းကျင်နဲ့ သင့်တော်တဲ့ ငါးမွေးမြူရေးစနစ် တရပ်ပေါ်ထွန်းလာစေဖို့နဲ့ ရေချိုငါး မွေးမြူရေး လုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေး လုပ်ဆောင်သွားမယ်”ဟု ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်က ပြောသည်။

ယင်းဌာနတွင် သုတေသနစမ်းသပ်မှုများအဖြစ် ဓာတုဓာတ်ခွဲခန်းအတွင်း၌ ရေချိုငါးမျိုးစိတ်များအား အဏုကြည့် စစ်ဆေး ခြင်း၊ ခွဲစိတ်ခြင်း၊ တိုင်းတာခြင်းများနှင့်အတူ မွေးမြူစမ်းသပ်မှုများအဖြစ် ငါးဆေးထိုးခြင်း၊ ဥမှအကောင်ဖောက်ခြင်း၊ သား ဖောက်ထုတ်လုပ်ခြင်းတို့အတွက် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် ထိန်းချုပ်ဆောင်ရွက်ခြင်းများအပြင် မွေးမြူနည်း လုပ်ငန်းစဉ်များကို သရုပ်ပြခြင်းနှင့် တိုးချဲ့ပညာပေးခြင်းများအား ပြုလုပ်သွားမည်ဟု သိရသည်။

အဆိုပါဌာနဖြစ်ပေါ်လာစေရန်အတွက် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA)မှ အမေ ရိကန်ဒေါ်လာ ၄ ဒသမ ၄၁ သန်း ကုန်ကျခံပေးသကဲ့သို့ ငါးလုပ်ငန်းဦးစီးဌာနမှ မြန်မာကျပ်ငွေ ၂၆၃ ဒသမ ၇သန်း ပူးပေါင်းပါဝင် ရင်းနှီးမြုပ်နှံခဲ့ကြခြင်းဖြစ်သည်။

“အခုစီမံကိန်းကို စတင်တဲ့ အချိန်ကတည်းက ငါးလုပ်ငန်းဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်တဲ့ လေ့လာ ရေးအဖွဲ့ဝင် ၁၁ ဦးဟာ ကိုရီးယားနိုင်ငံကို သွားရောက်ပြီးတော့ ရေချိုငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကို ပြီးခဲ့ တဲ့နှစ် အောက်တိုဘာလထဲမှာ တက်ရောက်ခဲ့ကြပါတယ်၊ အခုဗဟိုဌာနမှာ အဲဒီခရီးစဉ်မှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေကိုပဲ တာဝန်ပေးအပ်ထားပါတယ်”ဟု ဦးခင်မောင်မော်က ဆက်လက် ပြောသည်။

မြန်မာ့ပတ်ဝန်းကျင်အတွက် အသင့်တော်ဆုံးသော ငါးမွေးမြူရေးစနစ်များ ပေါ်ထွန်းလာစေရန်အတွက် သုတေသနများ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ငါးမွေးမြူရေးအခြေခံနည်းပညာများကို ပံ့ပိုးကူးညီပေးသွား မည်ဖြစ်ကြောင်း သိရသည်။

“သူများနိုင်ငံတွေမှာ ငါးနဲ့ပတ်သက်လို့ ဘာသာရပ်တစ်ခုအနေနဲ့ သင်တန်းတွေပေးနေချိန်မှာ ကျနော်တို့က အခုမှ ရေချို ငါးမွေမြူုရေးနဲ့ပတ်သက်ပြီး သုတေသနပဲ လုပ်နိုင်ပါသေးတယ်။ ဒါဘာလဲဆိုရင် နည်းပညာရော ဓနအင်အားပါ ကွာခြား ချက်တွေကြောင့်ဖြစ်နေတာပါ။ လူတွေရှိနေသ၍တော့ သားငါးစားသုံးမှုတွေရှိနေမှာပါ။ အဲဒီကနေတဆင့် တိုးချဲ့ပညာပေး ရေးတွေပါ လုပ်ဆောင်ပေးတာက လူ့စွမ်းအားအရင်းမြစ်တွေအတွက်ပါ အလွန်ကောင်းမွန်ပါတယ်”ဟု မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ရေချိုငါး မွေးမြူရေး သုတေသနနှင့် တိုးချဲ့ပညာပေးရေး ဗဟိုဌာန အောင်မြင်စွာ ရပ်တည်နိုင်စေရန် ကိုရီးယားနိုင်ငံမှ နည်းပညာအကြံပေးပညာရှင်တဦးက တနှစ်တိတိ အကူအညီပေးသွားမည်ဖြစ်သလို ရေချိုငါးမွေးမြူရေး ထုတ်လုပ်နိုင် စွမ်းများ တိုးတက်ကောင်းမွန်လာရေးအတွက် အဆင့်မြှင့်ရေချိုငါးမွေးမြူရေးနည်းပညာသင်တန်းများကို ဖွင့်လှစ်ပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဗဟိုဌာနလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကိုရီးယားနိုင်ငံသံအမတ်ကြီး၊ ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA)မှ တာဝန်ရှိသူများ၊ ကိုရီယားနိုင်ငံ National Institute of Fisheries Science မှ ပညာရှင်များနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ရေချိုငါး မွေးမြူရေး သုတေသနနှင့် တိုးချဲ့ပညာပေးရေး ဗဟိုဌာန တည်ဆောက်နိုင်ရန်အတွက် နားလည်မှုစာချွန်လွှာ ရေးထိုးခြင်းကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က ငါးလုပ်ငန်းဦးစီးဌာနနှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ (KOICA)တို့ ရေးထိုးခဲ့ကြပြီး ၂၀၁၆ခုနှစ် သြဂုတ် ၂၆ ရက်နေ့က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၁၇ခုနှစ် ဒီဇင်ဘာလတွင် အပြီးတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading