စီးပွားရေး

အစိုးရပိုင် စီးပွားရေး လုပ်ငန်းများ ရန်ကုန် စတော့အိတ်ချိန်းသို့ ဝင်ရောက်ရေး စီစဉ်မည်

Want create site? Find Free WordPress Themes and plugins.

အကျိုးအမြတ် ရရှိနေသော အစိုးရပိုင် စီးပွားရေးလုပ်ငန်းများအား ရန်ကုန် စတော့အိတ်ချိန်း (YSX) သို့ ဝင်ရောက်ရေး စီစဉ် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငွေကြေး သက်သေခံ လက်မှတ် ကြီးကြပ်ရေး ကော်မရှင် ဥက္ကဌ ဦးမောင်မောင် ဝင်း က ပြောသည်။

“အစိုးရရဲ့ စီးပွားရေး လုပ်ငန်း (State Economic Enterprises-SEE) တွေကို လွှတ်တော် ဘဏ္ဍာရေးနဲ့ ပေါင်းပြီး သုံးသပ် နေတာတွေ ရှိတယ်။ တချို့ တွက်ခြေမကိုက်လို့၊ ရှုံးပေမယ့်လည်း ပြည်သူ့အတွက် လိုအပ်တယ်ဆိုရင် အစိုးရ ပိုင်အဖြစ် ဆက်လုပ်မယ်။ တချို့ကတော့ မြတ်တယ်၊ အစိုးရပိုင် ဆက်မလုပ်ဘူး၊ ပုဂ္ဂလိကနဲ့ ပေါင်းမယ်။ တချို့ ပုဂ္ဂလိက ကိုပဲ လုံးလုံးလွဲှပေးသင့်တယ် ဆိုတာမျိုးတွေကို ပြန်သုံးသပ်နေတယ်” ဟု ၎င်းက ပြောဆိုသည်။

ဆက်လက်၍ “ဒါတွေ သုံးသပ်ပြီးသွားရင် တချို့လုပ်ငန်းတွေက အစိုးရ ရှယ်ယာလည်း တချို့တဝက်ပါမယ်။ အများ ပြည်သူ ရှယ်ယာခေါ်ပြီး စတော့အိတ်ချိန်းမှာ ဝင်ပြီးတော့ လုပ်ခိုင်းမယ်”ဟုလည်း ဦးမောင်မောင်ဝင်း က ပြောကြား သည်။

ယခုလ ၂၅ ရက်က နေပြည်တော် Kempinski Hotel တွင ်ပြုလုပ်သော မြန်မာနိုင်ငံ အရင်းအနှီး ဈေးကွက် ဖွံ့ဖြိုး တိုးတက်ရေး အတွက် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ အစိုးရတို့ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ ရှင်းလင်းပွဲတွင် ပြောကြားခြင်း ဖြစ်သည်။

YSX သို့ ဝင်ရောက် လာနိုင်မည့် အစိုးရပိုင် လုပ်ငန်းများ ဖြစ်သော စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍ အစရှိသော အကျိုး အမြတ် ရရှိနေသည့် ကဏ္ဍပေါင်းစုံမှ လုပ်ငန်းများ ဝင်ရောက် လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ဥပမာ စက်မှုကဏ္ဍဆိုရင် မြန်မာ့စီးပွား လုပ်ငန်းက အမြတ်ရနေတယ်။ ဒီလိုအမြတ်ရနေတဲ့ လုပ်ငန်းကို အစိုးရပိုင် ချည်းပဲ မလုပ်ဘဲနဲ့ အစိုးရရှယ်ယာ၊ အများပြည်သူ ရှယ်ယာနဲ့ လုပ်မယ့် ပုံစံမျိုးကို အတည်ပြုလိုက်ပြီ ဆိုရင် ရင်းနှီးမြှုပ်နှံမယ့် သူတွေကလာပြီး ဝယ်ကြမှာ။ အဲဒါမျိုး အလားအလာတွေ ရှိတယ်”ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုဝန်ကြီး လည်း ဖြစ်သော ဦးမောင်မောင်ဝင်း က ရှင်းပြသည်။

ယင်းအပြင် အစိုးရပိုင်ဆိုင်သည့် လုပ်ငန်းများမှာ စက်မှု ဝန်ကြီးဌာနတွင် အထည်ချုပ် လုပ်ငန်းကဲ့သို့ လုပ်ငန်း များစွာ ရှိနေပြီး ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍ၌လည်း ဂျပန်နှင့် ပူးပေါင်းလုပ်ဆောင်နေသော လုပ်ငန်းများ ရှိနေ၍ ယင်း လုပ်ငန်း များကို ရေရှည်တွင် အစိုးရပိုင်းအနေနှင့် လုပ်ကိုင်မည် မဟုတ်ဘဲ အစုရှယ်ယာများ ခေါ်ယူပြီး လုပ်ကိုင်ရမည် ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုဥက္ကဌ ဒေါက်တာ မောင်မောင်လေး က “အစိုးရပိုင် လုပ်ငန်းဆိုတာ နိုင်ငံ တော်တော် များများမှာ အောင်မြင်မှု မရှိဘူး။ ဒါက ဆိုရှယ်လစ်တို့ ကွန်မြူနစ်ဝါဒ တို့ အချိန်အခါမှာ လုပ်ကြတဲ့ဟာတွေ ပါ။ အောင်မြင်မှု သိပ်နည်းကြပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေ ခွက်ခွက်လန်အောင် ရှုံးတဲ့အတွက် ဘတ်ဂျက်လိုငွေ ဖြစ်သွားတာ တနိုင်ငံလုံး သိတယ်။ ဘာကြောင့်ရှုံးလဲ ဆိုတော့ ဗဟိုဦးစီး ချုပ်ကိုင်မှုကြောင့်”ဟု ပြောကြားသည်။

ကြိုးနီစနစ်များဖြင့် ဆင့်ကဲဆင့်ကဲ လုပ်ဆောင်နေရသောကြောင့် အစိုးရလုပ်ငန်းများမှာ အောင်မြင်သင့်သလောက် မအောင်မြင်ခြင်းနှင့် ဈေးကွက် စီးပွားရေး စနစ်တွင် အစိုးရပိုင် လုပ်ငန်း ဈေးကွက်ဝင်ရန် ခက်ခဲကြောင်းလည်း ၎င်းက ပြောသည်။

“အစိုးရပိုင်လုပ်ငန်းက ဈေးကွက် (Capital market) မှာ ဝင်မယ်ဆိုရင် သူ့လည်ပင်း သူကြိုးတပ်တာနဲ့ တူတယ်။ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာပဲ ရှိမယ်။ သူတို့က ဝင်တယ်ဆိုတာ ရင်းနှီးမြှုပ်နှံမှု ရချင်တာလေ။ ယုံကြည်မှု မရထားတဲ့ ဟာတွေကို ဘယ်သူက ပိုက်ဆံထည့်မှာလဲ၊ အစုရှယ်ယာထည့် ပြီးတော့ဝယ်မှာလဲ”ဟု ဒေါက်တာ မောင်မောင်လေး က ပြောသည်။

ယုံကြည်မှု ကင်းမဲ့နေသော အစိုးရပိုင် လုပ်ငန်းများကို ပုဂ္ဂလိက လုပ်ငန်းရှင်များ ကလည်း ပြိုင်ဘက်ဟု သတ်မှတ်မည် မဟုတ်နိုင်ကြောင်း၊ အခြားနိုင်ငံများတွင်လည်း အစိုးရလုပ်ငန်းများက အောင်မြင်မှု နည်းပါးကြောင်း ဆိုသည်။

မြန်မာနိုင်ငံတွင် အစိုးရပိုင်လုပ်ငန်း စုစုပေါင်း ၃၆ ခု ရှိနေပြီး ယင်း ၃၆ ခုထဲမှ ၁၀ ခုအောက်ကိုသာ နိုင်ငံပိုင် အဖြစ် ပြည့်ပြည့်၀၀ နှင့် ထားရှိမည်ဖြစ်ကာ ကျန်ရှိသော လုပ်ငန်းများကို ရှယ်ယာနှင့် လုပ်ကိုင်ခြင်း၊ ပုဂ္ဂလိကသို့ လွဲှပြောင်း ခြင်း တို့ို လုပ်ဆောင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ဆွေးနွေးနေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading