စီးပွားရေး

တရုတ်နဲ့ ဗီယက်နမ်ကို မှီရင်း အားယူရတဲ့ လာအို

Want create site? Find Free WordPress Themes and plugins.

လူဦးရေ ၆.၇ သန်း ရှိပြီး ကုန်းတွင်းပိတ် နိုင်ငံတခု ဖြစ်သည့် လာအိုနိုင်ငံသည် တခါတရံတွင် တရုတ်နယ်ချဲ့ဝါဒ၏ သားကောင် အဖြစ်၊ အိမ်နီးချင်း မဟာအင်အားကြီးနိုင်ငံက အငမ်းမရ လိုချင်နေသည့် ကုန်ကြမ်းပစ္စည်းကြွယ်ဝသည့် အရင်းအမြစ်တခုအဖြစ်နှင့် ထိုင်းနိုင်ငံနှင့် အရှေ့တောင်အာရှမှ အခြားသောချမ်းသာသည့်နိုင်ငံများသို့ သွားရာလမ်းပေါ်မှ ခရီး တထောက်အဖြစ် အသုံးတော်ခံရလေ့ရှိသည်။

၄၁၄ ကီလိုမီတာ ရှည်လျားသည့် ကူမင်း-ဗီယန်ကျင်း ရထားလမ်းဖောက်လုပ်ရန် စီစဉ်ထားခြင်းနှင့်အတူ ယခုအခါ တရုတ်နိုင်ငံက လာအိုနိုင်ငံတောင်ပိုင်း ဘိုလဗန် Bolaven ကုန်းမြင့်ဒေသတွင် အဓိက စီးပွားရေးဇုန်တခု တည်ထောင်မည့် စီမံကိန်း များဖြင့် ဗီယက်နမ် အစိုးရကို စိတ်အနှောင့်အယှက်ပေးရန် ရည်ရွယ်ထားသည့် အသွင်ရှိသည်။ ဘိုလဗန် ကုန်းမြင့် ဒေသသည် မဲခေါင်မြစ်နှင့် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ကုန်းမြင့်ဒေသများကြားရှိ ချမ်ပါစပ် Champasak ပြည်နယ် တောင်ပိုင်းဒေသ၏ အများစုဖြစ်သည်။

သို့သော်လည်း ရထားလမ်း စီမံကိန်းကဲ့သို့ မဟုတ်ဘဲ ဟောင်ကောင်ကျွန်း၏ အရွယ်အစား ၅ ဆ ခန့်ရှိသောဒေသကို စက်မှုလယ်ယာ စနစ်နှင့် ခရီးသွားလုပ်ငန်းတို့ ပါဝင်သော အံ့သြလောက်စရာ အစိမ်းရောင်နယ်မြေ အဖြစ် ပြောင်းလဲမည့် အစီအစဉ်က ကူကယ်ရာမဲ့သော လာအိုနိုင်ငံသည် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု ခံလိုက်ရသည်ဟု အများစုက ထင်မြင်နေ ကြ ခြင်းသည် အထင်မှားခြင်းသာ ဖြစ်ကြောင်း ကောင်းစွာ သရုပ်ဖော်ပြနိုင်လိမ့်မည် ဖြစ်သည်။

လာအိုနိုင်ငံနှင့် ၎င်း၏ ပြည်နယ်များ

ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ကြားမှ ကျဉ်းမြောင်းသော လာအိုနိုင်ငံတောင်ပိုင်းရှိ မီတာ ၁၀၀၀ မြင့်သောကုန်းမြင့်ဒေ သသည် အေးမြသော ရာသီဥတု၊ မီးတောင်ပြာများဖြင့် မြေဆီမြေသြဇာကြွယ်ဝခြင်း၊ လှပသော ရေတံခွန်များ နှင့် တနှစ် လျှင် အမေရိကန်ဒေါ်လာ သန်း ၁၂၀ ရသည့် ကော်ဖီလုပ်ငန်းများကြောင့် ဗီယန်ကျင်းမှ အထက်တန်းလွှာများက ထိုမြေများကို တနည်းမဟုတ် တနည်းဖြင့် ပိုင်ဆိုင်ရရှိထားပြီး ဖြစ်သည်။

ရည်ရွယ်ချက်ကြီးမား၍ နိုင်ငံရေးအရ ထိရှလွယ်သော ထိုကဲ့သို့ စီမံကိန်းတရပ်ကို အကောင်အထည်ဖော်ရန် ကြိုးစားရာတွင် လာအိုကွန်မြူနစ် အစိုးရမှာလည်း သူတို့၏ ကိုယ်ပိုင်ဥပဒေများနှင့် ပိတ်မိနေသည်။ လာအိုဥပဒေအရ ရင်းနှီးမြှုပ်နှံသူ တဦး သို့မဟုတ် ဖက်စပ်လုပ်ငန်းတခုကို ဟက်တာ ၁၀၀၀၀ (ဧက ၂၅၀၀၀ နီးပါး) ထက် ပို၍ ခွင့်မပြုပါ။

ထိုအချက်ကို ကုမ္ပဏီခွဲများ အသုံးပြုခြင်းဖြင့် ဖြေရှင်းနိုင်ပါသည်။ သို့သော်လည်း ဝစ်စကွန်ဆင် Wisconsin တက္ကသိုလ်မှ ပါမောက္ခ အီယန်ဘိတ် Ian Baird ထောက်ပြသလိုပင် လူသိနည်းသည့် အမှန်တရားတခုမှာ အုပ်ချုပ်နေသည့် လာအိုပြည်သူ့တော်လှန်ရေးပါတီ (LPRP) က အာဏာအပြည့်အဝရှိသည့် အသွင်ဖြစ်သော်လည်း နောက်ဆုံး ဆုံးဖြတ်ချက်များ ပြုလုပ်သည်မှာ ဒေသဆိုင် ရာ အစိုးရများ ဖြစ်သည်။

“တကယ်လို့ ရင်းနှီးမြှုပ်နှံသူတယောက်က အတိုက်အခံလုပ်လာပြီဆိုရင် ဗဟိုအစိုးရက အမြဲတမ်းနောက်ဆုတ်ပေးလိမ့် မယ်။ ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူတွေက ဒီစီးပွားရေးတွေက နိုင်ငံရေးသြဇာ မပြတဲ့ ဗီယက်နမ်ကို လေးစားတယ်။ တရုတ်ကို မဟုတ်ဘူး” ဟု အီယန်ဘိတ်က ပြောသည်။

၂၀၁၇ ဒီဇင်ဘာ ၂၀ ရက် ဟနွိုင်းရောက် လာအို သမ္မတကို ဗီယက်နမ် သမ္မတနှင့် အတူ မြင်ရစဉ်

လာအိုနိုင်ငံ တောင်ပိုင်းတွင် တရုတ်ရှိနေခြင်းက အသစ်အဆန်းမဟုတ်ပါ။ ဘိုလဗန် ကုန်းမြင့် ဒေသ၏ မြောက်ဘက်မှ အိမ်နီးချင်း ဆဝန်နခတ် Savannakhet ပြည်နယ်တွင် China Minmetals ကုမ္ပဏီက Sepon ကြေးနီမိုင်းကို လုပ်ကိုင်နေဆဲ ဖြစ်သည်။ အဆိုပါ မိုင်းတွင်းကို ၂၀၀၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၄ သန်းဖြင့် ဝယ်ယူခဲခြင်း ဖြစ်ပြီး ရှယ်ယာ အများစုမှာ သြစတြေးလျ နိုင်ငံမှ အကြွေးပြဿနာ ရင်ဆိုင်နေရသော OZ Minerals ကုမ္ပဏီထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း တရုတ်ရင်းနှီးမြှုပ်နှံသူများသည် ရှုံးနိမ့်မှုကို ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။ China Non-ferrous Metals International Mining Co (CNMIM) ဒန်သတ္တု ပြုလုပ်ရာတွင် အသုံးပြုသည့် ဘောက်ဆိုက်(bauxite) ထုတ်လုပ်မည့် အမေရိကန်ဒေါ်လာ ၄ ဘီလီယံတန် စီမံကိန်းကို ချမ်ပါစပ်တွင် အကောင်အထည်ဖော်ရန် ဆွေးနွေးမှုများ မအောင် မြင်ခဲ့သလို လာအို နိုင်ငံ၏ မြို့ တော် ဗီယန်ကျင်းတွင် တည်ဆောက်မည့် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းတခုမှာလည်း အရွယ် အစား သိသိသာသာ လျှော့ချခြင်း ခံခဲ့ရသည်။

ပါမောက္ခ အီယန်ဘိတ်နှင့် International Institute for Asian Studies (IIAS) မှ သုတေသီ ဒန်နီယယ်တန် Danielle Tan တို့က သီးခြားစီ ဖြစ်သော်လည်း လာအို အာဏာပိုင်များက ဗီယက်နမ်နှင့် တရုတ်ကို တိုက်ပေး၍ ကစားနေခြင်း ဖြစ်သည်ဟု သုံးသပ်ရာတွင် တူညီခဲ့ကြသည်။ လာအိုသည် အမှီအခိုကင်းသော နိုင်ငံတခုအဖြစ် ဗီယက်နမ်နိုင်ငံ၏ ရေရှည်အနာဂတ်ကို အလေးထား ပိုင်းဖြတ်ထားသော ဗျူဟာတခု ဖြစ်နိုုင်ပါသည်။

လက်တွေ့တွင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံတန်သော ကူမင်း-ဗီယန်ကျင်း ရထားလမ်းသည်ပင် အလားတူ စီမံကိန်း တခုဖြစ်သည့် ကီလို၂၂၀ ရှည်သော လာအိုနိုင်ငံ ဆဝန်နခတ်မြို့မှ ဗီယက်နမ်နယ်စပ်မြို့ ဖြစ်သည့် လာအိုဘောင်း Lao Bao သို့ ဆက်သွယ်မည့် ရထားလမ်း ကဲ့သို့ပင် လာအို အစိုးရ၏ သဘောတူညီချက် မပါဘဲ အထမမြောက်နိုင်ကြောင်း ခိုင်မာသော ညွှန်ပြချက်များ ရှိနေသည်။

ဆောက်လုပ်ဆဲ တန်းလန်းဖြစ်နေသော ကူမင်း- ဗီယန်ကျန်း တရုတ်အမြန်ရထားလမ်း

မလေးရှားနိုင်ငံမှ Giant Consolidated Ltd က တည်ဆောက်မည် ဖြစ်ပြီး လမ်းကြောင်းနှစ်ခုပါဝင်၍ လျှပ်စစ်ဓာတ်အား အသုံးပြု ပြေးဆွဲမည့် ရထားလမ်းစီမံကိန်းက ယခုအချိန်တွင် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှ ဗီယက်နမ် အလယ်ပိုင်းရှိ တောင်တရုတ်ပင်လယ်မှ ဆိပ်ကမ်းမြို့ဖြစ်သော ဒါနန်း Danang ကြားတွင် ကုန်သွယ်ရေး စင်္ကြန် အဖြစ် အသုံးတော်ခံနေပြီ ဖြစ်သည့် အမှတ်၉ အဝေးပြေးလမ်းမ (Highway 9) ကဲ့သို့ပင် ဖြစ်သည်။

တရုတ်နိုင်ငံ၏ ငွေများကို (လာအိုနိုင်ငံက) ကြိုဆိုကောင်း ကြိုဆိုနိုင်ပါသည်။ သို့သော်လည်း အရာရာတိုင်းတော့ မဖြစ်နိုင် ဟု အီယန်ဘိတ်က ဆိုသည်။ ပို၍ အရေးကြီးသည်မှာ လာအို အစိုးရနှင့် ဗီယက်နမ်တို့ကြားမှ ဆက်နွယ်မှုများ ဖြစ်သည်။ အင်ဒိုချိုင်းနား စစ်ပွဲအတွင်းတွင် ပေါ်ပေါက်ခဲ့သော အဆိုပါ ဆက်နွယ်မှုက ၁၉၇၉ မှ ၁၉၈၉ အတွင်းတွင် လာအိုနိုင်ငံမှ မုန်း Hmong တိုင်းရင်းသားများကြားတွင် အစိုးရကို ဆန့်ကျင်တော်လှန်မှုများ ပေါ်ပေါက်လာရေးအတွက် တရုတ်နိုင်ငံက မီးထိုးပေးခဲ့ခြင်းကို အမှတ်ရစေသည်။

မဲခေါင်မြစ်ကို ဖြတ်ဖောက်ထားသော ထိုင်း-လာအို နယ်စပ်တံတား

၂၀၁၆ ခုနှစ် အစောပိုင်းက ပြုလုပ်ခဲ့သော လာအိုပြည်သူ့တော်လှန်ရေးပါတီ၏ ၁၀ ကြိမ်မြောက်ညီလာခံ၌ ပါတီတွင် အမှတ်စဉ်(၈) နေရာ၌ ရှိသော ဒုတိယ ဝန်ကြီးချုပ် ဆွန်ဆဝပ် လန်ဆဝပ် Somsavat Lengsavad ကို အဖွဲ့ဝင် ၁၁ ဦးပါ နိုင်ငံရေး ဦးဆောင် အဖွဲ့ (ပေါလစ်ဗျူရို)မှ တိတ်တဆိတ် ဖယ်ရှားခဲ့ခြင်းကို တွေ့ရမည် ဖြစ်သည်။ အသက် ၇၂ နှစ် အရွယ် ဆွန်ဆဝပ် လန်ဆဝပ်သည် ချမ်းသာကြွယ်ဝသည့် တရုတ်-လာအို ကပြား စီးပွားရေးလုပ်ငန်း တဦးလည်း ဖြစ်ပြီး လာအိုပြည်သူ့ တော်လှန်ရေး ပါတီ၏ ထိပ်ပိုင်းတွင် နောက်ဆုံးကျန်နေသည့် တရုတ်အစိုးရ သစ္စာခံအဖြစ် သတ်မှတ်ခြင်း ခံရသူလည်း ဖြစ်သည်။

ပါတီ အထွေထွေ အတွင်းရေးမှူး နှင့် သမ္မတ ဖြစ်သည့် ဘောင်နန်းဗိုရာချစ် Bounnhang Vorachith အပါအဝင် ပေါလစ်ဗျူရို အဖွဲ့ဝင် အများစုမှာ ဗီယက်နမ်တွင် လေ့ကျင့်ခဲ့သော စစ်ပြန်များ ဖြစ်ကြသည်။ ယခုအခါ အသက် ၈၀ ရှိပြီ ဖြစ်သော သမ္မတသည် ၁၉၅၂ ခုနှစ်တွင် လာအိုနိုင်ငံ (Pathet Lao) တော်လှန်ရေး လှုပ်ရှားမှုသို့ စတင်ဝင်ရောက်ခဲ့သည်။ နောက်ပိုင်းတွင် နိုင်ငံရေး အရာရှိချုပ် ဖြစ်လာပြီး ထို့နောက် သူ၏ ဇာတိဖြစ်သော ဆဝန်နခတ် ပြည်နယ် အုပ်ချုပ်ရေး မှူးဖြစ်လာသည်။

မှတ်သားဖွယ်ရာ ခြွင်းချက်တခုမှာ ရေပန်းစားသည့် ဝန်ကြီးချုပ် ထုံလောင်းစီဆိုလစ် Thongloun Sisoulith (အသက် ၇၂ နှစ်)မှာ အစိုးရအဖွဲ့ သို့ရောက်မလာမီက ယခင် ဆိုဗီယက်ပြည်ထောင်စုနှင့် ဗီယက်နမ်တို့တွင် ပညာသင်ကြားခဲ့သူ ဖြစ်သည်။ စီမံကိန်းဝန်ကြီး၊ ဒုတိယ ဝန်ကြီးချုပ် တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၂၀၀၀ နှစ်များ အစောပိုင်းတွင် နိုင်ငံခြားရေး ဝန်ကြီး တာဝန်ယူခဲ့သည်။

ယနေ့အချိန်မှာပင်လျှင် လာအို အစိုးရတာဝန်ရှိသူများက ဗီယက်နမ်တွင် ပညာသင်နေကြဆဲ ဖြစ်သည်။ တရုတ်နိုင်ငံတွင် မဟုတ်ပါ။ ထို့ကြောင့် ဗီယက်နမ်များက လာအို ကျေးလက်တွင် ပို၍ သြဇာလွှမ်းမိုးသည်ဟု ဆိုနိုင်ပါသည်။ ပြည်နယ် အစိုး ရများ၊ ဒေသခံရွာသားများ နှင့် ဆက်ဆံရာတွင် နိုင်ငံရေးအရ ရော ယဉ်ကျေးမှုအရပါ တရုတ်နိုင်ငံထက်သာလွန်သည်ဟု ယူဆနိုင်ပါသည်။

ဘဏ္ဍာရေး အခက်အခဲတခုကြောင့် ယခုအချိန်အထိ ရပ်တန့်နေသော ဘိုလဗန် Bolaven စီမံကိန်းတွင် တရုတ်နိုင်ငံ၏ ပါဝင်ပတ်သက်မှုကို မကြာသေးမီက ထုတ်ပြန်ခဲ့သော တရုတ် သတင်းထုတ်ပြန်ချက်တခုတွင် “တရုတ်-လာအို ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ခြေလှမ်းသစ်တခု” ဟု တခန်းတနား ဖွင့်ဆိုထားခြင်းအပေါ် ပြိုင်ဖက် ဗီယက်နမ် အစိုးရက ကျေနပ် နှစ်သိမ့်မည် မဟုတ်ပါ။

တရုတ်နိုင်ငံမှ Guangcai Investment Group ဦးဆောင်၍ ၁၉၉၅ ခုနှစ်တွင် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များက “ဆင်းရဲ နွမ်းပါးမှု တိုက်ဖျက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးတွင် ပါဝင်ကူညီရေး” အတွက် လူမှုစီးပွား အစီအစဉ်တခုကို ဖန်တီးခဲ့သည်။ တနည်းဆိုရသော် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအပေါ် ပျော်ရွှင် ကျေနပ်ကြရန် ဖြစ်သည်။

စီမံကိန်းတွင် Guangcai Investment Group ၏ စီးပွားဖက်များမှာ တရုတ်အစိုးရပိုင် China Communications Construction နှင့် China Construction Engineering၊ China Development Bank၊ Ex-Im Bank of China နှင့် ဟောင်ကောင် အခြေစိုက် xy Financial Holdings တို့ဖြစ်သည်။

ယခုအချိန်အထိ တရုတ်ရွှေ့ပြောင်းဝင်ရောက်မှုနှင့် အရင်းအနှီးက လာအိုနိုင်ငံ မြောက်ပိုင်း ပြည်နယ်များ ဖြစ်သည့် လုံနမ်းထာ Luang Namtha၊ အူဒုမ်စေး Oudomxay၊ ဘိုကေးယိုး Bokeo နှင့် ဖုန်စလီ Phongsaly ပြည်နယ်များတွင် ဦးတည်ထားခဲ့သည်။ ယခင်က စားလောက်ရုံ သာဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းများ ရှိခဲ့ရာ နယ်စပ်ဒေသကို ဈေးကွက်ကို ဦးတည်သော စိုက်ပျိုးရေး စီးပွားရေးအဖြစ် အသွင်ကူးပြောင်းနေသည်။

တချိန်က ဝေးလံသော ကျေးရွာတခု ဖြစ်ခဲ့ပြီး ယခုအခါ နယ်စပ် စီးပွားရေးဇုန်တည်ထောင်ရန် ရည်ရွယ်ထားသည့် နေရာ တခု ဖြစ်လာသော ဘိုတဲန် Boten သည် တရုတ်နိုင်ငံက တည်ဆောက်သည့် ရထားလမ်းသစ်၏ စမှတ်နေရာ ဖြစ်လာသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ မြို့တော် ကူမင်းနှင့် ထိုင်းနိုင်ငံမှ ချင်းရိုင်-ဘန်ကောက် Chiang Rai-Bangkok အဝေးပြေးလမ်းကို ဆက်သွယ်ထားသော ကီလိုမီတာ ၉၉၀ ရှည် အမြန်လမ်း၏ အစနေရာလည်း ဖြစ်သည်။

