စီးပွားရေး

Yangon Water Bus ခရီးစဉ်သစ် ၂ ခု ဧပြီလ မတိုင်ခင် တိုးချဲ့ ပြေးဆွဲမည်

Want create site? Find Free WordPress Themes and plugins.

Yangon Water Bus လမ်းကြောင်းသစ်များ ဖြစ်သော ဗိုလ်တထောင်- စတားစီးတီး (သန်လျင်) နှင့် ဗိုလ်တထောင်-ညောင်တန်း ခရီးစဉ်သစ် ၂ ခုကို ဧပြီလတိုင်ခင် တိုးချဲ့ ပြေးဆွဲသွားမည် ဖြစ်ကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီမှ သိရသည်။

တင့်တင့်မြန်မာ ကုမ္ပဏီ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က“ပထမဆုံး အနေနှင့် စတားစီးတီး ဘက်မှာ လူ ၁၈၀ ၊ ၂၀၀ ဆန့်တဲ့ သင်္ဘော ၄ စီးနဲ့ ပြေးဆွဲမယ်။ ငမိုးရိပ်ချောင်း ထဲမှာ လိုပေါ့၊ စပိဘုတ်နဲ့ ၆၀ ကနေ ၉၀ ဆန့်တဲ့ သင်္ဘောမျိုး ၆ စီးလောက်နဲ့ ညောင်တန်း ဘက်ကို ပြေးဆွဲမယ်။ ပြည်သူတွေရဲ့ တောင်းဆိုမှုပေါ် မူတည်ပြီးတော့ တောက်လျှောက် တိုးချဲ့သွားမှာ ဖြစ် တယ်။ ဆိပ်ခံ တံတားတွေကို ပြီးစီးအောင် တည်ဆောက်ပြီးတော့ အစီးရေ တိုးချဲ့ပြေးဆွဲမှာ ဖြစ်ပါတယ်။ မိုးမကျခင် ဧပြီလ မှာ ဆိပ်ခံတွေ အပြီးဆောက်မယ်။ အခု သင်္ဘောတွေ ဆောက်နေတာက ၆၀ ရာခိုင်နူန်း ပြီးသွားပြီ ဖြစ်တယ်”ဟု ပြောပြ သည်။

အဆိုပါ လမ်းကြောင်းသစ်များ ပြေးဆွဲနိုင်ရန် အတွက် ဗိုလ်တထောင်- ငမိုးရိပ်ချောင်း တလျေှက် ညောင်တန်း အထိ မှတ်တိုင် ၁၁ ခုနှင့် ဗိုလ်တထောင်- စတားစီးတီး (သန်လျင်)အထိ မှတ်တိုင်ပေါင်း ၄ ခု လောလောဆယ် သတ်မှတ်ပြီး ဆာဗေးကောက်ယူ ထားကြောင်းလည်း ၎င်းက ပြောသည်။

ဆက်လက်၍ ၎င်းက“သန်လျင် ဘက်ကတော့ နည်းနည်း ခရီးတိုတယ်။ ဒါပေမယ့် ပင်လယ်နဲ့နီးတဲ့ အတွက် အန္တရာယ်များ တယ်။ သင်္ဘောရဲ့ လုံခြုံစိတ်ချရမှု အပိုင်းကို ပိုပြီး ဂရုစိုက်ရမယ်။ အဓိက မိုးတွင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက် ဆိုးကျိုးတွေကို ကြိုစီစဉ်ထားပါတယ်။ ကျမတို့ အခုပြေးဆွဲတဲ့ အတွေ့အကြုံ အရတော့ ထူးထူးခြားခြား အန္တရာယ်ဖြစ်တာ မရှိဘူး” ဟု ပြောဆိုသည်။
လက်ရှိတွင် ဗိုလ်တထောင်- အင်းစိန် လမ်းကြောင်း တကြောင်းတည်းကိုသာ မှတ်တိုင် ၈ ခု သတ်မှတ် ပြေးဆွဲလျက်ရှိ သည်။

ယင်းလမ်းကြောင်းတွင် သင်္ဘော အစီးရေ ၈ စီးနှင့် နေ့စဉ်ခရီးသည် ဦးရေ ၃ ထောင်မှ ၅ ထောင်ဝန်းကျင် စီးနင်းလျက်ရှိပြီး ရုံး ပိတ်ရက်ဖြစ်သည့် စနေနှင့် တနင်္ဂနွေနေ့များ၌ Yangon Water Bus စီးနင်းမှု ပိုများကြောင်း ယင်းကုမ္ပဏီမှ သိရသည်။

တင့်တင့်မြန်မာ ကုမ္ပဏီမှ Yangon Water Bus ပရော့ဂျက် မန်နေဂျာ ဖြစ်သူက “မှတ်တိုင် နာမည်ကတော့ အတိအကျ မဖြစ်သေးတော့ ပြောလို့မရသေးဘူး။ လျာထားတုန်းပဲ ရှိသေးတယ်။ ဥပမာ ဆိုပါတော့ ပုဇွန်တောင် ကြက်၊ ဘဲ ဈေးနား မှာ ပေါ့ အနီးစပ်ဆုံး လူအများစီးမယ့် နေရာမှာ မှတ်တိုင်ထားဖို့ လျာထားတာပဲ ရှိသေးတယ်။ မှတ်တိုင် အတိအကျတော့ ပြော လို့ အခုမရသေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။

သင်္ဘောများကို သယ်ဆောင်ရ လွယ်ကူစေရန် ပြည်တွင်း၌သာ စင်ကာပူနိုင်ငံသား ပညာရှင်များနှင့် တည်ဆောက်နေသည့် အပြင် အိမ်နီးချင်း ထိုင်းနိုင်ငံ၌လည်း သင်္ဘောများကို ပညာရှင်များနှင့် ချိတ်ဆက် တည်ဆောက် နေကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီမှ သိရသည်။

ရန်ကုန်မြို့တော် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA) နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက YBS ဘတ်စ် ကားနှင့် Water Bus ကြားတွင် ချိတ်ဆက်နိုင်ရန် ကြိုးစားခြင်း၊ YBS ကားနှင့် မီးရထား ချိတ်ဆက်ခြင်း စသည့်တို့ကို တခုနှင့် တခု အချိတ်အဆက်မိစေရန် ဆောင်ရွက်သွားမည်ဟု ဇန်နဝါရီလ ၁၆ ရက်က ရန်ကုန်မြို့ SKY Star ဟိုတယ်တွင် ပြုလုပ်သော YRTA အဖွဲ့နှင့် YBS တနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား၌ ပြောကြား ထားသည်။

“ရထားဘူတာရုံနဲ့ Water Bus နဲ့ ဘတ်စ် ကားနဲ့ ချိတ်ဆက်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံမှာ ဘူတာရုံနဲ့ ဘတ်စ် ကားက အလှမ်းဝေးကွာတယ်။ အခု Water Bus ကဆင်းလာတဲ့ လူဟာ YBS စီးနိုင်ဖို့ အားနည်းပါတယ်။ ဒီအခြေနေက ကျနော်တို့နိုင်ငံကို နှစ်ပေါင်းများစွာ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ခဲ့တာ မဟုတ်တဲ့အတွက် ကျနော်တို့ရဲ့ချိတ်တွဲနိုင်ဖို့ အခြေ အနေ ထဲကနေ အကောင်းဆုံး ဖြစ်နိုင်အောင် ပြင်ဆင်နေတာ ဖြစ်ပါတယ်”ဟုလည်း ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြော သည်။

အင်းစိန်မြို့နယ် ဖော့ကန် ရပ်ကွက်မှ ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်း ဒေါ်စန်းစန်းက”အခုပြေးနေတဲ့ အင်းစိန်-ဗိုလ်တထောင်က သိပ်တော့ အဆင်မပြေသေးဘူး။ အဓိက အခက်အခဲက ဆိပ်ကမ်းတွေ ကောင်းပေမယ့် ကားဂိတ်နဲ့ ဆိပ်ကမ်းက ဝေးတော့ လမ်းစရိတ် ပိုကုန်တယ်။ ပြီးတော့လူပြတ်တော့ ညနေပိုုင်း ရုံးကအပြန် စီးမယ်ဆို အဆင်မပြေဘူး။ ပြေးဆွဲချိန်လဲ သိပ်မမှန် သေးဘူး။ ဆိပ်ကမ်းနဲ့ ကားဂိတ်နဲ့ ဝေးတာ ပိုဆိုးတယ်။ ဒါတွေအဆင်ပြေမယ် ဆိုရင်တော့ Water Bus က စီးရအဆင်ပြေ မှာ”ဟု ဧရာဝတီသို့ ပြောသည်။

အသစ်တိုးချဲ့မည့် လမ်းကြောင်းများကိုလည်း ယာဉ်စီးခ အနေနှင့် ယခုသတ်မှတ်ထားသည့် အတိုင်း ကျပ် ၃၀၀ နှင့်သာ ပြေးဆွဲပေးသွားမည် ဖြစ်ပြီး နောက်ပိုင်းတွင် လူဦးရေ ထူထပ်သည့် နေရာများတွင် သင်္ဘာများ တိုးချဲ့ပြေးဆွဲခြင်း၊ ပြေးဆွဲ နေသော မြစ်၏ ကမ်း ၂ ဖက်လုံးတွင် Yangon Water Bus များ ဆိုက်ကပ်နိုင်သည်အထိ လုပ်ဆောင်ခြင်းနှင့် ရန်ကုန်မြို့ သစ် ချဲ့ထွင်မည့် နေရာများ၌လည်း ဆိပ်ကမ်းများ တိုးချဲ့ တည်ဆောက်သွားရန် အတွက် စီစဉ်မှုများ ပြုလုပ်ရန်ရှိကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီက ဆိုသည်။

Yangon Water Bus ပြေးရာတွင် တနှစ်အတွင်း လက်မှတ်ပေါင်း ၁၀ မီလီယံအထိ ရောင်းချရန်လည်း မျှော်မှန်း ထားကြောင်း တင့်တင့်မြန်မာကုမ္ပဏီမှ ဥက္ကဌ ဒေါ်တင့်တင့်လွင်က ပြောဆိုထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading