စင်ကာပူနိုင်ငံ၏ အမေရိကန် အိမ်ခြံမြေ လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုသည် တရုတ်နိုင်ငံကို ကျော်တက်သွားပြီး ထိုလုပ်ငန်းနယ်ပယ်တွင် အာရှတိုက်မှ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်လာသည်ဟု Bloomberg က ဇန်နဝါရီလ ၂၉ ရက်နေ့က ရေးသားသည်။
၂၀၁၂ ခုနှစ် နောက်ပိုင်း ထိုလုပ်ငန်းနယ်ပယ်တွင် စင်ကာပူက တရုတ်နိုင်ငံထက် ငွေပိုသုံးသည်မှာ ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည်ဟု Real Capital Analytics နှင့် Cushman & Wakefield တို့ကို ကိုးကားပြီး Bloomberg က ဖော်ပြသည်။
တကမ္ဘာလုံး အတိုင်းအတာ အရဆိုပါက စင်ကာပူသည် အမေရိကန် အိမ်ခြံမြေ လုပ်ငန်းတွင် ကနေဒါနှင့် ပြင်သစ်၏နောက် တတိယ အကြီးမားဆုံး မြှုပ်နှံသူ ဖြစ်သည်။
၂၀၁၇ ခုနှစ်တွင် စင်ကာပူသည် အမေရိကန် အိမ်ခြံမြေ လုပ်ငန်းတွင် အမေရိကန်ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံ မြှုပ်နှံပြီး ထိုနှစ် မတိုင်မီက ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံသာ မြှုပ်နှံခဲ့သည်။ ထိုနှစ်တွင် တရုတ်လုပ်ငန်းများသည် ဒေါ်လာ ၅ ဒသမ ၉ ဘီလီယံ မြှုပ်နှံပြီး ၂၀၁၆ ခုနှစ်က ၁၇ ဒသမ ၃ ဘီလီယံမှ သိသိသာသာ ကျဆင်းသွားသည်။
တရုတ်နိုင်ငံမှ ငွေကြေးဆိုင်ရာ စည်းကမ်း ထိန်းကျောင်းသူများက နိုင်ငံမှ ပြင်ပသို့ စီးဆင်းထွက်သော ငွေရင်းများ အပေါ် တင်းကျပ်ခဲ့ပြီးနောက် တရုတ်လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ၆၆ ရာခိုင်နှုန်း ကျဆင်းခြင်း ဖြစ်သည် ဟု Bloomberg က ဆိုသည်။
စင်ကာပူအစိုးရ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း GIC ၏ ဝယ်ယူမှုသည် မန်ဟက်တန်ရှိ အမှတ် ၆၀ ဝေါစထရိလမ်းရှိ အမေရိကန်ဒေါ်လာ ၉၈၈ သန်းတန် Deutsche Bank ၏ ဌာနချုပ်နှင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံတန် ကျောင်းဆောင်တဆောင် အပါအဝင် စင်ကာပူလုပ်ငန်းအားလုံး ရင်းနှီးမြှုပ်နှံမှု၏ ၄ ပုံ ၃ ပုံ ရှိသည်။ အမှတ် ၆၀ ဝေါစထရိလမ်းရှိ စီးပွားရေးလုပ်ငန်း အဆောက်အအုံသည် Deutsche Bank ၏ အမေရိကန်ရုံးချုပ် တည်ရှိရာ နေရာ ဖြစ်သည်။
GIC အပြင် အမေရိကန် အိမ်ခြံမြေကို ဝယ်သူသော စင်ကာပူလုပ်ငန်းများတွင် ဆောက်လုပ်ရေး လုပ်ငန်းများ၊ အိမ်ခြံမြေ ရင်းနှီး မြှုပ်နှံသူများနှင့် သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲသည့်လုပ်ငန်းများလည်း ပါဝင်သည်။
လွန်ခဲ့သော နှစ်က တကမ္ဘာလုံးရှိ အိမ်ခြံမြေဈေးကွက်တွင် စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုတ်နှံမှုသည် ၄၀ ရာခိုင်နှုန်း တိုးလာပြီး အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၄ ဘီလီယံရှိပြီး ၂၀၁၅ ခုနှစ်တင်ခဲ့သော စံချိန်ကို ချိုးခဲ့သည်။
“အမေရိကန် အိမ်ခြံမြေ လောကမှာ စင်ကာပူဟာ တခုတည်းသော အကြီးမားဆုံး အာရှရင်းနှီး မြှုပ်နှံမှု ရင်းမြစ် ဆက်လက် ဖြစ်နေမယ်လို့ ကျနော်တို့ ထင်တယ်” ဟု Cushman ၏ အာရှပစိဖိတ်ဆိုင်ရာ ငွေရင်းဈေးကွက် အမှုဆောင်ဒါရိုက်တာ ပရီရာရန်ဂျန်ကူးမား (Priyaranjan Kumar) က Bloomberg ကို ပြောသည်။