၁၉၆၀ နှစ်များ အစောပိုင်းက ထိုင်းနိုင်ငံမှ ကွန်မြူနစ် လက်နက်ကိုင်တပ်များကို ထောက်ပံ့ရန် တရုတ်နိုင်ငံက ဖောက်လုပ် ခဲ့သော လမ်းအတိုင်း ဖောက်လုပ်ခဲ့သည့် အဝေးပြေးလမ်းမက မဲခေါင်မြစ်ကို ဖြတ်သည့် ဘန်ဟွေးဆိုင်- ချင်းရိုင် Ban Houay Say-Chiang Rai တံတား ဖွင့်လှစ်ခြင်းနှင့်အတူ ၂၀၁၃ ခုနှစ်တွင် ပြီးဆုံးခဲ့သည်။ ရေကြောင်းလမ်း၏ ၄ ပုံ ၁ ပုံသာရှိသည်။

တရုတ်ကုမ္ပဏီများနှင့် ရွှေ့ပြောင်း အခြေချသူများအတွက် လမ်းကြောင်း ပွင့်သွားခြင်းနှင့်အတူ တောင်-မြောက် စီးပွားရေး စင်္ကြန်နှင့် နယ်စပ်လမ်းကွန်ရက်မှ အခြားသော အဆင့်မြှင့်တင်မှုများကြောင့် လာအိုနိုင်ငံက ၎င်း၏ မြောက်ပိုင်းဒေသတွင် အချုပ်အခြာ အာဏာကို တရုတ်လက်သို့ ပေးအပ်လိုက်ရခြင်းလားဟု ဝေဖန်သူများက မေးခွန်းထုတ်ခဲ့ကြသည်။

ပုဂ္ဂလိက ကုမ္ပဏီများက လောင်းကစားရုံများ တည်ဆောက်ခြင်းနှင့် အခြားသော ခရီးသွားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ မှုများ ပြုလုပ်ချိန်တွင် တရုတ်အစိုးရပိုင် ကုမ္ပဏီများက စိုက်ပျိုးရေး (အထူးသဖြင့် ရာဘာစိုက်ပျိုးခြင်း)၊ ရေအားလျှပ်စစ်နှင့် သတ္တုတွင်း (ကြေးနီ၊ ရွှေ၊ ဘော်ဆိုက်၊ ကျောက်မီးသွေး၊ သံဖြူ၊ သံ နှင့် သွပ်) လုပ်ငန်းများတွင် အာရုံစူးစိုက်ခဲ့ကြသည်။

တရုတ် ရင်းနှီးမြှုပ်နှံမှု၏ ၃ ပုံ ၁ ပုံ ကျော်က မဲခေါင် မြစ်လက်တက်များတွင် BOT စနစ်ဖြင့် တည်ဆောက်သည့် အသေးစား ရေအားလျှပ်စစ် စီမံကိန်းများသို့ ရောက်ရှိသွားရသည်။ ၂၀၀၄ မှ ၂၀၁၄ အတွင်း အင်ဒိုနီးရှားနိုင်ငံတွင် တရုတ်နိုင်ငံက ပါဝင် ပတ်သက်ခဲ့သော အပြစ်အနာအဆာ များလွန်းသည့် (ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေးစက်ရုံများကို အဓိက ထားသည့်) မီဂါဝပ် ၁၀၀၀၀ ထုတ်လုပ်ရေး စီမံကိန်းနှင့် သိသိသာသာ ကွဲပြားပါသည်။

သို့သော်လည်း အူဒုမ်စေး ပြည်နယ် အနောက်ပိုင်းမှ လျှပ်စစ် ဓာတ်အား ၉၂၀ ထုတ်လုပ်မည့် ပက်ဘန်း Pak Beng ဓာတ် အားပေးစက်ရုံ၊ အောက်ဖက် ရှာယာဘူရီ Xayaboury ပြည်နယ်မှ မီဂါဝပ် ၁၃၂၀ ထုတ်မည့် ပတ်လေး Pak Lay ဓာတ်အားပေးစက်ရုံနှင့် မီဂါဝပ် ၇၀၀ ထုတ်လုပ်မည့် ဆနာခမ် Sanakham ဓာတ်အားပေးစက်ရုံ အစရှိသော မဲခေါင် မြစ်ကြောင်း တလျှောက်တွင် ဆောက်လုပ်ရန် စီစဉ်ထားသည့် စီမံကိန်းများတွင် လည်း တရုတ်နိုင်ငံက အဓိက ငွေကြေးထောက်ပံ့သူ အဖြစ် ပါဝင်နေသည်။

ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု(အများအားဖြင့် ရေအားလျှပ်စစ်၊ သတ္တုတူးဖော်ရေး၊ ပို့ဆောင်ရေး နှင့် စိုက်ပျိုးရေး လုပ်ငန်းများတွင် ဖြစ်သည်) က ၂၀၀၅ မှ ၂၀၁၀ အတွင်းတွင် အင်အားကောင်းခဲ့ရာမှ ပြန်လည်နှေးကွေးသွား သော်လည်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၅.၃ ဘီလီယံ နှင့် လာအိုနိုင်ငံ၏ ရေအားလျှပ်စစ် အဓိက ဖောက်သည်ဖြစ်သော ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၄.၄ ဘီလီယံ တို့နှင့် ယှဉ်နိုင်ဆဲ ဖြစ်သည်။

ဗီယန်ကျန်း ပတ်တူဆေးပန်းခြံထဲက လာအိုသူတွေ

လာအိုနိုင်ငံတွင် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံး စီမံကိန်းမှာ တောင်ပိုင်း ခမ်းမိုနမ်း Khammounan ပြည်နယ်မှ အမေရိကန်ဒေါ်လာ ၅၂၂ သန်း တန် ပိုတက်(potash)စက်ရုံ ဖြစ်သော်လည်း ဗီယက်နမ် စစ်တပ်ပိုင် Viettel နှင့် Lao Asia Telecom တို့ ဖက်စပ်တည်ထောင်ထားသည့် Star Telecom ၏ Unitel ကွန်ရက်က လာအိုနိုင်ငံ တယ်လီဖုန်း ဆက်သွယ်ရေး ဈေးကွက်၏ တဝက်ကို ထိန်းချုပ်ထားပြီး နှစ်စဉ် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရှိသည်။

နောက်ထပ် အဓိကကျသည့် ရင်းနှီးမြှုပ်နှံမှုတခုမှာ ၂၀၁၆ ခုနှစ်တွင် ပြီးစီးခဲ့သည့် အမေရိကန် ဒေါ်လာသန်း ၂၄၀ တန်ပြီး ၁၉၀ ကီလိုမီတာ ရှည်လျားသည့် နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်း ဖြစ်သည်။ ထိုဓာတ်အားလိုင်းက အတာပူး Attapeu ပြည်နယ်တောင်ပိုင်းတွင် ဗီယက်နမ် နိုင်ငံ၏ ငွေကြေးထောက်ပံ့မှုဖြင့် တည်ဆောက်ခဲ့သော ရှီကမန်း Xekaman အမှတ် (၁) နှင့် အမှတ်(၃) ရေ အားလျှပ်စစ် စက်ရုံများနှင့် ဗီယက်နမ် အလယ်ပိုင်း ကုန်းမြင့်ဒေသ၏ မြို့တော် ပလဲကူး Pleiku ကို ဆက်သွယ်ထားသည်။

တရုတ်နိုင်ငံက ဘဏ္ဍာရေး အားသာချက် ရှိနေသည်က ထင်ရှားပါသည်။ သို့သော်လည်း တရုတ်နိုင်ငံ၏ ပြင်ပမှ တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုများ သဘောတူညီချက်များက လုံလောက်သည့် အကျိုးကျေးဇူး ပြန်လည်မရရှိမည်ကို တရုတ်ပြည်သူများက စိုးရိမ်ကြသလို အကယ်၍ စီမံကိန်းများ အောင်မြင်မှု မရှိခဲ့လျှင် အစိုးရပိုင် စီးပွားရေးလုပ်ငန်းများက တာဝန်မယူမည်ကို စိုးရိမ်နေကြသည်ဟု စီးပွားရေးပညာရှင်များက ပြောသည်။

