ရွှေ၊ လက်ဝတ်ရတနာ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်း(အချောထည်)များကို ပြည်ပသို့ တရားဝင် တင်သွင်း၊ တင်ပို့ခွင့်ရာတွင် အခွန်နူန်းထားမည်သို့ ကောက်ခံမည်ဆိုသည်ကို တိတိကျကျ မသိရသေးကြောင်း ပြည်တွင်း ကျောက်မျက် ရတနာကုန် သည်များက ပြောသည်။
ရွှေနှင့် လက်ဝတ်ရတနာ အချောထည်ပစ္စည်းများကို ပြည်ပသို့ တရားဝင် တင်သွင်း၊ တင်ပို့ခွင့်ကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းက “ဒါက ကောင်းတဲ့ အချက်တော့ ဖြစ်တယ်။ ဒါပေမယ့် သတင်းက ထုတ်ပြန်လို့သာ သိရတာ ရှိသေးတယ်။ ထဲထဲဝင်ဝင် မသိသေးဘူးဆိုတော့ အခွန်ဘယ်လောက် ကောက်မယ် ဆိုတာက လက်ရှိ အသေးစိတ် မသိသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ပြည်တွင်းမှ ရွှေမှာ တရုတ်၊ အိန္ဒိယ နိုင်ငံများသို့ နယ်စပ်မှ တဆင့် တရားမဝင် သွားနေသည်မှာ ဆယ်စုနှစ် တခုကျော်နေပြီဖြစ်ပြီး ယခုကဲ့သို့ တရားဝင်လုပ်ဆောင်မည် ဆိုလျှင် အစိုးရအနေဖြင့် အခွန်နူန်းထားများကို နိုင်ငံခြားသို့ တင်ပို့နိုင်သော နူန်းထားတခု ရှိသင့်ကြောင်း ၎င်းက သုံးသပ်ပြောသည်။
ဦးအောင်ဆန်းဝင်းက ဆက်လက်၍ “အခုဆိုရင် ရွှေဈေးတက်လာတယ်။ ကျပ် ၉သိန်း ၅ သောင်းပေါ့။ ကမ္ဘာ့ရွှေဈေးက ၉ သိန်း ၇ သောင်းလောက်ရှိရင် ရွှေက နိုင်ငံခြားကို ထွက်မှာပဲ။ တကယ်လို့ ကမ္ဘာ့ရွှေဈေးက ရှိတာ ကျပ် ၉ သိန်းလောက်ပဲ ရှိတာက မြန်မာရွှေဈေးက ကျပ် ၉သိန်း ၅သောင်းလောက်ရှိရင် ဟိုက ကီလိုပြားတွေ ဝင်လာမှာပဲ ဖြစ်တယ်” ဟု ပြောသည်။
သို့ဖြစ်၍ တရားမဝင် ပြည်တွင်းမှ ရွှေများကို တင်ပို့၊ တင်သွင်းမှုများပြုလုပ်နေရာမှ တရားဝင် တင်ပို့ ၊ တင်သွင်းခွင့်ပြု လုပ်ပေးမည် ဆိုလျှင် ကောင်းမွန်သော်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေနှင့် အခွန်နူန်းထားများ သတ်မှတ်ရာတွင် ရွှေထုတ်လုပ်သူများ၊ သယ်ယူပို့ဆောင်သူများ၊ လုပ်ငန်းရှင်များနှင့် ဆွေးနွေးပြီး သယ်ယူစရိတ်၊ ငွေလွှဲငွေပေးချေသည့် စနစ်များကို သေချာလေ့လာ၍ သတ်မှတ်ပေးသင့်ကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။
ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်) ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်က “ကျနော်ကတော့ သွင်းကုန် ရော ပို့ကုန်ရော လက်ခံတယ်။ အခွန်များများလိုချင်ရင် နည်းနည်းနဲ့ အကြိမ်ကြိမ်ရေ များများ ကောက်ပါလို့ အကြံပြုချင် တယ်။ အခွန်များလာရင် ကုန်သည်က မကိုက်ဘူး။ မကိုက်ရင် မသမာတဲ့ နည်းလမ်းတွေ ထွက်လာမယ်။ မှန်မှန်ကန်ကန်နဲ့ စိပ်စိပ်ကောက်မယ်ဆိုရင် လုပ်ငန်းရှင်တွေက ပေးကြမှာပဲဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “ကျောက်တွေဆိုရင် တော်တော်များများက အိန္ဒိယ၊ တရုတ်၊ ယိုးဒယားမှာ အများကြီး။ အဲဒီကို ရောက်သွားတဲ့ကျောက်တွေက မြန်မာအစိုးရ အခွန်ရလားဆိုတော့ ကျနော် ထင်တယ် မရဘူး။ ဘာလို့လဲဆိုတော့ အခွန် တွေက များလို့ဖြစ်တယ်။ အဲဒီတော့ အခွန်သာ နည်းနည်းကောက်မယ်ဆိုရင် အောက်လမ်းကနေ မသွားတော့ဘူး။ တရားဝင် ပို့ကြလိမ့်မှာဖြစ်ပါတယ်။ ကျနော်တို့ အခွန်နည်းနည်းနဲ့ သွားမယ်ဆိုရင် လက်စွပ်ကို ကျနော်တို့ ထောင်ချီပြီး ပို့နိုင်တယ်။ သောင်းချီပြီးလည်းပို့နိုင်တယ်” ဟု ပြောသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လုပ်ငန်းပါမစ် ချထားပေးသော်လည်း ကျန်ရှိသောဆက်စပ်နေသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ဖြစ်သော သတ္တုတွင်း ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ရှိ အကောက်ခွန်ဝန်ကြီးဌာနတို့မှ ပူးပေါင်းပါဝင်လုပ်ဆောင်သင့်ကြောင်း၊ ယင်းအပြင် ပြည်ပသို့ ရွှေ၊ လက်ဝတ်ရတနာ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများကို ပြည်သို့ တရားဝင် တင်သွင်း၊ တင်ပို့ရာ၌ အာမခံ စနစ်တခု ထားပေးသင့်ကြောင်း ၎င်းက ပြောသည်။
“ဥပမာ ကျနော်တို့ အိန္ဒိယသွားတယ်။ ရောက်တဲ့အခါ ကျနော်တို့ ဆွဲကြိုးတခုကို သြစတြေးလျက အမက ငါ ဒါလိုချင်တယ် ပြောတဲ့အခါ ကျနော်တို့က အိန္ဒိယက အာမခံ ဌာနတခုမှာ အပ်တယ်။ သြစတြေးလျက ကျနော့်အမဆီကို တန်းရောက် သွားတယ်။ ဒီလိုပဲ မြန်မာနိုင်ငံမှာ လုပ်နိုင်မယ်ဆိုရင် ဒီပစ္စည်းကို ပျောက်ခဲ့ရင် ဘယ်လောက်လျှော်ရမယ်ဆိုတဲ့ အာမခံ လိုတယ်။ ဒါဆိုရင် မြန်မာနိုင်ငံမှာ ထိုင်နေရင်း အလုပ်ဖြစ်မယ်။ အလုပ်အကိုင်အခွင့် အလမ်းတွေလည်း များလာမှာဖြစ် တယ်”ဟု ဦးဝင်းမြင့်က အာမခံစနစ်နှင့် ပတ်သက်ပြီး ရှင်းပြသည်။