စွမ်းအင် ငတ်မွတ်နေသော မြန်မာနိုင်ငံသည် ဓာတ်အားမလုံလောက်မှုများကို ဖြေရှင်းရန် ရည်မှန်းချက်ကြီးမားသော အစီအစဉ်အနေဖြင့် သဘာ၀ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်ပြီး ၂၀၂၁ ခုနှစ်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို ၂ ဆ တိုးမြှင့်သွားရန် စီစဉ်နေသည်ဟု အဆင့်မြင့်အရာရှိ ၂ ဦးက Reuters သတင်းဌာနသို့ ပြောသည်။
နိုင်ငံလူဦးရေ သန်း ၆၀ ၏ ၃ ပုံ ၁ ပုံသာလျှင် မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက် အသုံးပြုနိုင်ကြပြီး မြို့ကြီးများတွင် မကြာခဏမီးပြတ်တတ်သော မြန်မာနိုင်ငံသည် အလွန်လိုအပ်နေသော ပြည်ပရင်းနှီး မြှုပ်နှံမှုကို စွဲဆောင်နိုင်ရန် ဓာတ်အားထုတ်လုပ်မှု တိုးမြှင့်ရန် လိုအပ်နေသည်။
၂၀၁၆ ခုနှစ် မတ်လတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရတက်လာပြီးနောက် ယခုအစီအစဉ်သည် စွမ်းအင်အလုံလောက်မှုများကို ဖြေရှင်းရာတွင် အကောင်းဆုံး အစီအစဉ်ဖြစ်သည်။ သို့သော် အစိုးရသည် ရင်းနှီးမြှုပ်နှံသူများနှင် ဓာတ်အားဝယ်ယူရေး စာချုပ်များ မည်သို့ချုပ်ဆိုသည်ကို ဆက်လက်စောင့်ကြည့်ရန် လိုနေသေးကြောင်း ကျွမ်းကျင်သူများကပြောသည်။
အမေရိကန် ဒေါ်လာ ၅.၁၆ ဘီလီယံ အသုံးပြုပြီး ၂၀၂၁ ခုနှစ် မတိုင်မီ ဓာတ်ငွေ့သုံး စက်ရုံ ၄ ရုံကို မြန်မာနိုင်ငံအနှံ့အပြားတွင် တည်ဆောင်မည်ဖြစ်သည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အရာရှိ ၂ ဦးကပြောသည်။
ထိုစက်ရုံများသည် ဓာတ်အားထုတ်လုပ်မှုကို ၃၁၀၀ မဂ္ဂါဝပ် ထပ်မံ တိုးမြှင့်ပေးမည်ဖြစ်ပြီး လက်ရှိ ထုတ်လုပ်မှု ၃၀၀၀ မ ဂ္ဂဝပ်နှင့်ပေါင်းလျှင် ၂ ဆတိုးလာမည်ဖြစ်သည်။
“၂၀၂၁ ခုနှစ်ကိုရောက်ရင် နောက်ထပ် မဂ္ဂါဝပ် ၃၀၀၀ လောက်လိုလာမယ်။ ဒါကြောင့် လိုအပ်ချက်ကို ပြည့်မီအောင် ကျနော်တို့ အရှိန်မြှင့်လုပ်ဆောင်နေတယ်” ဟု စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်ကပြောသည်။
မြန်မာအစိုးရသည် သဘာဝပတ်ဝန်းကျင် လေ့လာစမ်းစစ်ခြင်းကဲ့သို့ အင်ဂျင်နီယာလုပ်ငန်းများ စတင်လုပ်ကိုင်ရန် ကုမ္ပဏီ ၆ ခုနှင့် လက်မှတ်ရေးထိုးထားသည်ဟု ထိုဝန်ကြီးဌာနမှ လက်ထောက် အတွင်းဝန် ဦးဇော်ဝင်းနိုင်ကလည်း ပြောသည်။
ထို ကုမ္ပဏီ ၆ ခုတွင် Total ၊ Siemens AG ၊ Zhefu Holding ၊ TTCL Public Company Ltd , Sinohydro Corporation နှင့် မြန်မာနိုင်ငံအခြေစိုက် Supreme Trading တို့ပါဝင်သည်။
ထိုစက်ရုံ ၄ ရုံကို အနောက်ပိုင်း ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန် အပါအဝင် နေရာများတွင် တည်ဆောက်မည်ဖြစ်ပြီး ထိုလုပ်ငန်း ၆ ခုထံမှ အစိုးရက ဓာတ်အားဝယ်ယူမည်ဖြစ်သည်ဟု ဦး ဇော်ဝင်းနိုင်က ပြောသည်။
ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ်များ ချုပ်ဆိုရေးအတွက် မြန်မာ အစိုးရသည် ကုမ္ပဏီ တခုချင်းစီ ဆွေးနွေးနေသည်ဟုလည်း ပြောသည်။ ထိုစက်ရုံများသည် ပြည်ပမှ တင်သွင်းလာသော သဘာ၀ ဓာတ်ငွေ့ရည်ကို အသုံးပြုမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ဓာတ်ငွေ့သိုက်များရှိသော်လည်း ကမ်းလွန်ထုတ်လုပ်မှု အများစုကို ပြည်ပသို့တင်ပို့ထားပြီးဖြစ်သည်။ ယခု စီမံကိန်းများအတွက် ရေပေါ်ဓာတ်ငွေ့ သိုလှောင်ရုံများနှင့် ဓာတ်ငွေ့ရည်များကို ဓာတ်ငွေ့ပြန်လည်ထုတ်လုပ်ရန် အလုပ်ရုံများကိုလည်း ထားရှိမည်ဟု ဦးစိုးမြင့်က ပြောသည်။
ထိုစီမံကိန်းမျာသည် အတိုင်းအတာအရ ရည်မှန်းချက် ကြီးမားသော်လည်း မရေရာမှုများရှိကြောင်း မြန်မာ့စွမ်းအင့်လေ့လာစောင့်ကြည့်ရေး – Myanmar Energy Monitor မှ သုတေသီ ဝဿန်ဦး ကပြောသည်။
“အရင်တုန်းကလည်း လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေး စီမံကိန်းတွေကို ကြေညာပြီး ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ်တွေ မချုပ်ဆိုနိုင်တာတွေ ဖြစ်ခဲ့တယ်။ အဲဒီတော့ စက်ရုံဆောက်မယ့်သူတွေက မဆောက်ကြတော့ဘူး” ဟု သူက ဆိုသည်။
မြန်မာနိုင်ငံသည် ၂၀၃၀ ခုနှစ်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို ၄ ဆကျော်တိုးမြှင့်ရန် ရည်ရွယ်ထားသော်လည် ထိုရည်မှန်းချက် အောင်မြင်ရေးမှာ မလွယ်ကူလှပေ။
(ရိုက်တာသတင်းထောက် Shoon Naing နှင့် Yimou Lee တို့၏ Myanmar to double electricity capacity by 2021 to fill power shortages ကို ဘာသာပြန်ဆိုသည်။)