နောက်ကွယ်တွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အသစ်များပါဝင်နေသော ခေတ်သစ်ပိုးလမ်းမ (One Belt, One Road) စီ မံကိန်း ပေါ်ထွက်လာပြီး ၂ နှစ်အကြာ ၂၀၁၅ ခုနှစ်တွင် တွေ့နေကြမဟုတ်သည့် ဝေဖန်သော အမြင်တခုကို မြင်ခဲ့ရသည်။ ဘေဂျင်း တက္ကသိုလ်မှ ပါမောက္ခ ယီပင်းဟွမ် Yiping Huang က ထိုကဲ့သို့ မဆင်မခြင် ငွေသုံးစွဲခြင်းမျိုးက အန္တရာယ်များသလို နိုင်ငံခြား အရံငွေကို ဖြုန်းတီးခြင်း ဖြစ်ကြောင်း ထောက်ပြခဲ့သည်။

နောင်လာမည့် ဆယ်စုနှစ်အတွင်းတွင် အရှေ့တောင်အာရှသည် အခြေခံ အဆောက်အဦးအတွက် အမေရိကန် ဒေါ်လာ ၈ ထရီလီယံ သုံးစွဲရန် လိုအပ်သော်လည်း သက်ဆိုင်ရာ နိုင်ငံအများအပြားသည် စွမ်းဆောင်ရည်နည်းပါးမှု သို့မဟုတ် အကျင့် ပျက်ခြစားမှုတို့ကြောင့် ထိုကဲ့သို့သော တန်ဖိုးကြီးသည့် ဖွံ့ဖြိုးရေး စီမံကိန်းများကို ဆောင်ရွက်နိုင်စွမ်း မရှိကြဟု ဝေဖန်သူ တို့က မှတ်ချက်ချကြသည်။

ထိုအယူအဆက လူသားအရင်းအမြစ် အကန့်အသတ်ရှိသော လာအိုနိုင်ငံအတွက် ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သို့သော် အင်ဒိုနီးရှားနိုင်ငံသည်လည်း တရုတ်နိုင်ငံက တည်ဆောက်ပေးမည့် ဂျကာတာ-ဘန်ဒေါင်း အမြန်ရထားလမ်း စီမံကိန်း အထမြောက်ရေးတွင် အခက်အခဲနှင့် ရင်ဆိုင်နေရသည်။ လာအိုနိုင်ငံ၏ ဘိုလဗန် ကုန်းမြင့်ဒေသတွင် အလားတူ တွေ့ရ မည်ဟု မျှော်လင့်ရသော မြေပြဿနာမျိုးကြောင့်ပင် ဖြစ်သည်။

တရုတ်နှင့် ဗီယက်နမ်တို့၏ ရင်းနှီးမြှုပ်နှံမှုများက သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံ အသိုင်းအဝိုင်းများ အပေါ်တွင် ဆိုးရွား စွာ သက်ရောက်ခဲ့ခြင်းက အထင်အရှားပင် ဖြစ်သည်။ တရားမဝင် သစ်ထုတ်လုပ်ခြင်းက လာအိုနိုင်ငံ၏ သစ်တောများကို ပြုန်းတီးစေခဲ့သလို ရေအားလျှပ်စစ် စီမံကိန်းများနှင့် စက်မှုလယ်ယာ စီမံကိန်းများကြောင့် ထောင်ပေါင်းများစွာသော ကျေး လက်ပြည်သူများ အခြေမဲ့ အနေမဲ့ ဖြစ်ခဲ့ကြရသည်။

သို့သော်လည်း IIAS မှ သုတေသီ ဒန်နီယယ်တန်၏ ၂၀၁၄ ခုနှစ်က သုတေသန စာတမ်းတခုတွင် လာအိုနိုင်ငံ၏ ကွန်မြူ နစ်ခေါင်းဆောင်များက သူတို့၏ မြောက်ပိုင်းမှ အင်အားကြီးသည့် အိမ်နီးချင်းကို ကြောက်ရွံ့မှု အနည်းငယ်သာ ရှိကြောင်း နှင့် လာအိုနိုင်ငံ နှင့် ကမ္ဘာ့စီးပွားရေး ကြားတွင် ကြားခံအဖြစ် ဆောင်ရွက်ပေးရန်အတွက် တရုတ်နိုင်ငံကို သူတို့က တန်ရာ တန်ကြေး ပေးနေခြင်း ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။

( Asia Times ပါ John McBeth ၏ Laos dances to survive between China and Vietnam ကို ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading